ပညာရေးသင်ကြားခွင့်မရရှိကြသည့် ကလေးများအား သင်ယူနိုင်သည့် အခွင့်အရေးများရရှိနိုင်အောင် ဖန်းတီး ပေးရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား

မန္တလေး ၁၉ စက်တင်ဘာ


အစိုးရအနေဖြင့် ကလေးအလုပ်သမားများပပျောက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ အစီအမံများချမှတ်၍ ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်းနှင့်ပညာရေးကို ထိတွေ့ခွင့်မရရှိကြသည့် ကလေးများအား ပညာသင်ယူနိုင်သည့်အခွင့်အရေးများရရှိနိုင်အောင် မိမိတို့ဖန်းတီးပေးရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။အောင်မြေသာစံမြို့နယ် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၈နာရီခွဲက ပြုလုပ်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မန္တလေးတိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကား၌ ဝန်ကြီးချုပ်က အထက်ပါတိုင်း ပြောကြားခဲ့သည်။

 


"ကျွန်တော်တို့က ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကိုလုပ်နေပါတယ်၊ ဆင်းရဲလို့ကျောင်းမထားနိုင်ဘူး၊ ကျောင်းမထားနိုင်တော့ စီးပွားရေးလုပ်ငန်းထဲ ဝင်လုပ်ရတယ်၊ အဲဒီကလေးတွေအတွက် ပညာသင်ယူမှု အခွင့်အလမ်းရနိုင်တာကတော့ ကျောင်းပြင်ပမူလတန်းပညာသင်ဖြစ်ပါတယ်၊ ကလေးအလုပ်သမား ပပျောက်ရေးကိုလည်း ကျွန်တော်တို့ကထိထိရောက်ရောက်ဥပဒေနဲ့ အညီဆောင်ရွက်ဖို့အစီအမံတွေရှိပါတယ်၊ အလုပ်ပဲလုပ်မယ် ပညာရေးကို ထိတွေ့ခွင့် မရှိဘူးဆိုရင် သူတို့ဘဝအမှောင်ဖုံးနေသလိုပါပဲ၊ အနာဂတ်အတွက်ဆိုရင် ဘယ်ကလေးပဲဖြစ်ဖြစ် ပညာသင်ယူနိုင်တဲ့အခွင့်အရေးတွေ ကျွန်တော်တို့ ဖန်တီးပေးရမှာပါ။

 


ကျောင်းပြင်ပမူလတန်းပညာရေးဟာ ဒီအခွင့်အရေးတွေကိုဖန်တီးပေးနေတာပါ၊ အခြေခံပညာအထက်တန်း အောင်သွားတဲ့သူတွေ ရှိသလိုထူးချွန်တဲ့ သူတွေလည်းထွက်လာတယ်လို့သိရတယ်၊ ကလေးတိုင်းမှာစွမ်း ဆောင်နိုင်တဲ့စွမ်းရည်တွေရှိပြီးသားပါ၊ ဒီစွမ်းရည်တွေကို မြေတောင်မြှောက်ပေးဖို့ပဲရှိပါတယ်၊ အခြေအနေကောင်း တွေဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်၊ကလေးတွေကို ကျောင်းပြင်ပမူလတန်းပညာရေး ပေးနေချိန်မှာမိဘတွေကလည်း ပိုပြီးပေးသင့်တယ်လို့ ထင်ပါတယ်၊ကလေးတွေကိုအလုပ်ခိုင်းနေရာကနေ အားတဲ့အချိန် ပညာသင်ပေးတယ်၊ စိန်ခေါ်မှုတစ်ရပ်ပါပဲ၊ အလုပ်ရှင်တွေဘက်ကလည်း ဥပဒေအတိုင်း လိုက်နာဖို့လိုပါတယ်"ဟုဝန်ကြီးချုပ်က ပြောသည်။

 


ယင်းအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းမြင့်က ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကိုရှင်းလင်းတင်ပြခြင်း၊မြန်မာနိုင်ငံ စာတတ်မြောက်ရေးလုပ်ငန်းအထောက်အကူပြု ပင်မဌာနမှ ကိုယ်စားလှယ် ဒေါ်မေစီအုန်းမောင်ကကျောင်းပြင်ပ ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးမြင့်လွင်က သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများအား မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တာဝန်ပေးအပ်လွှာများပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ကျောင်းပြင်ပမူလတန်းပညာရေး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။နိုင်ငံတော်အတွက်အရေးကြီးဆုံးသည် နိုင်ငံတော်တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံ အားဖြင့် ပညာရေးလုပ်ငန်းသည်အရေးကြီးကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှသာလျှင် နောင်အနာဂတ်မှာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းအနေအရွယ်ကလေးတိုင်း ကျောင်းပညာသင်ကြားရေး ဆိုသည့်မူကိုစွဲကိုင်ပြီး မူလတန်းပညာသင်ကြားသွားနိုင်အောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးနှင့်တွဲလျက် ပြည်သူလူထု၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရန် တပြိုင်တည်း လုပ်ဆောင် နေကြောင်း၊ စစ်ဖြစ်ပြီးစစ်ရှောင်နေရသည့် စစ်ရှောင်စခန်းများတွင်ရှိနေကြသည့် ကလေးများ၏ ပညာရေးမှာအခက်အခဲရှိနေသေးကြောင်း၊ ထိုအခက်အခဲကို ကျော်ဖြတ်နိုင်သည့် နည်းလမ်းမှာ ကျောင်းပြင်ပ မူလတန်းပညာရေး ပင်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

 


ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်း(NFPE)သည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေရသည့် ကလေးများကျောင်းနေခဲ့သော်လည်း အခြေခံ မူလတန်း ပညာပြီးမြောက်အောင် မသင်ကြားခဲ့ရဘဲ စောစီးစွာကျောင်းထွက်ခဲ့ရသည့် အသက် ၈နှစ်မှ ၁၄နှစ်ကြား ကလေးသူငယ်များအတွက် ဒုတိယ အကြိမ် ပညာသင်ယူခွင့် အခွင့်အလမ်း ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ဖြည့်ဆည်းပေးမည့် အစီအစဉ်ဖြစ်ကြောင်း၊ ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်း(NFPE)သည် လွန်ခဲ့သည့် ၁၀နှစ်ကျော်အတွင်းကအစပြုခဲ့ကြောင်း၊ အခက်အခဲပေါင်းစုံ၊စိန်ခေါ်မှုမျိုးစုံ တို့ကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း တစိုက်မတ်မတ် အားထုတ်ခဲ့ကြသည့် သင်ကြားပေးသူကြီးကြပ်သူများ၏အားထုတ်မှုကြောင့် ရလဒ်ကောင်းများထွက် ပေါ်လာကြောင်း၊ NFPE သည်အခြေခံပညာကျောင်း များသို့ ပြန်ဝင်သည့်ကလေးများ ကလေးစာတတ်မြှောက်ကြပြီး ဆယ်တန်း အောင်မြင်သည့် ကလေးများလည်း နှစ်စဉ်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

 


ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းတွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျောင်းပြင်ပမူလတန်း ပညာရေးတက်ရောက်နေသော အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်၊ မတ္တရာမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့မှ ကျောင်းသားကျောင်းသူ ၆၆၂ ဦးအတွက် တစ်ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင်နှုန်းဖြင့် စုစုပေါင်း ၆၆၂ ဒါဇင်အား မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှလှူဒါန်းခဲ့သည်။

 


တင်မောင်(မန်းကိုယ်ပွား)