ပဲခူး ဒီဇင်ဘာ ၅

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တောင်ခွေးရဲကျေးရွာတွင် သခွားသီးနှံများကို မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

သခွားသီးကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် သခွား- ၃၉၅ မျိုးကို စိုက်ပျိုးကြပြီး မျိုးစေ့ကို ပျိုးထောင်၍ နှစ်ပတ်အကြာတွင် စိုက်ပေါင်၌ ပင်ကြားတန်းကြား နှစ်ပေ၊ နှစ်ပေခွဲခန့်ထား၍ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ရှစ်သိန်းခန့်ကုန်ကျကြောင်း၊ သခွားသီးအနုအရင့် ပေါ်မူတည်၍ ခုနစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ တစ်ကြိမ် ခူးဆွတ်လျှင် သခွားသီးအလုံးရေ ၁၀၀၀၀-၁၃၀၀၀ ခန့်ထွက်ရှိကြောင်း၊ ယခုအချိန်တွင် သခွားသီးများ စတင်ထွက်ပေါ်၍ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး လက်ကားဈေး သခွားသီးတစ်လုံးလျှင် ငွေကျပ် ၁၅၀-၂၀၀ ဖြင့် ရောင်းချရသည့်အတွက် တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ သခွားစိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး ပြည်မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် သခွားသီး ဈေးနှုန်းများ ကောင်းမွန်သည့်အတွက် တောင်သူများ အကျိုးအမြတ် ပိုမိုရရှိကြောင်း သိရသည်။

MDN