ပြန်လည်နိုးထလာတော့မည့် မြို့ရန်ကုန်

တင်၀င်းလေး(ကြည့်မြင်တိုင်)

 

မိတ်ဆွေတစ်ယောက်က သတင်းစာကိုင်ပြီး ပြောလာသည်။ ‘‘ရောဂါပိုးတွေ့သူ ၂၀၆ ဦး တောင်ရှိနေပြီတဲ့၊ အဲဒီအထဲမှာ တို့ရန်ကုန်က ၁၆၁ ဦးတောင်ဆိုတော့ တဖြည်းဖြည်းနဲ့ များလာပြီ’’ဟု အလန့်တကြားအသံနှင့် ဆိုလာသည်။

ခက်တော့နေပြီ။ သတင်းတစ်ခုကို အစ အဆုံးမဖတ်၊ တွေ့ထားတာလေးနှင့် အလန့် တကြားထထအော်တတ်သော အကျင့်ရှိနေ သူဖြစ်သည်။ ‘‘သူငယ်ချင်းရာ သတင်းကို အစအဆုံး ပြည့်စုံအောင် ပြီးအောင်ဖတ်စမ်း ပါဦးကွာ’’ဟု သတိပေးလိုက်ရသည်။

အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေး

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တွေ့ရှိမှု မတ် ၂၃ ရက်က စတင်တွေ့ရှိရသည်။ ယခုရက်ပေါင်း ၇၀ ကျော် ရှည်ကြာနေခဲ့ပြီဖြစ်သည်။

ကိုဗစ်-၁၉ နှင့် ပတ်သက်သော သတင်း များကို ကျန်းမာရေးနှင့်အားကစား၀န်ကြီး ဌာန၏ အတည်ပြုထုတ်ပြန်ချက်များကို ရယူကာ သတင်းဌာနများက ပြည်သူများသို့ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလေ့ရှိနေ သည်။

မှန်ပါသည်၊ မေ ၂၉ ရက် ထုတ်ပြန်ချက် အရ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူပေါင်း ၁၆၁ ဦးဟု ဖော်ပြ ထားသည်ကို တွေ့ရသည်။ ရန်ကုန်တိုင်း ဒေသကြီးသည် စီးပွားရေးအချက်အချာကျသောအရပ်ဒေသဖြစ်သည်။ လူဦးရေမှာ အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များ ထက်အဆများစွာပိုရှိနေသည်ကို သတိချပ်ဖို့ လိုပါလိမ့်မည်။ လူဦးရေများပြားသည်နှင့် အညီ ကိစ္စကြီးငယ်တို့၌ အခြားသော တိုင်း ဒေသကြီး၊ ပြည်နယ်များထက်ပို၍ ကြီးထွား တတ်သည်ကိုလည်း တွေးမြင်ထားတတ်ဖို့ လိုပါသည်။

ဆန်းစစ် မြင်တတ်ဖို့လို

ယနေ့ရန်ကုန်အခြေအနေကို ဖော်ပြထား သော ကိန်းဂဏန်းအရ လက်ရှိ သို့မဟုတ် ကျန်ရှိနေဆဲလားဆိုသည်ကိုတော့ ဆန်းစစ် မြင်တတ်ဖို့ လိုအပ်ပေသည်။

တစ်နည်းဆိုရသော် ရန်ကုန်တိုင်းဒေသ ကြီး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မေ ၂၉ ရက်ညအထိ ၁၆၁ ဦးဟုဆိုကြသည်။ ထို ၁၆၁ ဦးကို တရားသေဆုပ်ကိုင်ပြောနေကြမည့် အစား ထို ၁၆၁ ဦးထဲမှ ရောဂါကင်းစင်ပြီး ဆေးရုံမှ ဆင်းသွားသူ မည်မျှရှိနေပြီကို သိထား ဖို့လိုအပ်ပေလိမ့်မည်။ လက်ရှိဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေသူ ဘယ်နှဦးမျှသာ ရှိတော့သည်ကိုလည်း တွက်ကြည့်ဖို့လိုပေ မည်။ ဒါမှသာလျှင် လက်ရှိအနေအထား၊ အခြေအနေကို မှန်ကန်စွာသိမြင်နိုင်ကြမည် သာ ဖြစ်ပေသည်။

ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကို အဓိကကုသပေးနေသော ဆေးရုံကြီးနှစ်ရုံ ရှိပါသည်။ တောင်ဥက္ကလာပမြို့နယ်ရှိ တောင်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ မြောက် ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကုဆေးရုံကြီးတို့ဖြစ်သည်။

ရန်ကုန်တွင် ပိုးတွေ့လူနာ ၁၆၁ ဦးရှိ

ယနေ့နောက်ဆုံး မေ ၂၉ ရက် ရန်ကုန်တွင် ပိုးတွေ့လူနာ ၁၆၁ ဦးစလုံး ထိုဆေးရုံကြီး နှစ်ရုံတွင် လက်ရှိ ဆေးကုသမှုခံယူနေဆဲလား၊ ဒါမှမဟုတ် ဘယ်နှဦးဆေးရုံက ဆင်းသွား ပြီလဲ၊ ဘယ်နှဦးဆေးရုံပေါ်တွင် ကုသမှု ခံယူနေဆဲဆိုသည်ကိုတော့ ဆန်းစစ်ဖို့လိုအပ် ပါလိမ့်မည်။

ရန်ကုန်မှ ပိုးတွေ့လူနာ ၁၆၁ ဦးအနက် ငါးဦးမှာသေဆုံးသွားပြီဖြစ်သည်။ဒါဆို ၁၅၆ ဦးကိုသာအခြေခံ၍ တွက်ကြည့်ရတော့မည် ဖြစ်ပါသည်။

ပြန်လည်နိုးထ(၂)

ထို ၁၅၆ ဦးစာရင်းတွင် မေ ၂၉ ရက် နံနက်သတင်းအရ ဝေဘာဂီအထူးကုဆေးရုံ ကြီး၌ ဆက်လက်ဆေးကုသမှုခံယူနေသူ ၂၇ ဦး၊ တောင်ဥက္ကလာပပြည်သူ့ဆေးရုံကြီး တွင် ကုသမှုခံယူနေသူ ၃၅ ဦး ရှိသည်ဟု သိရသည်။

ဤသို့ဆိုပါက ဆေးရုံကြီးနှစ်ရုံတွင် ဆေးကုသ မှု ခံယူနေသူ ၆၂ ဦးသာ ရှိတော့မည်ဟု ဆိုရ မည်ဖြစ်သည်။ ၁၅၆ ဦးထဲမှ ဆေးကုသမှု ခံယူနေသူ ၆၂ ဦးကို ထုတ်နှုတ်သော် ဆေးရုံမှ ဆင်းနိုင်ခဲ့သူ ၉၄ ဦးအထိ ရှိလာခဲ့သည်ကို ၀မ်းသာဖွယ်တွေ့ရှိရမည်ဖြစ်သည်။

နည်းသောကိန်းဂဏန်းကို စိစစ်တွေ့လာ ရမည်ဖြစ်သည်။ အဆိုးထဲက အကောင်းကို ရည်ညွှန်း၍ပြောခြင်းက မင်္ဂလာတရားပင် ဖြစ်ပါသည်။ ကြားရသူအပေါင်းကလည်း စိတ်ချမ်းမြေ့ကြမည်သာ ဖြစ်ပါသည်။

ပြည်သူနှင့်အတူ လက်တွဲ၍ဆောင်ရွက်ခဲ့

ဒါကလည်း လွယ်လွယ်ကူကူဖြစ်လာရသည်တော့မဟုတ်ပေ။ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် တုံ့ပြန်ရေးကော်မတီတို့က မြန်မာနိုင်ငံသို့ ကိုဗစ်မလာခင်ကတည်းက အဆင့်ဆင့်သောကာကွယ်ထိန်းချုပ်မှုများကို ပြည်သူနှင့်အတူလက်တွဲ၍ဆောင်ရွက်ခဲ့သောကြောင့် ဖြစ် သည်။ ကျန်းမာရေးနှင့်နှီးနွှယ်သောဌာနများ၊အုပ်ချုပ်ရေးဌာန၊ ပရဟိတအဖွဲ့များနှင့် ပေါင်းစပ်ချိတ်ဆက်၍ တစ်ဆင့်ချင်းမြှင့်တင်ထိန်းချုပ်သွားခဲ့သောကြောင့်ဖြစ်သည်။

ပြည်သူများ အပြင်သို့ထွက်သည့်အခါ တိုင်း နှာခေါင်းစည်းများကို မဖြစ်မနေ တပ်ဆင်ရန် ညွှန်ကြားမှုများ ပြုစေခဲ့သည်။ အပြင်က ပြန်လာသည့်အခါတိုင်း လက်များကို မမေ့မလျော့ဆေးကြောကြရန် အသိပညာ ပေးမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ပြောဆိုနေထိုင် ခြင်းကို ရှောင်ကြဉ်စေခဲ့သည်။

ထိန်းချုပ်မှုများပြုလုပ်ခဲ့

ရောဂါဖြစ်ပွားသောအချိန်သည် မြန်မာ့ ရိုးရာသင်္ကြန်ကာလနှင့် လွန်စွာနီးကပ်နေ သည့်အတွက် လူစုလူဝေးမဖြစ်စေရန် ဦးစွာ ထိန်းချုပ်မှုပြုခဲ့သည်။ ဘာသာရေးအခမ်း အနားများ၊ ပွဲလမ်းသဘင်များ၊ ရုပ်ရှင်ရုံများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များ၊ အစိုးရရုံးများ၊ ကုမ္ပဏီများ၊ စက်ရုံများကို ပိတ်စေခဲ့သည်။

ထို့အပြင် လက်ဖက်ရည်ဆိုင်အစ စားသောက်ဆိုင်များအား ဆိုင်ထိုင်စားသောက် ခြင်းကို ဟန့်တား၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေခဲ့သည်။ ဈေးကြီးများကို ပိတ်သိမ်း စေခဲ့သည်။

နောက်တစ်ဖန် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ဆေးရုံ ဆေးခန်းသွားခြင်းမှအပ ညမထွက်ရ ဒေသန္တရအမိန့်ကို မြို့နယ် အလိုက် ထုတ်ပြန်စေခဲ့သည်။

မြို့နယ်အလိုက် စောင့်ကြည့်နေရာများ ဖွင့်လှစ်၍ စောင့်ရှောက်မှုများပေးခဲ့သည်။ နိုင်ငံရပ်ခြားမှ အမိမြေသို့ ပြန်လာသူများ အားလုံးကို အိမ်သို့တိုက်ရိုက်ပြန်ခြင်းကို ခွင့်မပြုဘဲ သတ်မှတ်နေရာများတွင် သတ်မှတ် ရက်အပြည့် စောင့်ကြည့်ထိန်းချုပ်ပေးနိုင်ခဲ့ သည်။

ဝေဘာဂီဆေးရုံကြီးနှင့် တောင်ဥက္ကလာပ ဆေးရုံကြီးတို့တွင် ကုသရန်နေရာမလုံလောက် ပါက လှည်းကူးမြို့နယ်မှ ဖောင်ကြီးသင်တန်း ကျောင်းအား ဆေးကုသရေးဆေးရုံအဖြစ် ထားရှိရန် အဆင်သင့်ပြင်ထားပြီးလည်း ဖြစ်သည်။

လိုအပ်လာသည့်အတွက် ရန်ကုန်မြို့တွင် ရောဂါပိုးတွေ့ရှိထားသော မြို့နယ်များအနက် အဓိကကျသော မြို့နယ် ၁၀ မြို့နယ်ကို သွားလာခြင်းတားမြစ်၍ Stay at Home ပြုလုပ်စေခဲ့သည်။

တစ်စတစ်စ ထိန်းချုပ်လာနိုင်သည့် အဆင့်သို့ရောက်ရှိလာသည်နှင့်အမျှ ဖြေလျှော့ မှုများကို တစ်ဆင့်ချင်း လျှော့ချလာသည်ကို တွေ့မြင်လာရမည်ဖြစ်သည်။

ပြန်လည်နိုးထ(၃)

ဦးစွာ Stay at Home ပြုလုပ်ထားသော ၁၀ မြို့နယ်မှ ပထမအဆင့်အဖြစ် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံမြို့နယ် တို့ကို မေ ၁၄ ရက်တွင် Stay at Home မှ ဖြေလျှော့ပေးခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် တောင်ဥက္ကလာပ၊ ဗဟန်း၊ ပန်းဘဲတန်း၊ တာမွေမြို့နယ်တို့ကို မေ ၂၉ ရက်မှစတင်၍ Stay at Home မှ ဖြေလျှော့ပေးခဲ့သည်ကို တွေ့ရသည်။ ယခုဆိုလျှင် အင်းစိန်မြို့နယ်နှင့် မရမ်းကုန်မြို့နယ်နှစ်မြို့နယ်သာလျှင် ကျန်ရှိ တော့သည်။

ဈေးကြီးများ၌ ပုံမှန်ရောင်း၀ယ်

ဖောက်ကားမှုများရှိလာ

ရန်ကုန်မြို့၏ဈေးကြီးများကို မေ ၁၆ ရက်တွင် ပြန်လည်ဖွင့်ခွင့်ပြုခဲ့သည်။ ရောင်းရေး ၀ယ်တာ စက်ရဟတ်ကို လည်ပတ်စေခဲ့သည်။ ယခုဆို ဈေးကြီးများ၌ ပုံမှန်ရောင်း၀ယ် ဖောက်ကားမှုများရှိလာပြီကို တွေ့ရသည်။ လမ်းများ၊ ဘတ်စ်ကားဂိတ်များ၌ အသွား အလာပြန်လည်စည်ကားလာသည်ကို တွေ့ရ သည်။

အနီးကပ်ဆုံး ထပ်မံဖြေလျှော့မှုမှာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက မေ ၂၈ ရက်က ထုတ်ပြန်သောအမိန့်ပင် ဖြစ်သည်။

ဧပြီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသော လူငါးယောက်ထက်ပိုမိုစုဝေးခြင်းကို အလုံးစုံနီးပါးဖြေလျှော့လိုက်ခြင်းပင် ဖြစ်ပါသည်။ ကျောင်းများပြန်ဖွင့်တော့မည်။ အစိုးရဌာန များ၌ ၀န်ထမ်းများ အလှည့်ကျအလုပ်ခွင်သို့ ၀င်ရခြင်းမှ ယခုအခါ ဝန်ထမ်းစုံ ပြန်လည် တာ၀န်ထမ်းဆောင်နေကြပြီဖြစ်သည်။ ပြင်ပ အလုပ်ရုံ၊ စက်ရုံများ သတ်မှတ်ချက်နှင့်အညီ ပြန်ဖွင့်ခွင့်ရကြတော့မည်။ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများ ပြန်လုပ်ခွင့်ရကြတော့မည်ဖြစ်သည်။

သတ်မှတ်ချက်များနှင့်အညီ စားသောက် ဆိုင်များ ပြန်လည်ဖွင့်ခွင့်ရကြတော့မည် ဖြစ်သည်။ ဒါဆို မကြာမီ ရန်ကုန်မြို့ကြီး ယခင်ကကဲ့သို့ ပြန်လည်စည်ကားလာတော့ မည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။

သို့သော် ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို လုံး၀ဥဿုံနိုင်သွားပြီလား။ ဒါမှမဟုတ် ချုပ်ငြိမ်းသွားပြီလား . . .၊ မဟုတ်သေးပါ၊ အနေအထားတစ်ခုအရ ထိန်းချုပ်နိုင်ခြင်း အဆင့်မျှဟု ဆိုကောင်းဆိုနိုင်ပါလိမ့်မည်။ နောက်ထပ် လှိုင်းတစ်လုံး မလာရောက်နိုင်ရေး အတွက် ဝိုင်း၀န်းကာကွယ်ထိန်းသိမ်းကြ ရပါဦးမည်။

ပြည်သူသာ အဓိကဖြစ်ပါသည်။ အထက် က ဆိုသကဲ့သို့ ရန်ကုန်မြို့သည် အခြားသော ပြည်နယ်၊ တိုင်းဒေသကြီများထက် လူဦးရေ များစွာပိုပါသည်။ ကိစ္စကြီးငယ်တို့၌ အခြား သော တိုင်းဒေသကြီး၊ ပြည်နယ်များထက် ပို၍ ကြီးထွားတတ်သည်ကို အမြဲသတိချပ်၍ တစ်ဦးချင်း သတ်မှတ်စည်းကမ်းများအား လိုက်နာခြင်းဖြင့် ရန်ကုန်မြို့ကြီးကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားစေခြင်းမှ ကာကွယ် စောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ပါသည်။ ။

မြန်မာ့အလင်း