နေပြည်တော် မတ် ၃၀
ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၄၇၂ ဒသမ ၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် သာစည်မြို့နယ်တွင် ငွေကျပ် ၂၀၀ ဒသမ ၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖမ်းဆီးရမိ
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ) ရပ်ကွက်၊ ၆၂ လမ်း၊ ၁၁၈ x ၁၁၉ လမ်းကြားတွင် ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်နေ မြင့်နိုင်ဦး (ခ) ကိုရဲ (၅၆)နှစ် မောင်းနှင်လာသော ADIXIN အမျိုးအစားဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၁၂၀) ဖမ်းဆီးရမိသည်။
စစ်ဆေး ဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မြင့်နိုင်ဦး (ခ) ကိုရဲ နေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၂၀၀)၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေ တစ်ကီလို (ဆေးပြားတစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၁၅၀) နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ရှစ်ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂ ဒသမ ၄ သိန်း) တို့ကို ထပ်မံသိမ်းဆည်းရမိသဖြင့် မြင့်နိုင်ဦး (ခ) ကိုရဲအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
ထို့အတူ မတ် ၂၈ ရက် ည ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ မန္တလေးသို့ မောင်းနှင်လာသည့် JINDEI အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ကျွန်းလှမြို့နယ် ရေရှင်ကျေးရွာနေ မမြင့်မြင့်ထွေး (၂၆) နှစ်၊ ပျော်ဘွယ်မြို့နယ် ရှမ်းပွဲရပ်ကွက်နေ မစုစုဝင်း (၄၅) နှစ်တို့ နှစ်ဦး သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၇၅ ဒသမ ၅ သိန်း)၊ ဘိန်းစိမ်း ၂ ဒသမ ၈ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ကိုးသိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၅ ဒသမ ၂ သိန်း) တို့ကို သိမ်းဆည်းရမိသဖြင့် မမြင့်မြင့်ထွေးနှင့် မစုစုဝင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


