ပြင်ဦးလွင်မြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပမည်

ပြင်ဦးလွင် ဇွန် ၂၄

 

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသားလူငယ်များအား စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန် ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပြင်ဦးလွင်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ၊ ကာယဉာဏပြိုင်ပွဲများဖြစ်သည့် ဉာဏ်စမ်းပဟေဠိ၊ စာဖတ်စွမ်းရည်၊ စက္ကူ‌ခေါက်၊ ရုပ်ပုံဆက်၊ ဆေးရောင်ခြယ်၊ ခွက်နင်းလမ်းလျှောက်၊ စက်ဝိုင်းလှည့်နှင့် မြှားပစ်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

ဆငက်

 

ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာကြမည်ဖြစ်ပြီး အဆိုပါပွဲတော်တွင် သုတ/ရသစာအုပ်များ ခင်းကျင်းပြသခြင်း၊ လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံများပြသခြင်း၊ ဖျော်ဖြေရေးပွဲများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပခြင်းနှင့် စတုဒိသာ အကျွေးအမွေးများလည်း ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)