ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူထားတဲ့ ပုံစံဖြည့်ဖို့အတွက်ကိုတောင် အင်မတန်ခက်ခဲနေတဲ့ အခြေအနေမျိုးတွေကို နေရပ်စွန့်ခွာသူတွေမှာ ရင်ဆိုင်နေရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ပြောကြား

၁၅ နိုဝင်ဘာ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသောစာရင်းအရ နေရပ်စွန့်ခွာသူ ၂၂၅၁ ဦးကို ပထမအသုတ်အဖြစ် ပြန်လည်လက်ခံရေးအတွက်  အဆင့်သင့် စောင့်ဆိုင်း နေခဲ့ကြသော်လည်း ယနေ့ညနေပိုင်းအထိ ပြန်လည်ဝင်ရောက်လာခြင်းမရှိကြောင်း သိရသည်။

 

နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာခြင်းမရှိသည့်ကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို  တင်ပြလိုက်ရပါသည် -

 

“ကျွန်တော်တို့ ဒီနေ့ တောင်ပြိုလက်ဝဲကို ရောက်ရှိလာတာကတော့ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးကိစ္စအတွက်ဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုထားတာရှိပါတယ်။ သဘောတူညီချက်တွေရှိပါတယ်။ အဲဒီသဘောတူညီချက် တွေအတိုင်း နေရပ်စွန့်ခွာသူတွေကို စည်းနဲ့ကမ်းနဲ့ စနစ်တကျ ပြန်လည်လက်ခံဖို့ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ ဒုက္ခသည်တွေရဲ့စာရင်းကို မြန်မာနိုင်ငံဘက်ကိုပို့ရင် ကျွန်တော်တို့ ဘက်ကနေ ပြန်လည်စိစစ်မယ်။ ဒီနိုင်ငံအတွင်းမှာ တကယ်နေခဲ့သူတွေဟုတ်သလား၊ အကြမ်းဖက်ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေ ပါသလားဆိုတာ စိစစ်ပြီးတဲ့အခါမှာ တစ်ဖက်နိုင်ငံကို ပြန်ပို့မယ်။

 

“အဲ့ဒီပြန်ပို့တဲ့စာရင်းအရ ကျွန်တော်တို့မှာ အဆင်သင့်ဖြစ်နေတဲ့ လက်ခံရေးစခန်းနှစ်ခုဖြစ်တဲ့ ရေလမ်း က ငါးခူရ၊ ကုန်းလမ်းက တောင်ပြိုလက်ဝဲ။ အဲဒီကနေတစ်ဆင့် တစ်ရက်ကို လူဦးရေ ၁၅၀ ပြန်ပို့မယ်ဆိုတာ နှစ်နိုင်ငံသဘောတူပြီးသားဖြစ်ပါတယ်။ အဲဒီလို ပြန်ပို့တဲ့နေရာမှာ Voluntary, Safe and Dignified ဆိုတာ ရှိပါတယ်။ သူတို့ရဲ့ဆန္ဒအလျောက်ပြန်လာတာဖြစ်ရမယ်။ နောက်ပြီးတော့ လုံခြုံစိတ်ချရပြီးတော့ ဂုဏ်သိက္ခာ ရှိတဲ့ ပြန်လာခြင်းမျိုးဖြစ်မယ်။ အဲဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ ပြန်လည်လက်ခံမယ်ဆိုတာ ပြောထားတယ်။ ဒီကိစ္စကို ပိုပြီးတော့ အဆင်ပြေချောမွေ့အောင် ဆိုပြီးတော့ ဆောင်ရွက်ထားတဲ့ကိစ္စတွေရှိပါတယ်။ အဲဒါကတော့ UNDP ၊ UNHCR တို့နဲ့ လက်မှတ်ထိုးထားတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ လက်မှတ်ထိုးပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ မြန်မာနိုင်ငံဘက်မှာလည်း ဆောင်ရွက်နေတာရှိပါတယ်။

 

“ဒီလိုဆောင်ရွက်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြီးပြည့်စုံတဲ့၊ စနစ်ကျတဲ့ ပြန်လည် လက်ခံရေး မျိုးဖြစ်အောင် ကျွန်တော်တို့ဘက်ကဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ဘက်က ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာ တွေကို ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက အဆင်သင့်ဖြစ်အောင်ဆောင်ရွက်ထားပါဆိုတဲ့အချက် အဲဒီစာချုပ်ထဲမှာပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဘက်က လက်ခံရေးစခန်းနှစ်ခုနဲ့ ယာယီကြားစခန်း တစ်ခုဖြစ်တဲ့ လှဖိုးခေါင်ကို အဆင်သင့်ဖြစ်အောင်ဆောင်ရွက်ထားရမယ်ဆိုတာကြောင့် ကျွန်တော်တို့ဘက်က ဇန်နဝါရီလ ၂၃ ရက်နေ့ ကတည်းကအဆင်သင့်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ဖက်နိုင်ငံကလည်း အဆင်သင့်ဖြစ် အောင် ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် သူတို့ဘက်က အဆင်သင့်မဖြစ်သေးတဲ့အခါ ပို့လို့ မရသေးဘူး ဖြစ်ခဲ့တယ်။ ပြီးတော့ နှစ်နိုင်ငံ Joint  Working  Group ဆိုတာရှိတယ်။ အဲဒီမှာ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနှစ်နိုင်ငံ သဘောတူဖွဲ့ စည်းထားတဲ့အဖွဲ့တွေရှိပါတယ်။

 

“အဲဒီအဖွဲ့နှစ်ဖွဲ့က ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စနဲ့ မကြာခဏ အစည်းအဝေး လုပ်တယ်။  အောက်တိုဘာလ ၃၀ ရက်နေ့က နောက်ဆုံးလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ကမ်းလှမ်း ချက်ရခဲ့တယ်။ အဲဒီကမ်းလှမ်းချက်က နိုဝင်ဘာလလယ်မှာ ပထမအသုတ်အနေနဲ့ ၂၂၅၁ ဦးကို ပြန်ပို့မယ်။  ကျွန်တော်တို့ဘက်က ပြန်လည်စိစစ်ပြီးသားတွေထဲက စာရင်းအရ ပထမအသုတ်အနေနဲ့ ပို့ပါမယ်လို့ သူတို့ ဘက်ကကမ်းလှမ်းတယ်။ အဲဒီလိုကမ်းလှမ်းတော့ မြန်မာဘက်ကလည်း ကျွန်တော်တို့ဘက်က အဆင့်သင့် ဖြစ်တာကြာပြီ ၊ ပြန်လည်လက်ခံရေးအတွက်  သဘောတူခဲ့တယ်။

 

“သဘောတူခဲ့တဲ့အတိုင်း ကြေညာတယ်။ ကျန်တဲ့နေရာတွေမှာလည်း သတင်းတွေဖြန့်ထားတာရှိတယ်။ တကယ်လည်းကျွန်တော်တို့မှာ အဆင်သင့်ဖြစ်တယ်။ အဆင်သင့်ဖြစ်မှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင် ပြီးခဲ့တဲ့အပတ်က တစ်ခေါက်လာကြည့်တယ်။ နောက်ကျန်တဲ့ စီစဉ်ဆောင်ရွက်မှုတွေ လုပ်ထားတာလည်း ရှိတယ်။ အဲဒီလို စီစဉ်ဆောင်ရွက်မှုတွေမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ဆိုတာဖြစ်လာတယ်။ အဲဒီလိုပဲ ပြီးခဲ့တဲ့  ၁၂ ရက်နေ့ကနေ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ   မြန်မာသံအမတ်ကြီးနဲ့ နှစ်ဖက်တွေ့ဆုံပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ မှာပို့မယ့် အစီအစဉ်ကို ဆွေးနွေးခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က အတိအလင်းပြောပါတယ်။ အဲဒီနေ့ကိုတော့ ပြန်ပို့မယ်။ ပြန်ပို့မယ့်အစီအစဉ်ရှိတယ်။ ပထမအသုတ်ကို ပြန်ပို့မှာနဲ့ပတ်သက်ပြီး အချိန်တွေသိချင်ပါတယ်။ ဒီဘက်က လက်ခံလို့ရမယ့်အချိန်ရယ်၊ နောက်ပြီးတော့ အဲဒီလိုပြန်ပို့တဲ့အခါမှာ ဒီဘက်မှာလည်း ဒီနေ့မှာ ပထမဦးဆုံးအသုတ်ဖြစ်တဲ့အတွက်ကြောင့် လက်ခံမယ့်သူတွေ၊ ဘယ်သူတွေ အကြီးအကဲတွေရှိသလဲ၊ အစစအရာရာညှိနှိုင်းတဲ့အခါကျတော့ ဒီဘက်က လည်း အကောင်းဆုံးကတော့ ရာသီဥတုအနေအထားအရ နံနက် ၇ နာရီကနေ ညနေ ၅ နာရီ မှာသင့်လျော် တယ်ဆိုတာ အကြောင်းပြန်ပြီးပြီ။

 

“လက်ခံဖို့နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ပြန်လည်လက်ခံရေးနဲ့ ပြန်လည် နေရာချထားရေး ကေ်ာမတီဆိုတာ ရှိတယ်။ အဲဒီမှာ လုပ်ငန်းကော်မတီနှစ်ခုရှိတယ်။ ပြန်လည်လက်ခံရေးကော်မတီနဲ့ ပြန်လည် နေရာချထားရေး ကေ်ာမတီရှိတယ်။ အဲဒီကော်မတီတွေမှာ ကော်မတီ ဥက္ကဋ္ဌတွေလည်းရှိနေမယ်။ အဲဒီကော်မတီနှစ်ခုမှာ ပြန်လည်လက်ခံရေးကော်မတီဥက္ကဋ္ဌကတော့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဖြစ်တယ်။

 

“ ပြန်လည်နေရာချထားရေးကော်မတီရဲ့ ဥက္ကဋ္ဌကတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါဝင်သလို ပြည်နယ် လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးလည်း ပါဝင်ပါတယ်။ အဲဒီတော့ ဟိုဘက်က လိုက်ပို့မယ့်သူ အပေါ်မှာမူတည်ပြီးတော့ ဒီဘက်ကလည်း ကြိုဆိုတဲ့ အစီအစဉ်ကိုလုပ်မယ်ဆိုတာပြောထားတယ်။  ဒီလိုစနစ်တကျ ဆောင်ရွက်နေတဲ့အချိန်  ၊  ဦးစီးဦးဆောင်ပြုတဲ့ သူတွေကတော့ ဒီဘက်က အဆင့်သင့် ဖြစ်နေမယ် ဆိုတာကိုလည်း နိုင်ငံတော်သမ္မတရုံး ကနေ စာထွက်ပေး တယ်။ ဒီမှာ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံမှာ ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ ကော်မတီအသီးသီးက တာဝန်ရှိသူများ ဒီကိစ္စကို အောင်မြင်အောင်ဆောင်ရွက်ဖို့ အစစ အရာရာ အဆင့်သင့်ဖြစ်တယ်။ အဆင်သင့်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့လည်း ဒီကိုရောက်ရှိနေ တာဖြစ်ပါတယ်။

 

“သတင်းစကားတွေအရ ဒီနေ့အဖို့ ပြန်ပို့ဖို့ စီစဉ်ဆောင်ရွက် တဲ့နေရာမှာ အဆင်သင့်မဖြစ်ဘူးဆိုတဲ့ပုံစံနဲ့ သတင်းကတော့ အမျိုးမျိုးကြားတယ်။ ပထမတော့ ပြန်မပို့ဖြစ်ဘူးလို့သတင်းကြားတယ်။ နောက် မွန်းလွဲ ၂ နာရီလောက်မှာ ဟိုဘက်ကနေပြီးတော့ ပို့မယ်ဆိုတဲ့သတင်းတွေ ရတယ်။ ဒီညနေပိုင်းအထိတော့ ရောက်မလာပါဘူး။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ ရှင်းလင်းပွဲ တစ်ခုကို ယနေ့မြန်မာစံတော်ချိန် ၄ နာရီခွဲလောက်မှာ လုပ်မယ် ဆိုတာလည်း ကြားသိရပါတယ်။ အဲဒီသတင်း ပေါ်မှာ မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်ရပါမယ်။

 

“ဒါကိုခြုံပြီးတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဆောင်ရွက်နေတာတွေဟာ နှစ်နိုင်ငံ သဘောတူညီချက်အရ တကယ့်ကို စနစ်ကျတဲ့ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးဖြစ်ဖို့ ဆောင်ရွက်တယ်။ စနစ်ကျဖို့ဆိုတာကျွန်တော်တို့ နှစ်နိုင်ငံသဘောတူညီချက်ထဲမှာပါတဲ့ Voluntary, Safe and Dignified ဖြစ်ရမယ်ဆိုပြီးတော့ လက်ခံဖို့လုပ်ထားတယ်။ အဲဒီအတိုင်းပဲလက်ခံဖို့လုပ်ထားတယ်။ တစ်ဖက် ကလည်း စာရင်းဇယားတွေနဲ့ ကျကျနနပို့တဲ့နေရာမှာ သူတို့သည် အဲဒီလိုစနစ်တကျဆောင်ရွက်ထားလိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ အဲဒီလိုဆောင်ရွက်ထားတာကိုလက်ခံရတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ပြန်ပို့မယ့်သူတွေဟာ လည်း စနစ်တကျ ပြန်ပို့မယ်ဆိုတာလည်း ယူဆထားတဲ့အတွက်ကြောင့် ဒါကိုလက်ခံတာဖြစ်ပါတယ်။ ပြန်လည်လက်ခံမယ်ဆိုတာကို လပေါင်းများစွာကတည်းက သဘောတူညီပြီး သားဖြစ်တဲ့အတိုင်း ပြန်လည်လက်ခံဖို့ကို အဆင်သင့်ဖြစ်အောင်ဆောင်ရွက်ထားပြီးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်တဲ့အလုပ်တွေကိုတော့ ကျေကျေပွန်ပွန်ဆောင်ရွက် နေတယ်လို့ပြောရပါမယ်။

 

“နောက်တစ်ခုကတော့ အခု  (၃၃) ကြိမ်မြောက်အာဆီယံခေါင်းဆောင်များအစည်းအဝေးကို စင်ကာပူ နိုင်ငံမှာ လုပ်နေတယ်။ အဲ့ဒီအာဆီယံအစည်းအဝေးမှာ ခေါင်းဆောင်ကြီးတွေရဲ့ အာဆီယံ Chairman Statement ဆိုတာထုတ်ပြန်တယ်။ အဲဒီထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ခဲ့တဲ့အထဲက အပိုဒ် ၃၇ မှာ မြန်မာနိုင်ငံမှာရှိတဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေမှာ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချ ထားရေး လုပ်ငန်းဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံကနေ အာဆီယံခေါင်းဆောင်တွေကို ရှင်းလင်းတင်ပြတာတွေရှိတယ်။ အာဆီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်မှု တွေမှာ ပူးပေါင်းပါဝင်ကူညီမယ်လို့ ပြောတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံကလက်ရှိဆောင်ရွက်နေတဲ့ ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ပတ်သက်လို့ ပံ့ပိုးကူညီတဲ့နေရာမှာ အာဆီယံရဲ့ ရပ်တည်နေမှု၊ အသိအမှတ်ပြုမှုကိုလည်း ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံနဲ့ အာဆီယံဆက်သွယ်တဲ့နေရာမှာ AHA Centre ဆိုတာရှိတယ်။

 

“လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့ AHA Centre ဆိုတာက အာဆီယံ ၁၀ နိုင်ငံ ပူးပေါင်းပြီးတော့ အင်ဒိုနီးရှားနိုင်ငံမှာ ထူထောင်ထားတဲ့ ဌာနတစ်ခုဖြစ်တယ်။ အဲဒီစင်တာမှာ အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေပါဝင်တဲ့ အုပ်ချုပ်မှုအဖွဲ့ဆိုတာရှိတယ်။ အဲဒီအုပ်ချုပ်မှုအဖွဲ့နဲ့ အုပ်ချုပ်မှုအဖွဲ့ မှာပါဝင်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ဦးဆောင်ပြီးတော့ Video Conferencing မကြာခင်ကလုပ်ခဲ့တယ်။ အဲဒီမှာလည်း (၃၃) ကြိမ်မြောက် အာဆီယံခေါင်းဆောင်များအစည်းအဝေးရဲ့ ထုတ်ပြန်ချက်အပေါ်မှာမူတည်ပြီး တော့ အဲဒီအုပ်ချုပ် မှု အဖွဲ့မှာပါဝင်တဲ့ အာဆီယံ ၁၀ နိုင်ငံကခေါင်းဆောင်တွေလည်း မြန်မာနိုင်ငံကိုလာဖို့ သဘော တူညီပြီးဖြစ်တယ်။

 

“အဲဒီလိုလာတယ်ဆိုတာ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ပတ်သက်လို့ အသိအမှတ်ပြု ပေးပါမယ်ဆိုပြီးတော့ ကိုယ်စားလှယ်တွေကို မကြာခင်မှာ လွှတ်ဖို့အတွက်စီစဉ်နေပြီဖြစ်ပါတယ်။ မကြာခင်မှာ စေလွှတ်ပါလိမ့်မယ်။ အဲ့ဒီအပြင် ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရမယ့် အစီအစဉ် တွေအတွက်ကို အဖွဲ့ထပ်ဖွဲ့ပြီးတော့ အာဆီယံကလာဦးမယ်။ အဲဒီတော့ အာဆီယံသည် မြန်မာနိုင်ငံရဲ့ လက်ရှိလုပ်ဆောင်မှုတွေ အပေါ်မှာ ထောက်ခံတယ်။ ပါဝင်ပူးပေါင်းကူညီဆောင်ရွက်တယ်။ ရပ်တည်မှုရှိ နေတယ်ဆိုတာ ပြတာဖြစ်ပါတယ်။  ကျွန်တော်တို့ဘက်က လုပ်ဆောင်စရာရှိတာတွေဟာ အကုန်လုံးလုပ် ဆောင်ပြီးပါပြီ။ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ သတ်မှတ်ထားတဲ့ စည်းစနစ်ကျတဲ့ ပြန်လည်ပို့ဆောင်ရေး မျိုးကို ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ပါဝင်ပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ ပြီးပြည့်စုံတယ်လို့ ဆိုရပါမယ်။ နိုင်ငံတကာနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ရှိမယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

 

“နေရပ်စွန့်ခွာသူတွေ ပြန်လည်ဝင်ရောက်မလာတာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ချောချောမွေ့မွေ့ လုပ်ဆောင်ရတဲ့ လုပ်ငန်းတစ်ခုတော့မဟုတ်ဘူး။ အနှောင့်အယှက်အဟန့်အတားတွေလည်း ရှိနေပါတယ်။ ဒါတွေ အားလုံးလည်းသိကြပါတယ်။ ဟိုဖက်တစ်ဖက်က ဒုက္ခသည်တွေဘက်က ပြန်ကြည့်ရင် အမျိုးအစား အားဖြင့် သုံးမျိုးရှိပါတယ်။ တစ်မျိုးကတော့ သူတို့က ဟိုဘက်မှာ ဒုက္ခသည်တွေအတွက် ပံ့ပိုးကူညီမှုကို ဘင်္ဂလားဒေ့ရှ်ဘက်မှာ အများကြီးရတယ်။ တစ်နေ့တစ်နေ့ကို တစ်ယောက်ချင်းစီမှာ ဝင်ငွေတွေက ပေး နေတာတွေရှိတယ်။ ထောက်ပံ့မှုတွေလည်းရှိနေကြတယ်။ တချို့ကလည်း အသံတွေလွှင့်နေကြတယ်။ ဘယ်နိုင် ငံက ဘယ်လောက်ခေါ်မယ်တို့ကြားနေရတာတွေရှိတယ်။ ဒါကလည်း ပြန်လာဖို့နှောင့်နှေးတဲ့အချက်ထဲမှာ တစ်ချက်ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ပြီးခဲ့တဲ့ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် လူ့အဖွဲ့အစည်း နှစ်ခု သဟဇာတမဖြစ်ဘူးဆိုတာကလည်း နှစ်ပေါင်းများစွာကတည်းကဖြစ်တယ်။ ဒါကိုလည်း ကျွန်တော်တို့ ညှိနှိုင်း ဖို့လည်း ကြိုးစားပါတယ်။ 

 

“တကယ်တော့ ရဲစခန်းပေါင်း ၃၀ ကျော်အကြမ်းဖက်မှုဖြစ်ပြီးနောက်ပိုင်း ဒီအလုံးအရင်း နဲ့ထွက်သွား လောက်အောင်ဖြစ်ရတဲ့ကိစ္စတွေဟာ တဖြည်းဖြည်းသွားကြတာဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အစိုးရ စတက်ကတည်းက ဒီအကြောင်းအရင်းကို ဖော်ထုတ်ဖို့အတွက် ကိုဖီအာနန်ကော်မရှင်က အကြံပြုချက် တွေကို ယူတယ်။ ဒါကိုစတင်အကောင်အထည်ဖော်ဖို့ ကြိုးစားစဉ်အခါမှာပဲ ARSA ရဲ့ တိုက်ခိုက်မှုတွေကလည်း ဖြစ်ပေါ်လာတယ်။ အဲဒီနောက်ပိုင်းဖြစ်စဉ်တွေထဲကနေ တဖြည်းဖြည်းရွေ့လျားသွားကြတာတွေရှိတဲ့အတွက် အဲဒီ ARSA တိုက်ခိုက်မှုဖြစ်စဉ်မှာလည်း အပြစ်မဲ့တဲ့ရွာသူ၊ ရွာသားတွေ အများကြီး ဓားစာခံဖြစ်တယ်။  သူတို့တွေပါ ပါဝင်အောင်စည်းရုံးသွေးဆောင်သွားတဲ့ ကိစ္စတွေကြောင့် တချို့လည်း အကြမ်းဖက်သူ စာရင်းဝင်နေတယ်။

 

အဲဒီအတွက်ကြောင့်  သူတို့နဲ့ဆက်စပ်နေသူတွေဟာ  ပြန်လာဖို့ အခက်အခဲရှိနေလိမ့်မယ်။ ဒါမျိုးတွေရှိ နေတာလည်းဒုတိယအကြောင်းရင်းတစ်ချက်ဖြစ်နိုင်တာပေါ့။ အဲဒါကြောင့်နောက်ထပ်လည်းဖြစ်နိုင်တဲ့ အကြောင်းတွေကတော့ ဒီကိုပြန်လာချင်တဲ့သူတွေရှိတယ်။ ကျွန်တော်တို့ကိုလည်း တိုက်ရိုက် Viber တွေနဲ့ ဆက်သွယ် နေတယ်။ ကျွန်တော်တို့ ပြန်လာချင်နေပါပြီ။ ပြန်လာဖို့အခက်အခဲတွေရှိပါတယ်။ ပြန်လာဖို့အတွက် ပုံစံဖြည့်ဖို့တောင်ခက်ခဲပါတယ်။ ပုံစံဖြည့်မယ်ဆိုရင် အနှောင့်အယှက်တွေပေးပါတယ်။ အာဆာနဲ့ပတ်သက်တဲ့ သူများကနေပြီးတော့ မပြန်ဖို့ ဟန့်တားတာတွေရှိတယ်။ နှိပ်စက်တာတွေရှိတယ်။ သတ်ဖြတ်တာတွေရှိတယ်။ ဒါတွေလည်းအားလုံးကြားမှာပါ။ အဲဒီလိုသတင်းမျိုးတွေကိုလည်း သူတို့ဆီကနေ တိုက်ရိုက်ပို့တာရှိပါတယ်။ သူတို့ပြန်လာချင်သော်လည်း မပြန်လာရဲ့ဘူးဆိုတဲ့သဘောတရားတွေရှိနေပါတယ်။ ဒါတွေကလည်း သူတို့ပြန် လာဖို့အနှောင့်အယှက်တွေဖြစ်နေတယ်။

 

“နောက်တစ်ခုက တကယ်ကို  နှစ်နိုင်ငံသဘောတူထားတဲ့ ပုံစံဖြည့်ဖို့အတွက်ကိုတောင် အင်မတန် ခက်ခဲနေ တဲ့အခြေအနေမျိုးတွေကိုလည်း နေရပ်စွန့်ခွာသူတွေရင်ဆိုင်နေရတယ်။ ဒါတွေလည်းပါနိုင်တယ်။ ကျွန်တော်တို့ ဆိုလိုတာ ကတော့ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေ အောင်မြင်ဖို့ အတွက် ဒီလောက်လပေါင်းများစွာအချိန်ရနေတဲ့အတွင်းမှာ မဖြစ်လာဘူးဆိုတဲ့ကိစ္စများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပူးပေါင်း ဆောင်ရွက်မှုတွေလိုပါသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ သူတို့လည်း ဆန္ဒရှိလို့ ကြိုးစားတာပေါ့။ တကယ့်တကယ် အောင်မြင်အောင်ကြိုးစားဖို့တော့လိုသေးတယ်။

 

“နောက်တစ်ခါ UNHCR ရဲ့ ပါဝင်မှုက အခု ဒီစာရင်းတွေပေးလိုက်တဲ့အခါမှာ ကျွန်တော်တို့ ပြန်ပို့ထားတဲ့စာရင်းအင်းတွေကို UNHCR ကိုလည်း ပေးထားတယ်လို့ပြောတယ်။ UNHCR က ကျွန်တော်တို့နဲ့ သဘောတူညီမှုလက်မှတ်ရေးထိုးပြီးဖြစ်တဲ့အတွက်ကြောင့် ဒါကိုမြန်မြန်ထက်ထက်နဲ့ ပူးပေါင်းပါဝင်ကူညီဆောင် ရွက်ပေးလိုက်မယ်ဆိုရင် ဒါက အမြန်ဖြစ်သွားမှာ သေချာပါတယ်။ အဲဒီလိုမျိုးပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။

 

“ ကျွန်တော်တို့ဘက်က ရေရှည်ပဋိပက္ခကင်းဝေးဖို့နဲ့ လုံခြုံဖို့အတွက် အကုန်လုပ်ထားတယ်။ ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်နေတယ်ဆိုတာတွေအကုန်လုံးဟာ ခြုံကြည့်မယ် ဆိုရင် ဒီတစ်ပြည်နယ်လုံး တည်ငြိမ်အေးချမ်းရေးနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးအတွက်တွေချည်း လုပ်ထားတာဖြစ်ပါတယ်။ အဲဒီအတွက်ကို အကောင်အထည်ဖော်ပြီးဖြစ်တဲ့အတွက်ကြောင့် မယုံကြည်စရာအကြောင့်လည်းမရှိဘူး၊ ကျွန်တော်တို့ ဘက်ကလည်းအဆင်သင့်ဖြစ်နေတယ်။ အဲဒီမှာ ဦးစားပေးဆောင်ရွက်နေတဲ့ နိုင်ငံသားဖြစ်မှုတို့ ၊ လွတ်လပ်စွာ သွားလာခွင့်တို့ ၊ အရင်တုန်းက ဒုက္ခသည်စခန်းအဟောင်းတွေပိတ်သိမ်းရေးတို့တွေကို UNHCR နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်။ အဲဒီမှာလည်း UN ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအများကြီးပါဝင်ပါတယ်။ Camp တွေ ပိတ်သိမ်းရေးကိုလည်း စည်းနဲ့ကမ်းနဲ့ နိုင်ငံတကာအဆင့်မီဖြစ်အောင်ဆိုပြီးတော့ အမျိုးသား မဟာဗျူဟာ စီမံကိန်းတွေကိုရေးဆွဲနေတာတွေလည်း ပြီးပါတော့မယ်။

 

“မိတ်ဆွေနိုင်ငံတွေကလည်း ပူးပေါင်းပါဝင်နေတယ်။ ကျွန်တော်တို့ဘက်ကနေပြီးတော့ ဒီလို အခြေအနေကောင်းတွေကို ဖန်တီးပြီးတော့ နဂိုထက်ကောင်းမွန်တဲ့ အခြေအနေတွေဖြစ်အောင်၊ လမ်းပန်း ဆက်သွယ်ရေးဆိုလည်းကောင်းအောင်၊  အခု ဒီ ၂၀၁၈ ခုနှစ်အတွင်းမှာ နိုင်ငံတော်ဓာတ်အားစနစ်ကနေ မောင်တောဒေသတစ်ခုလုံးမီးရအောင်ဆောင်ရွက်နေတာတွေဖြစ်တဲ့အတွက် သဘောတူညီချက်အတိုင်းသာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံရော၊ UNDP ၊ UNHCR နဲ့ နိုင်ငံတကာက အားလုံး ပူးပေါင်းမယ်ဆိုရင်  ပြန်လည်လက် ခံရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းကြီးဟာ တကယ်ကို အောင်မြင်သွားမယ်။ ငြိမ်းချမ်းအေးချမ်းတဲ့ ဒေသတစ်ခုဖြစ်အောင် ဖန်တီးပေးလို့ရပါတယ်။

 

တွေ့ဆုံမေးမြန်း - ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - စိုးအောင်