ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စစ်ကိုင်းမြို့တွင် ကျင်းပသည့်  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်အားပေး

 

စစ်ကိုင်း ဇွန် ၂

ကျောင်းစာကြည့်တိုက်များ   ဖွံ့ဖြိုးတိုးတက် စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည် အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်တို့ တက်ရောက် အားပေးသည်။

ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး  ပါဝင်ကူညီခဲ့သည့် ပန်းဖွားအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ တက်ရောက် လာကြသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

 ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းရှိ အသင်္ခယာခန်းမ၌ ဆက်လက် ကျင်းပရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာ ဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး “သုတဝေဖြာမျှဝေရာ ပညာ ဘဏ်တိုက် စာကြည့်တိုက် ဗီဒီယိုကလစ်ကို ပြသသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ယနေ့အချိန်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို တစ်နိုင်ငံလုံး၌ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း။

စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့်ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် အလေးထားအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကို မွေးမြူ၍ မိမိတို့ဘဝတိုးတက်အောင် ထူထောင် ကြရမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုလေ့လာပြီး အသိပညာမြင့်မားအောင် ကြိုးစား၍ လူရည်ချွန်လူရည်မွန်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာ ကဲ့သို့ဖြစ်နေပြီး နည်းပညာများ တစ်ဟုန်ထိုး တိုးတက်လျက်ရှိသဖြင့် ခေတ်နှင့်အညီ လိုက်ပါသင်ယူ ကြိုးစားနေရမည်ဖြစ်ကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် မူလတာဝန်အပြင် စာကြည့်တိုက်လုပ်ငန်းများကို အလေးထား၍ စီမံ ဆောင်ရွက်လျက်ရှိသကဲ့သို့ စာတတ်သူတိုင်း စာဖတ်ကြစေရေး နှိုးဆော်တိုက်တွန်းခြင်း၊ အသိ ပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် နေ့စဉ် စာဖတ်ရာ၌ သုတ/ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်းသမီးကောင်း ပညာရှင်များ ပေါ်ထွန်းရေးအတွက် ကြိုးစားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ကျေးရွာစာကြည့်တိုက် အသစ် ငါးတိုက်ဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ် သိန်း ၇၅၀ နှင့် ဒေသခံပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်စာစောင် ၁၆၅၀၀ တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူပြီး စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း ရှစ်ကျောင်းအတွက် DTH စလောင်းနှင့် DVB T2 Set Top Box ရှစ်စုံတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးက လက်ခံရယူသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝမ်းမြောက်စကားပြောကြားပြီး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအတွက် စာအုပ်/စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူသည်။

ဆက်လက်၍ နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် အဆိုတော် ယုန်လေး၊ အကယ်ဒမီ အုန်းသီး၊ ဒိန်းဒေါင်နှင့် ငြိမ်းချမ်းတို့က ဖျော်ဖြေတင်ဆက်ကြသည်။

 

mdn

 

ယင်းနောက် စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသူများက “ပန်းဥယျာဉ်ဝယ် ဆိုကြ ကကြမယ်” သီချင်းဖြင့်လည်းကောင်း၊ အထက(၁)စစ်ကိုင်း မှ ကျောင်းသူများက “အတုမရှိရွှေစစ်ကိုင်း သီချင်း ဖြင့်လည်းကောင်း၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူများက “အမျိုးသားစာပေ ယဉ်ကျေးမှု အမွေ သီချင်းဖြင့်လည်းကောင်း၊ အထက(ခွဲ)ရန်နိုင်မှ ကျောင်းသား ကျောင်းသူများ “မိုးဇာဗျော သီချင်းဖြင့်လည်းကောင်း၊ အထက(၁) ကျောင်းသား ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အကအဖွဲ့များအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ကာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး ပွဲတော်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာ ပြခန်းများ၊ ဓာတ်ပုံပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများ ကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေးကိစ္စများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။ ဆွမ်းဦးပုည ရှင်စေတီတော်ကြီးကို လွန်ခဲ့သော ကိုးနှစ်ခန့်က လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပြီး ယခုအခါ ရွှေသင်္ကန်းပြန်လည် ကပ်လှူပူဇော်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် စေတီတော်ကြီးသို့ လာရောက်သည့် ဘုရားဖူးပြည်သူများ အဆင်ပြေစွာ တည်းခိုနိုင်ရေးအတွက် ရွှေတောင်ရိုး မိုတယ်ဖွင့်လှစ်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်