ပြည် ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ “အရန်သားဖွားဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ” ကို ပြည်မြို့ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည်။
ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားသည်။
ထိုသို့ ဆွေးနွေးပွဲ ဆောင်ရွက်ရာတွင် ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာများက ဦးဆောင်၍ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုနည်းစနစ်များ၊ သားဖွားခြင်းဆိုင်ရာ အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အရန်သားဖွားဆရာမများ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် မြေပြင်လုပ်ငန်းခွင်၌ ကြုံတွေ့ရသည့် အတွေ့အကြုံ၊ အခက်အခဲများကို အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ အရန်သားဖွားဆရာမ ၄၁ ဦး တက်ရောက်ဆွေးနွေးလျက်ရှိပြီး ဆွေးနွေးပွဲကာလမှာ ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ စုစုပေါင်း ငါးရက်တာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝဏ္ဏထွန်း(ပြန်/ဆက်)


