ပြည်ကြီးတံခွန်မြို့နယ်၌ ဓားပြခြိမ်းခြောက်မှုဖြစ်ပွားရာ ခြောက်ဦးဖမ်းဆီးရမိထား

နေပြည်တော်  ၃  ဩဂုတ် 


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ (၆၃)လမ်းနှင့် ကနောင် မင်းသားကြီးလမ်းကြားနေ ဦးစိုး(ခ)စိုးလှိုင်ဝင်း(၄၅)နှစ်သည် ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် နေအိမ်၌ အိပ်ပျော်နေစဉ် နေအိမ်ခြံရှေ့မှ အော်နှိုးသံကြားရသဖြင့် ၎င်းက ခြံတံခါးအား သွားရောက်ဖွင့်ပေးရာ Mask များတပ်ဆင်လျက် ဦးထုပ်ဆောင်းထားသည့် အမျိုးသား ၇ ဦး မှာ ဓားများ၊ လေးဂွများ ကိုင်ဆောင်လျက် နေအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းနောက် နေအိမ်ရှိ မိသားစုဝင်များအား လိုက်လံနှိုးပြီး ရွှေ/ငွေပစ္စည်းများအား ထုတ်ပေးရန်ပြောသောကြောင့် ဦးစိုး(ခ)စိုးလှိုင်ဝင်းမှ ငွေကျပ် ၇ သိန်းကျော်ခန့်အား ထုတ်ပေးခဲ့သော်လည်း တူမဖြစ်သူ စောနန္ဒာဦး ဝတ်ဆင်ထားသော ကျောက်နီပါ ရွှေနားကပ် ၁ ရံ ကိုပါ ချွတ်ပေးရန် တောင်းခံသဖြင့် ချွတ်ပေးခဲ့ကြောင်း၊  ထို့ပြင် ၎င်းတို့သည် အိပ်ခန်းများအတွင်းသို့ ဝင်ရောက်ရှာဖွေ ရာ ရွှေ/ငွေ ပစ္စည်းများအား မတွေ့ရှိသဖြင့် Vivo အမျိုးအစား လက်ကိုင်ဖုန်းပါ ဖုန်း ၉ လုံး ၊ Dell အမျိုးအစား Laptop ၁ လုံး တို့အား ယူဆောင်၍ ပြန်လည်ထွက်ခွာသွားခဲ့ရာ  ဦးစိုး(ခ)စိုးလှိုင်ဝင်းက စက်မှုနယ်မြေရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေခဲ့ကြောင်း သိရှိရသည်။


နံနက် ၂ နာရီတွင် အဆိုပါနေအိမ်အရှေ့ဘက် ၁၅ ကိုက်ခန့်အကွာ (၆၃)လမ်းနှင့် ကနောင် မင်းသားကြီးလမ်းထောင့်ရှိ ချုံတောအတွင်း၌ ပုသိမ်ကြီးမြို့နယ်၊ စည်ပင်သာယာရပ်ကွက်နေ မင်းထက် (ခ)ကစ်ကစ်(၂၀)နှစ် နှင့် ရေထွက်ကျေးရွာနေ စည်သူဗိုလ်(ခ)စည်ကြီး  တို့ ၂ ဦး အား ဓား ၁ ချောင်း၊ လေးဂွ ၂ လက်၊ ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများမှာ ကံသာယာကျေးရွာနေ ဟိန်းသော်ဦး(ခ)ဖိုးသဲ(ခ)နဂါး(၁၈)နှစ်၊ ရေထွက်ကျေးရွာနေ ဒိုးလေး(၁၈)နှစ်၊ တစ်ရွာတည်းနေ အောင်ဇင်မင်း(၁၇)နှစ်၊ စစ်သိန်းတန်(ခ)စစ်ကြီး(၁၈)နှစ် နှင့် ကံသာယာကျေးရွာနေ အောင်ဝင်းဘို(ခ)ရုပ်ဆိုး(၂၀)နှစ်တို့ ၅ ဦး ဖြစ်ကြောင်းသိရှိရ၍ စက်မှုနယ်မြေရဲစခန်း က အမှုရေးဖွင့်ဆောင်ရွက်ပြီး ကျန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။


ပြစ်မှုကျူးလွန်သူများအား အမြန်ဖမ်းဆီးရမိရေး နယ်မြေအတွင်းသတင်းရယူဆောင်ရွက်ခဲ့ရာ ဟိန်းသော်ဦး (ခ)ဖိုးသဲ(ခ)နဂါးအား ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၌လည်းကောင်း၊ ဒိုးလေး၊ အောင်ဇင်မင်း၊ စစ်သိန်းတန်(ခ)စစ်ကြီးတို့ ၃ ဦးအား Dell အမျိုးအစား Laptop ၁ လုံး၊ ဖုန်း ၃ လုံး၊ ဓါးရှည် ၃ ချောင်း၊ ဓါးမြှောင် ၁ ချောင်း၊ လေးခွ ၁ လက်၊ ဆိုင်ကယ် ၂ စီးတို့နှင့်အတူ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ အမှုမှ စုစုပေါင်း ပြစ်မှုကျူးလွန်သူ (၆)ဦး ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့်  အောင်ဝင်းဘို(ခ) ရုပ်ဆိုးအား ဖမ်းဆီးရမိရေးစုံးစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။  

 

ဖြစ်ပွားခဲ့သည့် ဓားပြမှုနှင့် ပတ်သက်၍ "အသက် ၁၈ နှစ်အောက် လူငယ်တွေပါတယ်။ ဒီအဖွဲ့က အရင်ကလည်း ဒီလိုအမှုတွေရှိခဲ့တယ်။ ပုသိမ်ကြီးဘက်မှာလည်း လုယက်ခဲ့တဲ့ အမှုတွေရှိတယ်။ ဒီဓားပြမှုကတော့ နာရီပိုင်းအတွင်းပဲ ဖမ်းဆီးမိခဲ့တာပါ” ဟု စက်မှုနယ်မြေ ရဲစခန်းမှ ရဲအုပ်လှထွန်းအေးက ပြောသည်။ 

အိမို့မို့ခိုင်