ပညာဗဟုသုတနှင့် အရည်အသွေးပြည့်ဝပြီး အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကလေးစာပေပွဲတော်များ စည်ကားသိုက်မြိုက်စွာကျင်းပပေးလျက်ရှိ

မြိတ်    ၂၇ ဇန်နဝါရီ   

ကလေးများစာအုပ်စာပေ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင် တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်၊ ပညာဗဟုသုတနှင့် အရည်အသွေး ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၌ ကလေးစာပေပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ 

တနင်္သာရီတိုင်းဒေသကြီးအစိုးရ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာ ပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ယနေ့ နံနက် ၉ နာရီတွင် မြိတ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ဖွင့်လှစ်၍ အမှာစကားပြောကြားသည်။ 

ရှေးဦးစွာ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ကျောင်းရှေ့ မျက်နှာ စာတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊  တနင်္သာရီတိုင်းဒေသကြီး  လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးစောလုကာ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင်နှင့် ထူးချွန်လူငယ်နှစ်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးရာ  ကလေး ငယ်များကလည်း  မိုးပျံပူဖောင်းများ အသီးသီးလွှတ်တင်ကြသည်။ 

ထို့နောက် အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် သတင်းထုတ်ပြန်ရေးနှင့် အသိပညာပေးရေးတို့ကို ပြောင်းလဲ တိုးတက်လာသော နည်းပညာများနှင့်အညီ   ခေတ်စနစ်နှင့် လျော်ညီစွာ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးနှင့် စာကြည့်တိုက်များကို အများ ပြည်သူအတွက် အသုံးဝင်သည့်နေရာ လူထုအခြေပြုဗဟိုဌာန (Community Centre)များအဖြစ် မြှင့်တင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ် နိုင်ငံ့ အတွက်၊ မိမိတို့အိုမင်းမစွမ်းဖြစ်လာချိန်တွင် စီမံဆောင်ရွက်မည့် ကလေးငယ်များ အတွက် ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ကလေးစာပေ ပွဲတော်များကို အကောင်အထည်ဖော်ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 


 

ယင်းနောက်  တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ကျေးဇူးတင်စကားပြောကြားပြီး ဖျော်ဖြေရေးအစီအစဉ်များအဖြစ်  မြိတ်ခရိုင် ကျွန်းစု မြို့နယ် ပထက်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ရိုးရာ ရေအိုးရွက်အကဖြင့် လည်းကောင်း၊ မြိတ်မြို့နယ် ကစွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက လီဆူရိုးရာအကဖြင့်လည်းကောင်း၊ မြိတ်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူလေးများ က ညီညာစေ တိုင်းရင်းသားအကဖြင့် လည်းကောင်း၊ မြိတ်မြို့ မြင်းမိုရ် ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဦးဖိုးစိန် ဗုံတိုအကဖြင့် လည်းကောင်း သရုပ်ဖော်ကပြကြသည်။


ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးစာပေပွဲတော်တွင် ခင်းကျင်းပြသထားသည့် ကရင်တိုင်းရင်းသားရိုးရာပြခန်း၊ ထားဝယ်လူမျိုးရိုးရာပြခန်း၊ ဆလုံလူမျိုးရိုးရာပြခန်း၊ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံပြခန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြခန်း၊ အခြေခံပညာဦးစီးဌာနပြခန်း၊ ကျန်းမာရေးဦးစီးဌာနပြခန်း၊ လူမှု ဝန်ထမ်းဦးစီးဌာနပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်းနှင့် ကလေးစာဖတ်ခန်းများ အား လည်းကောင်း၊ ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်း ကစားနည်းပြိုင်ပွဲများအား လည်းကောင်း၊ အားကစားပြိုင်ပွဲများအဖြစ်  ခွက်နင်းပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊ ပူဖောင်းညှပ်ပြိုင်ပွဲ၊ ထုတ်စည်းတိုးပြိုင်ပွဲ၊ ဖယောင်းတိုင်မီးထွန်းပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ Team Building စုပေါင်း ကစားနည်းများအားလည်းကောင်း ကလေးများ ပါဝင်ဆင်နွှဲနေမှုအား လှည့်လည် ကြည့်ရှု အားပေးကြသည်။ 

ကလေးစာပေပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းပြီး နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာနှင့် ရန်ကုန်မြို့တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့်အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေချစ်မြတ် နိုးသူများနှင့် စေတနာ အလှူရှင်များ ပူးပေါင်း၍လည်း ၂၀၁၇ ခုနှစ်တွင်  ခရိုင်မြို့ကြီး (၁၁)မြို့၌ လည်းကောင်း၊ ယခုနှစ်တွင် ခရိုင်မြို့ကြီး(၁၂)မြို့၌ လည်းကောင်း စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ 

ယခုကျင်းပသည့် မြိတ်ကလေးစာပေပွဲတော်ကို ဇန်နဝါရီ ၂၇ရက်နှင့် ၂၈ ရက်တို့တွင် ပြပွဲများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေတင်ဆက်မှုဖြင့် ကျင်းပလျက်ရှိပြီး  မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း  သိရသည်။  

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ထပ်ဆင့်လွှင့်စက်ရုံ (မြိတ်)ကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်ကိုလည်းကောင်း၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ကိုယ်ပွားသတင်းစာတိုက်(မြိတ်)ကို လည်းကောင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။


ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျွန်းစုမြို့နယ်  ပထော်ပထက် ကျွန်းသို့ သွားရောက်ပြီး ပြည့်ဖြိုးထွန်း ကုမ္ပဏီလီမိတက်၏ တန်(၁၀ဝ၀) အအေးခန်း စက်ရုံ၊ အောင်မြတ်ဖြိုး  ကုမ္ပဏီလီမိတက်၏ ကဏန်းအရေပျော့ မွေးမြူထုတ်လုပ်ရေး လုပ်ငန်း၊ ပထက်ကျေးရွာ  စာကြည့်တိုက်နှင့်  ပထက်အထက်တန်းကျောင်း၏ ကျောင်း စာကြည့်တိုက်တို့ကို  သွားရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း ခရိုင် ပြန်/ဆက် ဦးစီး ဌာနမှ သတင်းပေးပို့ချက်အရ သိရှိရသည်။

 

MDN