ပညာရေးအရွှေ့ ပြိုင်တူရွှေ့ဖို့

၁၇ ဒီဇင်ဘာ

ပညာရေးသည် နိုင်ငံသားတစ်ဦးချင်းစီ၏ ဘဝအဆင့်အတန်း တိုးတက်မြင့်မားစေရန် အခွင့်အလမ်းဖန်တီးပေးပြီး မိမိတို့ရပ်ရွာဒေသအသိုက်အဝန်းတွင် အောင်မြင်သောသူများ၊ ဖြစ်လာရုံသာမက အမျိုးသားလူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်စေရန် အကူအညီပေးသည်ကို နိုင်ငံသားတိုင်း လက်ခံရပေလိမ့်မည်။ မြန်မာလူမှုပတ်ဝန်းကျင်တွင် ပညာရေးသည် လူမှုရေးဆိုင်ရာ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုအတွက် အဓိကဖော်ဆောင်ပေးသကဲ့သို့ နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံအုတ်မြစ်အဖြစ် သတ်မှတ်လက်ခံထားပြီးဖြစ်၏။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်ကို အထောက်အကူပြုရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံဖြစ်လာရေးဟူသော အမျိုးသားရည်မှန်းချက်ကိုပါ ပေါက်မြောက်အောင်မြင်စေရန်အတွက် အဓိကတွန်းအားနှစ်ရပ်အဖြစ် ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် ဆင်းရဲနွမ်းပါးလျှော့ချရေးတို့ကို သတ်မှတ်ထားသည့်အားလျော်စွာ ပညာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရန်အတွက် အရည်အသွေးရှိသော အမျိုးသားပညာရေးစနစ်၏ အကျိုးသက်ရောက်မှုများကို အပြည့်အဝ သိရှိနားလည်စေရန် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကို ချမှတ်နိုင်ခဲ့ပြီး ဤအမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ရည်မှန်းချက်ပန်းတိုင်ကို ပေါက်မြောက်အောင်မြင်စေနိုင်မည့် မဟာဗျူဟာမြောက် အပြောင်းအလဲ(၉)ရပ်အား ဖော်ထုတ်သတ်မှတ်ထားနိုင်ခဲ့သည်။ မဟာဗျူဟာမြောက် အပြောင်းအလဲ(၉)ရပ်အား အခြေခံပညာကဏ္ဍ၌ အခြေခံပညာရေး အခွင့်အလမ်း အရည်အသွေးနှင့် လူတိုင်းအကျုံးဝင်မှု၊ အခြေခံပညာသင်ရိုးညွှန်းတမ်း၊ ပညာရည်စစ်ဆေးအကဲ ဖြတ်ခြင်းနှင့် စာမေးပွဲကျင်းပခြင်းလုပ်ငန်းများအတွက် ပြုပြင်ပြောင်းလဲမှုတို့သည် မြန်မာနိုင်ငံ၏ ပညာရေး ရည်မှန်းချက်အား ပေါက်မြောက်အောင်မြင်စေမည့် အဓိကအခန်းကဏ္ဍများဖြစ်သည့်အပြင် “လူသားအားလုံး အကျုံးဝင်မှုရှိကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာသင်ယူနိုင်ရေးနှင့် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေး ဟူသော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် - ၄ ကို ပေါက်မြောက်အောင်မြင်နိုင်ရန် သိသာထင်ရှားစွာ အထောက်အကူပြုမည် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာ၌ အခြေခံပညာသည် “ပညာအခြေခံ ဖြစ်သည့်အလျောက် အခြေခံပညာကို “ပြည့်စုံ၊ “ခိုင်မာ “တောင့်တင်းရန် အုတ်မြစ်ကောင်းတစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်ရန် လိုပေသည်။ ထိုသို့ခိုင်မာသော အုတ်မြစ် ကောင်းတစ်ရပ်အဖြစ် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ၏အခြေအနေအပေါ် အခြေခံ၍ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသော ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရမည့် လုပ်ငန်းသည် ပညာရေး၏ အဓိကအရေးကြီးသော အခန်းကဏ္ဍတစ်ခုလည်း ဖြစ်ပေသည်။

ထိုသို့ပြုပြင်ပြောင်းလဲရာ၌ ပညာရေးဝန်ကြီးဌာန သည် အမျိုးသားပညာရေးစနစ်၏ အားသာချက်၊ အားနည်းချက်များကို ဆန်းစစ်အကဲဖြတ်နိုင်ရန်အတွက် အချိန်တိုအတွင်း အကဲဖြတ်ခြင်း(အဆင့်-၁)၊ အသေး စိတ်လေ့လာဆန်းစစ်ခြင်း(အဆင့်-၂)၊ အထောက်အထား အခြေပြု ကုန်ကျစရိတ်လျာထားချက်များ ပါဝင်သော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ရေးဆွဲခြင်း (အဆင့်-၃) စသည့် အဆင့်(၃)ဆင့်ပါသော ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး odc&: (Comprehensive Education Sector Review - CESR)ကို အောင်မြင်စွာ အကောင်အထည်ဖော်

ဆောင်ရွက်နိုင်ခဲ့ပြီး CESR ၏ လေ့လာဆန်းစစ်ချက်အရ မူလတန်းအဆင့် စာသင်ချိန် ၃၀ မိနစ်-၃၅ မိနစ်သည် ကလေးဗဟိုပြုသင်ကြားရန် သင်ကြားချိန် မလုံလောက်ခြင်း၊ အထက်တန်းအဆင့်ပြီးမြောက်ချိန်တွင် အသက်မွေး ဝမ်းကျောင်းလုပ်ငန်း ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် ပြင်ဆင်ပေးမည့် သင်ရိုးဝင်အကြောင်းအရာများအားနည်းခြင်း၊ သင်ထောက်ကူအသုံးပြုမှုနှင့် လက်တွေ့ဆောင်ရွက်နိုင်သည့် သင်ခန်းစာများနည်းပါးခြင်း၊ သင်ယူသူကလေးများ၏ အသက်အရွယ်နှင့် မကိုက်ညီသော သင်ခန်းစာ ထည့်သွင်းထားခြင်း၊ သင်ခန်းစာတစ်ခုနှင့်တစ်ခုအကြား၊ ဘာသာရပ်တစ်ခုနှင့်တစ်ခုအကြား ချိတ်ဆက်မှုကွာဟခြင်း စသည်တို့ကြောင့် အခြေခံပညာအဆင့်အတန်း မြင့်မားရေးနှင့် အရည်အသွေးပြည့်ဝသော သင်ရိုးညွှန်း တမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်လာသည်။

ထို့အပြင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မတိုင်မီအခြေခံ ပညာရေးစနစ်သည် မူလတန်းပညာရေး ၅ နှစ်၊ အလယ် တန်းပညာရေး ၄ နှစ်၊ အထက်တန်းပညာရေး ၂ နှစ် စုစုပေါင်း ၁၁ နှစ် ရှိခဲ့ရာ အရှေ့တောင်အာရှနိုင်ငံများ နှင့်လည်းကောင်း၊ အချို့ အာရှနိုင်ငံများနှင့် လည်းကောင်း နှိုင်းယှဉ်ပါက ကျောင်းနေသည့် ပညာသင်နှစ်ကာလ နည်းနေသည်ကို တွေ့ရှိခဲ့ရသည်။ အကျိုးဆက်အားဖြင့် ကျောင်းနေသည့်နှစ်ကာလ ၁၁ နှစ်၊ အတန်း ၁၁ တန်း ပြီးပါက ပုံမှန်အားဖြင့် အသက် ၁၆ နှစ်ကျော်သာ ရှိသဖြင့် လုပ်ငန်းခွင်ဝင်ရောက်မည့် အသက် ၁၈ နှစ်ထက် ငယ်လွန်းနေသောကြောင့် တက္ကသိုလ်မတက်ရောက်နိုင်သော ကလေးများအတွက် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်မှုမရှိဘဲ မဖြစ်သင့်သော ပြဿနာများ ဖြစ်ပွားခဲ့ရသည်ကို လက်ခံရပေလိမ့်မည်။ ထို့ကြောင့် အရည်အသွေးရှိသော အခြေခံပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အရည်အသွေးရှိသော သင်ရိုးညွှန်းတမ်းများ ရေးဆွဲအကောင်အထည်ဖော်ရန်နှင့် အခြေခံပညာရေးစနစ်သစ်ကို တိုးမြှင့်ဖွဲ့စည်းရန် လိုအပ်လာသည်နှင့်အညီ အခြေခံပညာသင်ရိုးသစ်များကို ၂၀၁၆ ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် တွင် အခြေခံပညာအဆင့်အတန်းများအားလုံး သင်ရိုးသစ်များဖြင့် ပြုပြင်ပြောင်းလဲပြီးဖြစ်သကဲ့သို့ အခြေခံပညာရေးစနစ်ကိုလည်း သူငယ်တန်း+တစ်ဆယ့်နှစ်တန်း (KG+12) အဖြစ် ၂၀၁၆ ခုနှစ်မှစတင်၍ တိုးမြှင့်ဖွဲ့စည်း အကောင်အထည်ဖော်လျက်ရှိရာ ၂၀၂၂ခုနှစ်တွင် ဒွါဒသမ တန်းအထိ (အခြေခံပညာအတန်းအားလုံး) ဖွင့်လှစ်ပြီး ဖြစ်ပေမည်။

(KG+12) သင်ရိုးသစ်ကို မူလ ၁၁နှစ် သင်ရိုးအား အခြေခံ၍ စနစ်သစ် KG နှင့် ဒွါဒသမတန်းတို့ကို ထပ်မံ ဖြည့်စွက်ထားခြင်းဖြစ်သော်လည်း သင်ကြားသင်ယူမှု ပုံစံအားဖြင့် ကျောင်းသားဗဟိုပြုပုံစံဖြစ်ပြီး သင်ခန်းစာများကို ချဉ်းကပ်မှု၊ သင်ကြားပို့ချပေးသည့်နည်းလမ်းနှင့် စစ်ဆေးအကဲဖြတ်မှုတို့တွင် မူလအလွတ်ကျက်မှတ်သည့် စနစ်မှကျောင်းသားကျောင်းသူများအား နိုင်ငံသားကောင်းများ ဖြစ်လာစေရန်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်စေရန်၊ တီထွင်ကြံဆတတ်ရန် ပြုစုပျိုးထောင်လေ့ကျင့်ပေးသွား မည်ဖြစ်ရာ မြန်မာ့ပညာရေးစနစ်၏ ရည်ရွယ်ချက်ဖြစ်သည့် ကျောင်းသား လူငယ်လူရွယ်များကို ၂၁ ရာစုအတွက် လိုအပ်သောအသိပညာနှင့် ကျွမ်းကျင်မှုများ တတ်မြောက်လာစေရန်ဟူသော ရည်ရွယ်ချက်များကို ပေါက်မြောက် အောင်မြင်ပေလိမ့်မည်။ သင်ရိုးသစ်များ၏ ဘာသာရပ်များသည် လုပ်ငန်းအခြေပြု သင်ကြားသင်ယူနည်းဖြစ်သည့် အလျောက် ကျောင်းသားလူငယ်များ ကိုယ်တိုင်ပါဝင်ခွင့်ရပြီး ကိုယ်တိုင်ဦးဆောင်ခွင့်ရသဖြင့် တက်ကြွသင်ယူမှု ဝန်းကျင်အဖြစ် တည်ရှိ၍ အကျိုးရလဒ်အနေဖြင့် ကျောင်းတက်မှန်ကာ ကျောင်းနေပျော်၍ စာတော်သောသူများ ဖြစ်လာပေမည်။ ဤအခါ သင်ရိုးသစ်တွင် လုံးဝ မလိုအပ်သော ကျူရှင်သင်ကြားခြင်းများသည် အလိုလိုလျော့နည်းကာ ပပျောက်သွားမည်ဖြစ်သဖြင့်ကျောင်းသား အတွက် အချိန်မလုံလောက်ခြင်း၊ ဆရာ့အတွက် အချိန် မလုံလောက်ခြင်း ပြဿနာသည်လည်းလျော့နည်းသွားပေ လိမ့်မည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်၍ ကျောင်းသား လက်ခံခြင်းကို ကျောင်းနယ်မြေသတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရန်အတွက် စီမံခန့်ခွဲနိုင်ခဲ့သဖြင့် လာမည့် စာသင်နှစ်များတွင် ကျောင်းသားဦးရေနှင့် စာသင်ခန်း မလုံလောက်မှုများ လျော့နည်းသွားမည့်အပြင် တစ်နိုင်ငံလုံး တစ်သုတ်တက်ကျောင်းများအဖြစ်သာ ကျောင်းချိန်တူညီစွာ သင်ကြားပေးသွားနိုင်မည် ဖြစ်ပါသည်။ ယခင်က သင်ရိုးဟောင်းတွင် သင်ရိုးဝင်ဘာသာဖြစ်သည့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်တို့ကို သင်ရိုးဝင်ဘာသာများအဖြစ် သတ်မှတ်သင်ကြားပြီး ကာယ၊ ပန်းချီ၊ ဂီတ၊ သက်မွေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်များကို တွဲဖက် သင်ရိုးဝင်ဘာသာများအဖြစ် သင်ကြားပေးခဲ့ရာမှ ယခု သင်ရိုးသစ်တွင် ကာယ၊ ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်များကိုပါ သင်ရိုးဝင်ဘာသာများအဖြစ် သတ်မှတ်သင်ကြားလျက် ရှိသည်။

သင်ရိုးသစ် သတ္တမတန်း (Grade-7)၊ အဋ္ဌမတန်း (Grade-8)၊ နဝမတန်း(Grade-9)တို့တွင် ကျောင်းသား ကျောင်းသူများအား တာဝန်ယူတတ်သည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ဒီမိုကရေစီ၏ အလေ့အကျင့် ဖြစ်သော တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို နေ့စဉ်ဘဝတွင် ကျင့်သုံးလာနိုင်စေရန်၊ နိုင်ငံသားတစ်ဦး၏ တာဝန်နှင့် သင့်လျော်သော ဒီမိုကရေစီအလေ့အကျင့်များကို လေ့ကျင့် လိုက်နာတတ်ရန်၊ နိုင်ငံ့သားကောင်းဖြစ်ရန် အထောက်အပံ့ပြု စေမည့် ဒီမိုကရေစီဆိုင်ရာ အလေ့အကျင့်ကောင်း များကို ဆန်းစစ်တတ်ရန်နှင့် ဆန္ဒမဲပေးရွေးချယ်ခြင်းနှင့် ဒီမိုကရေစီ၏ လုပ်ငန်းစဉ်အဆင့်ဆင့်တွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်လာစေရန် အတွက် သင်ခန်းစာများကို ထည့်သွင်းသင်ကြားပေးသွား မည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန် မှာကြားသည့် အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာစားသုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်၊ ဘီယာ အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတ များ ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေးအား ဦးစားပေးလုပ်ငန်းစဉ် (၇) ရပ်အဖြစ် ကျောင်းတွင်း လှုပ်ရှားမှုလုပ်ငန်းများကို သင်ကြားလေ့ကျင့်ပေးသွားရန် လမ်းညွှန်ထားပြီးဖြစ်၍ အခြေခံပညာကျောင်းများ၌ မိမိတို့၏ကျောင်းအခြေအနေအပေါ်မူတည်၍ ဦးစားပေးအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယနေ့အငြင်းပွားနေသော သင်ရိုးသစ်၏ စာသင် ချိန်များကို ဆန်းစစ်ပါက KG (သူငယ်တန်း) တစ်ရက် လျှင် သင်ယူချိန် ၄ နာရီရှိမည်ဖြစ်ပြီး တစ်ပတ်လျှင်ကျောင်းတက်ရက် ၅ ရက်နှုန်းဖြင့် ရက်သတ္တပတ်ပေါင်း ၃၂ ပတ်အတွက် ကျောင်းတက်ရက် ၁၆၀ စုစုပေါင်း သင်ယူချိန် နာရီ ၆၄ဝ ရှိပါသည်။ မူလတန်းအောက်ဆင့် (သင်ရိုးသစ်) ပထမတန်းမှ တတိယတန်းထိ သင်ချိန် တစ်ချိန်လျှင် မိနစ် ၄၀ တစ်နေ့သင်ချိန် ၇ နာရီ သင်ချိန် နာရီ (၄ နာရီ မိနစ် ၄၀) ဖြင့် ရက်သတ္တပတ် ၃၆ ပတ်၊ တစ်နှစ်သင်ချိန် စုစုပေါင်း နာရီ ၈၄၀ ရှိပါသည်။ မူလတန်းအထက်ဆင့် (သင်ရိုးသစ်) စတုတ္ထတန်းနှင့် ပဉ္စမတန်းတွင် သင်ချိန်တစ်ချိန်လျှင် မိနစ် ၄၀ တစ်နေ့ သင်ချိန် ၈ ချိန် သင်ချိန် နာရီ (၅ နာရီ မိနစ် ၂၀ )ဖြင့် ရက်သတ္တပတ် ၃၆ ပတ်၊ တစ်နှစ်သင်ချိန် စုစုပေါင်း နာရီ ၉၆၀ ရှိပါသည်။ အလယ်တန်းဆင့် ဆဋ္ဌမတန်း (သင်ရိုးသစ်)တွင် သင်ချိန်တစ်ချိန်လျှင် ၄၅ မိနစ်တစ်နေ့ သင်ချိန် ၈ချိန် သင်ချိန်နာရီ ၆ နာရီဖြင့် တစ်နှစ်သင်ချိန် စုစုပေါင်း နာရီ ၁၀၈ဝ ရှိပါသည်။ လက်ရှိသင်ရိုးဟောင်း ဖြင့် သင်ကြားနေသော အလယ်တန်းဆင့်နှင့် အထက်တန်း ဆင့်အတန်းများတွင် သင်ချိန်တစ်ချိန်လျှင် ၄၅ မိနစ် တစ်နေ့သင်ချိန် ၇ ချိန် သင်ချိန်နာရီ (၅ နာရီ ၁၅ မိနစ်) ဖြစ်သည့်အတွက် သင်ရိုးဟောင်းနှင့် သင်ရိုးသစ် စာသင်ချိန်သည် ၄၅ မိနစ်သာကွာဟမည်ဖြစ်သောကြောင့် ပြောင်းလဲပြီးသော သင်ရိုးသစ်အတိုင်း စာသင်ချိန် ညှိယူ သင်ကြားခြင်းဖြင့် ကျောင်းသားလူငယ်များအတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာစေမည် ဖြစ်သည်။

အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်းချိန် နှစ်သုတ်တက်ဖြင့် သင်ကြားနေသော အခြေခံပညာကျောင်းများ၏ သင်ရိုးသစ်နှင့် သင်ရိုးဟောင်းအားလုံးကို တစ်နေ့စာသင်ချိန် မိနစ် ၄၀၊၈ ချိန် ဖြေသင်ကြားမည်ဆိုပါက မိနစ် ၃၂ဝ ဖြစ်ပြီး ကွာဟချိန် ၅ မိနစ်သာ ဖြစ်၍ အဆိုပါ ၅ မိနစ်အချိန်အတွက် နေ့လယ် ထမင်းစားချိန် (အားလပ်ချိန်)မှ ၅ မိနစ်ဆောင်းယူဖြေလျှော့ သင်ကြားမှုနှင့် ကျောင်း၏အခြေအနေအပေါ် မူတည်၍ကျောင်းအချိန်ဇယား ရေးဆွဲသတ်မှတ် သင်ကြားခြင်း ပြုလုပ်နိုင်ကြောင်း၊ နှစ်သုတ်တက်ကျောင်းများသည် ပထမအသုတ် နံနက်ပိုင်းစာသင်ချိန် ၆:၃၀ နာရီတွင် ကျောင်းတက်ရပြီး ၁၂:၀၅ နာရီတွင် ကျောင်းဆင်းကာ၊ နေ့လယ်ပိုင်းအသုတ်တွင် ၁၂:၁၀ နာရီ၌ ကျောင်းတက် ရပြီး ၅:၄၅ နာရီတွင် ကျောင်းဆင်းသဖြင့် စာသင်ကြားချိန် ၈ ချိန်အတိုင်း သင်ကြားနိုင်ပြီး စုစုပေါင်းစာသင် ချိန် ၅ နရီ ၂၅ မိနစ်သင်ကြားနိုင်သဖြင့် ပုံမှန် တစ်သုတ်တက် ကျောင်းများနည်းတူ အချိန်ပြည့်သင်ကြား နိုင်ပေမည်။

အောက်ပါဇယားသည် အချို့သော အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၏ ပညာရေး စနစ်နှင့် သင်ကြားချိန်များကို နှိုင်းယှဉ်ဖော်ပြထားသည်။

 

ိါတန

 

မှတ်ချက်။

- မြန်မာနိုင်ငံ၏ မူလတန်း စသင်ချိန်တစ်ချိန်စာမှာ မိနစ် ၄ဝ ဖြစ်သည်။

- ဂျပန်နိုင်ငံ၏ မူလတန်း စာသင်ချိန်တစ်ချိန်စာမှာ ၄၅ မိနစ် ဖြစ်သည်။

- အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံပညာ မူလတန်း စာသင်ချိန်တစ်ချိန်စာမှာ မိနစ် ၄ဝ ဖြစ်သည်။

 

ါတ၄

 

တင်ပြထားသော ပညာရေးစနစ်နှင့် စာသင်ချိန်များ အရ မြန်မာနိုင်ငံ၏ လက်ရှိအခြေခံပညာရေးစနစ် (KG+12) နှင့် စာသင်ချိန်များမှာ အချို့သောအာဆီယံ နိုင်ငံများနှင့် တန်းတူရှိနေပြီဖြစ်သော်လည်း အချို့သော ဖွံ့ဖြိုးဆဲအာဆီယံနိုင်ငံများထက် စာသင်ချိန်နည်းနေသေး သည်ကို တွေ့ရပေမည်။

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍတွင် အခမဲ့ပညာရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြေခံပညာသင်ယူမှု အခွင့်အလမ်း မြင့်မားရေးအတွက် ကျောင်းနေအရွယ်အားလုံး ပညာရေးအဆင့်တိုင်းတွင် မည်သည့်ခွဲခြားမှု မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိစေရေး၊ ကျောင်းထွက်သူ မရှိစေရေး၊ ကျားမတန်းတူညီမျှမှုရှိရေး တို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ဝေးလံသောဒေသများနှင့် သင်ယူရန်အခက်အခဲရှိသူများအတွက် ပညာသင်ယူမှု အခွင့်အလမ်းမြင့်မားရေး ဦးတည်၍ အခြေခံ ပညာကျောင်းများကို နှစ်စဉ်ကျောင်းအဆင့် တိုးမြှင့်ပေး နိုင်ခဲ့ခြင်းကြောင့် အခြေခံပညာ ကျောင်းသားများ၏ ကျောင်းနေနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးတက်လျက်ရှိပါသည်။

ဆရာ၊ ကျောင်းသား အချိုးမျှတရေးနှင့် ပညာအရည် အသွေးမြင့်မားရေး စာသင်ခန်း၊ စာသင်ခုံ၊ စာကြည့်တိုက် အိုင်စီတီ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းရေး၊ စဉ်းစားတွေးခေါ်မှု ဦးတည်သည့် သင်ကြားသင်ယူမှု နည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများဆောင်ရွက်ရေး စီမံခန့်ခွဲမှု အရည်အသွေး ကောင်းမွန်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ယခင်က မိဘ၊ ဆရာ၊ ကျောင်းသားဟူသော ပညာရေးတြိဂံမှ ယခု အခါ မိဘ၊ ဆရာ၊ ကျောင်းသား၊ အစိုးရ အရပ်ဘက် အဖွဲ့အစည်းနှင့် ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများပါဝင်စေကာ ပညာရေးဆဋ္ဌဂံစွမ်းအားဖြင့် ဘက်စုံထောင့်စုံက တွန်းကြရန် ဖြစ်ပါသည်။ ယခင်ကကျောင်းသားတိုင်း ကျောင်းလခ၊ မိဘဆရာ အသင်းကြေး ပေးသွင်းပြီး ကျောင်းတက်ရသော်လည်း ယခုအခါ အခမဲ့ ပညာရေး ဖြစ်ပါသည်။ယခင်က အမျိုးသားပညာရေးဥပဒေ မရှိခဲ့ပါ။ ယခုအခါ အမျိုးသား ပညာရေးဥပဒေ ခိုင်ခိုင်မာမာ ရှိပြီ ဖြစ်ပါသည်။

အခြေခံပညာရေးကဏ္ဍ ပြောင်းလဲမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်လည်းကောင်း၊ နိုင်ငံ တကာပညာရေးအဖြစ်သို့လည်းကောင်း၊ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပညာရေးတွင် ပါဝင် ပတ်သက်သူများအားလုံး (Stakeholders) တက်ညီ လက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုပေသည်။ အထူးသဖြင့် ဆရာ၊ မိဘ၊ ရပ်ရွာလူထုတို့၏ အခန်းကဏ္ဍသည် ဤပြောင်းလဲမှုတွင် အရေးကြီးသည်မှာ ဧကန်အမှန် ဖြစ်ပါ၏။ အဓိကကျသော ဆရာ၊ မိဘတို့က ပြောင်းလဲလာသော ပညာရေးသဘောတရား၊ သင်ကြားနည်း အတွေးအခေါ် အယူအဆတို့ကို နားလည်သဘောပေါက်ပြီး မိမိသားသမီး၊ မိမိတပည့်များ၊ မိမိ၏ပတ်ဝန်းကျင် များကို ကောင်းမွန်သော အပြောင်းအလဲပေါ်တွင် ယုံယုံ ကြည်ကြည်တွန်းတင်ပေးရန် လိုအပ်ပါသဖြင့် အငြင်းပွားမှုများ တတ်နိုင်သမျှ လျှော့ချ၍ ပညာရေးအရွေ့ကို တစ်စိတ်ဝမ်းတစ်လက်ညီ ဝိုင်းဝန်းတွန်းရွှေ့ပေးကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

ချို၊ (ပညာရေး)