ပညာရှာရမည့်အရွယ်တွင် ပညာရှာဖွေကြခြင်းသည် မှန်ကန်သည့် လုပ်ဆောင်ချက်ဖြစ်သကဲ့သို့  ပညာသင်ယူသည့်နေရာတွင်လည်း စာပေဘာသာရပ်တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပစာအုပ်၊ စာပေများကိုဖတ်ရှုခြင်းဖြင့် ဖြန့်ကြက်တွေးခေါ်မြော်မြင်နိုင်မှုရှိအောင် ကြိုးစား

 

 

နေပြည်တော်   မေ   ၂၁

 

ပညာရှာရမည့်အရွယ်တွင်  ပညာရှာဖွေကြခြင်းသည် မှန်ကန်သည့် လုပ်ဆောင်ချက်ဖြစ်သကဲ့သို့ ပညာသင်ယူ သည့်နေရာတွင်လည်း စာပေဘာသာရပ်တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပ စာအုပ်၊ စာပေများကိုဖတ်ရှုခြင်းဖြင့် ဖြန့်ကြက်တွေးခေါ်မြော်မြင်နိုင်မှုရှိအောင် ကြိုးစားသွားကြရန် လိုအပ်ကြောင်း၊  သို့မှသာလျှင်  အဆိုးအကောင်း၊ အကျိုးအကြောင်း ခွဲခြားသိမြင်မှုနှင့်အတူ   ထူးချွန်ထက်မြက်သည့်   မျိုးဆက်သစ်ကောင်းများ ဖြစ်လာကြမည်ပင်ဖြစ်ကြောင်း၊  မိမိတို့တစ်ဦးချင်းစီ၏ မှတ်တမ်းကောင်းပုံရိပ်များသည် မိမိတို့၏  မိဘဆွေမျိုးဂုဏ်ကို  ဖော်ဆောင်ခြင်းဖြစ်သကဲ့သို့  မိမိတို့ကျောင်း၊  ရပ်ရွာမှသည်  နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ်ရာ မှတ်ကျောက်များပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။ 

 

အဆိုပါ  အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး  ဒေါ်ကြူကြူလှ၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ် (ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီး    စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊   ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)   ဒုတိယဗိုလ်ချုပ်ကြီး  ဇွဲဝင်းမြင့်နှင့် ဇနီး၊     ကာကွယ်ရေးဦးစီးချုပ်(လေ)   ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ရေကြောင်းလူငယ်၊  လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်  ပညာသင်နှစ် တစ်နှစ်တာပြီးဆုံးပြီး မိမိတို့ရရှိသည့်  နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်များကို  အလဟဿ မဖြစ်စေဘဲ မိမိကိုယ်တိုင်အတွက်လည်း အကျိုးရှိ၊ နိုင်ငံတော်အတွက်လည်း  အထောက်အကူဖြစ်စေ သည့် ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ  ပညာရပ်များကို သင်တန်းကာလအတွင်း လေ့လာဆည်းပူးခဲ့ကြပြီး ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် နိုင်ငံတော်တိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ရေကြောင်း၊ လေကြောင်း ပညာရပ်ဆိုင်ရာ သင်တန်းအသီးသီးကို  တက်ရောက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  မျိုးဆက်သစ်မောင်မယ်များနှင့်   ယခုကဲ့သို့တွေ့ဆုံပြီး ဂုဏ်ပြုအမှာစကား ပြောကြားရသည့်အတွက်  များစွာဝမ်းသာပီတိဖြစ်ရသည်ကို ပြောကြားလိုကြောင်း။

 

မိမိတို့နိုင်ငံတွင် ရှေးယခင်ကတည်းကရေကြောင်း၊ လေကြောင်းဆိုင်ရာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အစဉ်အလာများရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်မှစတင်ပြီး ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းများကို အခြေခံနှင့် တန်းမြင့်ဟူ၍ ခွဲခြားသတ်မှတ်ကာ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များကို အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတစ်ဝန်းတွင် သင်တန်းများဖွင့်လှစ်သင်ကြားပေးနေရခြင်းဖြစ်ကြောင်း။

 

ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းအသီးသီး  စတင်ဖွင့်လှစ်သင်ကြားပေးချိန်မှ ယနေ့ကာလတိုင်အောင် တစ်နှစ်ထက်တစ်နှစ် နှစ်စဉ်သင်တန်းတက်ရောက်သူ အင်အားအရေအတွက် တိုးတက်လာသည်ကို တွေ့ရခြင်း ကြောင့် မျိုးဆက်သစ် မောင်မယ်တို့၏ စိတ်ပါဝင်စားမှုအပေါ်  များစွာဂုဏ်ယူမိကြောင်း။

 

လက်တွဲညီညီဆောင်ရွက်

မိမိတို့မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၂၀၀ ကျော် ရှည်လျားသည့် ပင်လယ်ပြင်ကမ်းရိုးတန်းကို ပိုင်ဆိုင် ထားသကဲ့သို့ ပထဝီအနေအထားအရလည်း အချက်အချာကျသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် မိမိတို့၏ရေပြင်၊ ဝေဟင်ပိုင်နက်များကို  ပိုင်နိုင်စွာစိုးမိုးထားနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်မှသာ ကာကွယ်ရေးစွမ်းအား  အပြည့်အဝရရှိခြင်းနှင့်အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင်  ယခုသင်တန်းတွင် တွေ့ဆုံခဲ့ရသည့်   တိုင်းရင်းသားညီနောင်အချင်းချင်း ချစ်ခင်ရင်းနှီးမှုများကို အခြေတည်ပြီး နောင်တစ်ချိန်တွင် ဝိုင်းဝန်းဆောင်ရွက်ကြရမည့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတာဝန်များကို  လက်တွဲညီညီ ဆောင်ရွက်သွားကြရန်  တိုက်တွန်းမှာကြားလိုကြောင်း။

 

သင်တန်းကာလ ရက်သတ္တပတ်  လေးပတ်တာအတွင်း၌    သိသင့်သိထိုက်သည့် ရေကြောင်း၊ လေကြောင်းပညာ ရပ်များအပြင် အခြေခံစစ်ပညာဖြစ်သည့် စစ်ရေးပြဘာသာရပ်များကိုပါ လေ့ကျင့် သင်ကြားခဲ့ကြပြီးဖြစ် ကြောင်း၊   စစ်ရေးပြဘာသာရပ်သည် အမိန့်နာခံတတ်ခြင်း၊ စည်းကမ်းကောင်းခြင်းနှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ခြင်းတို့ကို ဖြစ်ပေါ်စေခြင်းကြောင့် ယခုကဲ့သို့ သင်တန်းများတွင် ထည့်သွင်းသင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ ထို့အပြင် “နိုင်ငံတော်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်း” ကိုပါ ပို့ချပေးခဲ့ခြင်းကြောင့် သမိုင်းကြောင်း အမှန်များကိုသိရှိပြီး   တိုင်းချစ်ပြည်ချစ်စိတ်များ ထက်သန်ကာ  တိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်ပေးလို သည့်သူ၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို စောင့်ထိန်းလိုသူများဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏ အားကသာလျှင်  နိုင်ငံတော်ကို ကောင်းကျိုးအဖြာဖြာ ဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။

 

ထို့ကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးကဏ္ဍမြှင့်တင်ခြင်းလုပ်ငန်းများကို  အလေးထား ဆောင်ရွက်နေသည့်အပြင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊   ကျောင်းသူများကိုလည်း   အနာဂတ်နိုင်ငံတော်အရေး မျှော်မှန်းပြီး ပြည်ပနိုင်ငံများမှာ ပညာတော်သင်များအဖြစ် စေလွှတ် လျက်ရှိကြောင်း၊   “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌    လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့်အချက်ကို လူမှုရေးဦးတည် ချက်၌ချမှတ်ထားပြီး    လူငယ်များ၏ပညာရေး၊ လူမှုရေး၊ အမျိုးသားရေး၊  စာရိတ္တမဏ္ဍိုင်မြင့်မားရေးလုပ်ငန်းများကို မိမိတို့နိုင်ငံတော်တာဝန်ယူထားချိန်မှစပြီး အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် စစ်မှန်သည့် တိုင်းပြည်ချစ်စိတ်များနှင့်အတူ  ကိုယ်စီရှိထားသည့် ကိုယ်ကျင့်စာရိတ္တကောင်းများကို မပျောက်ပျက်စေဘဲ  မြင့်သထက်မြင့်အောင် ကြိုးစားသွားကြရန် လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံတော်ကြီးသည် လူသားအရင်းအမြစ်ကောင်းများ၏ အားများနှင့် အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်ကို ပြောကြားလိုကြောင်း။

 

နွေရာသီအားလပ်ရက်များကို အကျိုးမဲ့မဖြစ်စေဘဲ ယခုကဲ့သို့ သင်တန်းတက်ရောက်ခဲ့ခြင်းကြောင့် ရရှိသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ခင်မင်ရင်းနှီးမှုများကို ဆက်လက်ထိန်းသိမ်းပြီး ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူသွားကြရန်၊ မှန်ကန်သည့်အသိအမြင်များရရှိရန် စာကောင်းပေမွန်များကို ဖတ်ရှုပြီး   မိဘဆရာ သမားများ၏ ပြောဆိုဆုံးမမှုများအတိုင်း လိုက်နာနေထိုင်သွားကြရန်၊ မိမိတို့နေထိုင်ရာ နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိပြီး သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် နောင်တစ်ချိန်တွင် တိုင်းပြည်က  အားကိုးအားထား ပြုရမည့် သားကောင်း၊ သမီးကောင်း ရတနာများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြပါဟု တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့်   လေကြောင်းလူငယ်မောင်မယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး လူငယ်မောင်မယ်များက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ  ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ရေကြောင်းလူငယ်သင်တန်းမှ မနန်းစုစန္ဒီအောင်နှင့်  လေကြောင်းလူငယ်သင်တန်းမှ မသဉ္ဇာနိုင်တို့က   အခြေခံနှင့်တန်းမြင့်ရေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)တို့တွင်  တက်ရောက်သင်ကြားခဲ့ရသည့် ရေကြောင်း၊ လေကြောင်းဆိုင်ရာ အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့်   ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို     ရှင်းလင်းပြောကြားကြသည်။ ထို့နောက်   ယခုကဲ့သို့     နွေရာသီကျောင်းပိတ်ရက် ကာလတွင် မိမိတို့၏ ကိုယ်ပိုင်အချိန်များကို အကျိုးမဲ့မဖြစ်စေဘဲ အနာဂတ်နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ရေကြောင်း၊ လေကြောင်းဆိုင်ရာ ပညာရပ်များကို တိုင်းရင်းသားညီအစ်ကို မောင်နှမများ   ချစ်ကြည်ရင်းနှီးစွာ အတူတကွတွေ့ဆုံ၍  သင်တန်းတက်ရောက် သင်ကြားခွင့်ရခဲ့သည့်အတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန် ရှိသူများအားလုံးကို  မိမိတို့လူငယ်မောင်မယ်များကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခု သင်တန်းများသည် မိမိတို့လူငယ်မောင်မယ်များအား အချင်းချင်းစည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်များရရှိစေပြီး အမျိုးသားညီညွတ်ရေးအသိ၊  အမျိုးသားညီညွတ်ရေးသတိနှင့် အမျိုးသားညီညွတ်ရေး တန်ဖိုးဟူသည့်   အသိပညာများကိုလည်း လက်တွေ့သိမြင်ခွင့်ရခဲ့သောကြောင့်  အမိနိုင်ငံတော်ကြီး၏  အနာဂတ်အတွက် လေးနက်ပြည့်ဝသည့်   ပြည်ထောင်စုသွေး၊   ပြည်ထောင်စုစိတ်ဓာတ်များ ထက်သန်စီးဆင်းဖြစ်ပေါ်ခဲ့ရသည့်အတွက် နိုင်ငံတော်နှင့် မိမိတို့လူငယ်မောင်မယ်များအတွက် တန်ဖိုးကြီးမားပြီး  အဓိပ္ပာယ်ရှိသည့် သင်တန်းများပင်ဖြစ်ပါကြောင်း၊ မိမိတို့အနာဂတ် လူငယ်မောင်မယ်များအနေဖြင့်  နိုင်ငံတော်က အားထားရသည့်  ရေကြောင်းဆိုင်ရာပညာရှင်များ၊ လေကြောင်းဆိုင်ရာပညာရှင်များ၊ နိုင်ငံတော်အကျိုးစီးပွားအတွက် ထိရောက်စွာ  စွမ်းဆောင်ပေးနိုင်သည့်   နိုင်ငံ့သားကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းနှင့် စည်းကမ်း ပြည့်ဝသော  ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် အုတ်တစ်ချပ်၊  သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း    ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်   ရေကြောင်းနှင့်   လေကြောင်းလူငယ် မောင်မယ်များကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး   မြဝတီ တေးဂီတအဖွဲ့က   တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံနှင့် တန်းမြင့်ရေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄)   မှ   သင်တန်းသား၊  သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ မတက်ရောက်မီ  ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော   မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ    ထုတ်လုပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ် များ၏ ပုံစံငယ်များ၊   လေသူရဲများ၏  ဝတ်စုံများနှင့်အသုံး အဆောင်ပစ္စည်းများ၊  Simulator  ဖြင့်  လေယာဉ် ပျံသန်းမှုသရုပ်ပြကွက်များကို     စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည် များကို   ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်