ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၈

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် အဆင့်မြင့်ပညာ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း အားကစားနည်း ၄ မျိုးဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင်သွားကြ မည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် အားကစားနည်း ၅ မျိုးဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းအားလုံး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အားကစားပြိုင်ပွဲ ကျင်းပရေး၊ တည်းခိုရေး၊ စားသောက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တာဝန်ရှိသူများက အားကစားပြိုင်ပွဲများ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)