ပန်ကရိယကင်ဆာကုသရာတွင် ကင်ဆာ၏ ဆေးယဉ်ပါးမှုကို သုံးမျိုးစပ်ဆေးဖြင့်  ကျော်လွှားနိုင်တော့မည်ဖြစ်ကြောင်း  ဆေးသိပ္ပံပညာရှင်များက ထုတ်ပြန်သည်။

လက်ရှိ ပန်ကရိယကင်ဆာကုထုံးမှာ ကင်ဆာအကျိတ်၏ ဆေးယဉ်ပါးမှုမြန်ဆန်ခြင်းကြောင့် လအနည်းငယ်မျှသာ အကျိုးသက်ရောက်မှုရှိနေသည်။ စပိန်အမျိုးသား ကင်ဆာဌာနမှ သုတေသီများကကြွက်များကို စမ်းသပ်ရင်း သုံးမျိုးစပ်ဆေးကုထုံးဖြင့် ကုသလျှင်  ပန်ကရိယကင်ဆာ၏ ဆေးယဉ်ပါးမှုကို တားဆီးနိုင်မည်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

ပန်ကရိယကင်ဆာသည် အဖြစ်အများဆုံး ကင်ဆာအမျိုးအစားတစ်ခုဖြစ်သည်။ စပိန်တစ်နိုင်ငံတည်းမှာပင် နှစ်စဉ် ပန်ကရိယကင်ဆာဝေဒနာရှင် တစ်သောင်းကျော် တိုးပွားလျက်ရှိသည်။ ကင်ဆာအဆင့်မြင့်ချိန်တွင်မှ တွေ့ရလေ့ရှိသောကြောင့် ထိရောက်သော ကုသမှုပြုလုပ်နိုင်ရန် အကန့်အသတ်ရှိသည်။ ပန်ကရိယကင်ဆာရှိကြောင်း တွေ့ရှိပြီးနောက် ငါးနှစ်အထိ အသက်ရှင် နေထိုင်နိုင်သူမှာ ၁၀ ရာခိုင်နှုန်းသာရှိသည်။  ထို့ကြောင့် ယခုတွေ့ရှိမှုက ထိုအကန့်အသတ်များကို   ကျော်လွှားနိုင်ရန်   ဆေးသိပ္ပံပညာရှင်များက  မျှော်လင့်လျက်ရှိကြသည်။

“ဒီတွေ့ရှိမှုက ပန်ကရိယကင်ဆာဝေဒနာရှင်တွေအတွက် ရှင်သန်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်မယ့်လမ်းကြောင်းကို ဖွင့်ပေးလိုက်တာပါ”ဟု အဆိုပါစာတမ်းတွင် ရေးသားထားသည်။ စပိန်အမျိုးသား ကင်ဆာဌာန လက်တွေ့စမ်းသပ်ကုသ ရေးအဖွဲ့ခေါင်းဆောင် မာရီယာနို ဘာဘာဆစ်က “ကျွန်တော် တို့အနေနဲ့ ဒီသုံးမျိုးစပ်ဆေးကုထုံးကို လူနာတွေမှာ စမ်းသပ်ကုသနိုင်မယ့်အနေအထားမျိုး မရှိသေးပါဘူး”ဟု ဆိုသည်။

Ref: scitechdaily.com