ပန်းခြံများစိမ်းလန်းစိုပြေရေး  ရန်ကုန်မြို့တော်ဝန်  ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဩဂုတ်  ၂၃

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ‌ရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် တာဝန်ရှိသူ များနှင့်အတူ  ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်-ပြည်လမ်း အင်လျားကန်ပေါင်၌ အများပြည်သူ ကိုယ်လက် လှုပ်ရှားအားကစားပြုလုပ်နေမှု၊ မြေယာရှုခင်းဆောင်ရွက်ထားရှိမှု၊ အင်လျားကန်ရေမြောင်း ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက်  မြို့တော်ဝန်နှင့်အဖွဲ့သည်  မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ်နှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီးအကြား မင်္ဂလာကန်သို့သွားရောက်၍ မင်္ဂလာကန်ရေပိုလွှဲ Spill Way မှ ရေအခြေ အနေ၊ စိုက်ပျိုးထားသောပန်းအလှပင်များ စိမ်းလန်းနေမှုနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး‌‌ ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်‌ဆေးသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်ရှိ ရန်ကုန်မြို့တော်ဂေါက်ကွင်းအတွင်း Tee ခုံများ၊ Fair Way များ၊ Green များစနစ်တကျ ထိန်းသိမ်းထားမှုနှင့် အင်းစိန်မြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်ရှိ နံ့သာမြိုင်ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှု၊ အလှပန်းပင်များပုံဖော်နေမှုတို့ကို ကြည့်ရှု စစ်ဆေးကာ ပန်းခြံရှေ့၌ အလှဆင်လျှောက်လမ်းခင်းရန် မှာကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်မြို့နယ် ပြည်လမ်းနှင့် လှိုင်တက္ကသိုလ် နယ်မြေအဝင်ကြား အင်းလျားကန်စပ်တစ်လျှောက် လူသွားစင်္ကြံ၊ စက်ဘီးလမ်းနှင့် အရိပ်ရပင်များ စိုက်ပျိုးထားရှိမှု၊ လှိုင်တက္ကသိုလ်နယ်မြေအတွင်း မြကန်သာပျိုးခြံ၌ ပန်းအလှပင်များနှင့် အရိပ်ရပျိုးပင်တစ်သိန်းကျော် စိုက်ပျိုးထားရှိမှု၊ စမ်းချောင်းမြို့နယ် ပဒုမ္မာဥယျာဉ်ပန်းခြံ ခြံစည်းရိုးပြုပြင်နေမှု၊ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပန်းခြံအတွင်း အပင်များစိမ်းလန်းပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရေး မှာကြားသည်။

(သတင်းစဉ်)