ပြည်ကြီးတံခွန်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

 

နေပြည်တော်၊ မေ ၁ 

ပြည်ကြီးတံခွန်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၇၃ လမ်းရှိ မော်တော်ယာဉ်ဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ ကောင်းထက်ဇော်(ခ) ကောင်းကောင်းအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူလာသည့် ပလတ်စတစ်ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်အရ ညနေ ၄ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြေ့သာယာရပ်ကွက်၊ မြဝတီမင်းကြီး (၄) လမ်းရှိ မော်တော်ယာဉ်ဂိတ်တွင် မခင်ဌေးမော် (ခ) မမော် ကိုလည်းကောင်း၊ အလားတူ ဧပြီ ၃၀ ရက် မွန်းတည့် ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မအို့ကျေးရွာအုပ်စု၊ မအို့ကျေးရွာရှိ ကျော်စွာမင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် တစ်ရွာတည်းနေ ထွန်းထွန်းလတ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်