ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် ထူးချွန်ဆုရဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာ၌ ပြီးခဲ့သည့်နှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်ညှိနှိုင်းသုံးသပ်၍ လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်သွားကြမည်ဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးပေါင်း ၄၃၅ ရုံးဖြင့် ဖွဲ့စည်းထားပြီးမီဒီယာအခန်းကဏ္ဍမှ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံလျက်ရှိသည့် ဌာနတစ်ခုဖြစ်ကြောင်း။

၂၀၂၂ ခုနှစ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ထူးခြားသောစွမ်းဆောင်နိုင်မှုများကို ပြသခဲ့သည့် နှစ်တစ်နှစ်ဟု ဆိုနိုင်ပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်စာပေပွဲတော်ကြီးကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အနုပညာရှင်များဖြင့် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကြီးကို နေပြည်တော်ရှိ လဟာပြင်ကဇာတ်ရုံကြီး၌ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကြီးကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC–2)၌ ကျင်းပပြုလုပ်ခဲ့ခြင်းနှင့် ဓာတ်ပုံပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ စသည်တို့ကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း။

ပြီးခဲ့သည့်နှစ်အတွင်း Digital Library စနစ်သို့အဆင့်မြှင့်တင်နိုင်ရန် Digital Library Mana-gement System(DLMS) အသုံးပြုနည်းသင်တန်းများကို ဖွင့်လှစ်နိုင်ခဲ့ပြီး Digital စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းခြင်းဝန်ဆောင်မှုကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သတင်းရေးသားပေးပို့နည်း သင်တန်း၊ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း စသည့်သင်တန်းများအပါအဝင် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာသင်တန်းများကို ၅၅၃ ကြိမ် ဖွင့်လှစ်ပို့ချနိုင်ခဲ့ကြောင်း၊ ထိုသို့ နှစ်စဉ်ဖွင့်လှစ်သည့် စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာသင်တန်းများမှတစ်ဆင့် တည်ငြိမ်မှု၊ ထိုးထွင်းသိမြင်မှု စသည့် အရည်အသွေးများရရှိအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များသည် စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်ရပါကြောင်း၊ ဆက်လက်၍လည်း ဝန်ထမ်းများက စည်းလုံးညီညွတ်မှုရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် အခက်အခဲတွေ့ကြုံနိုင်ကြောင်း၊ ထိုအခက်အခဲများကို စည်းလုံးညီညွတ်မှု၊ စွမ်းဆောင်ရည်ရှိမှုတို့ဖြင့် ကျော်လွှားကာ မိမိတို့ဆောင်ရွက်နေသည့်  မီဒီယာအခန်းကဏ္ဍကို ပြည်သူ့အတွက် အကျိုးရှိစွာအသုံးချတတ်စေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သတင်းပိုင်းဆိုင်ရာ၊  ဓာတ်ပုံပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာနှင့် ကဏ္ဍအလိုက် ထူးချွန်ဆုရရှိကြသည့် မြို့နယ်များနှင့် ဝန်ထမ်းများအား ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ခရိုင်အဆင့် သတင်းလွှင့်တင်ဖော်ပြခံရမှု ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိကြသည့် ခရိုင်ရုံးများကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြို့နယ်အဆင့်လုပ်ငန်းစွမ်းဆောင်ရည် ပထမဆုရရှိသည့် နတ်မောက်မြို့နယ်ရုံး၊ ဒုတိယဆုရရှိသည့် တောင်ဥက္ကလာပမြို့နယ်ရုံး၊ တတိယဆုရရှိသည့် တောင်သာမြို့နယ်ရုံး၊ အထူးဆုများရရှိသည့် ကျိုက်ထိုမြို့နယ်ရုံး၊ သီပေါမြို့နယ်ရုံး၊ လှိုင်းဘွဲ့မြို့နယ်ရုံး၊ ဒေးဒရဲမြို့နယ်ရုံးနှင့် ကျွန်းလှမြို့နယ်ရုံးတို့ကိုလည်းကောင်း၊ ခရိုင်အဆင့် လုပ်ငန်းစွမ်းဆောင်ရည် ပထမဆုရရှိသည့် လားရှိုးခရိုင်ရုံး၊ ဒုတိယဆုရရှိသည့် ဘားအံခရိုင်ရုံးနှင့် တတိယဆုရရှိသည့် ကျောက်ဆည်ခရိုင်ရုံးတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းစွမ်းဆောင်ရည်ထူးချွန်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးရုံးကိုလည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် ဆုရရှိသူများကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုကိုပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်