ပြည်မြို့တွင် အများပြည်သူစားသုံးမည့် အသားအရည်အသွေးမြင့်မားတိုးတက်ရေးနှင့် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေးအတွက် "အသားစစ်ဆေးခြင်းသင်တန်း" ဖွင့်လှစ်

ပြည် မေ ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပြည်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အများပြည်သူစားသုံးမည့် အသား အရည်အသွေးမြင့်မားတိုးတက်ရေးနှင့် ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းရေးအတွက်ရည်ရွယ်ဖွင့်လှစ်သည့် "အများပြည်သူစားသုံးမည့် အသားစစ်ဆေးခြင်းသင်တန်း" ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြည်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ကျင်းပရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသောဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူဝန်ထမ်းများ တက်ရောက်သည်။

သင်တန်းဖွင့်ပွဲတွင်  ပြည်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းရွှေက အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက သင်တန်းရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်ခရိုင် ခြောက်မြို့နယ်ရုံးများမှ ဦးစီးမှူးများနှင့် ဌာနတွင်းဝန်ထမ်း သင်တန်း သား၊ သင်တန်းသူ ၂၀ က တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားသည်။

သင်တန်းတွင် ယင်းဌာနတွင်းဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ ၂၀ ကို  " အသားအမျိုးအစား ခွဲခြားစိစစ်ခြင်း၊ အသားထဲတွင် သန်ရောဂါရှိ/မရှိနှင့်အခြားရောဂါများ ပါ/မပါ စစ်ဆေးခြင်းအပါအဝင် စာသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေးအတွက်အသားစစ်ဆေးခြင်း နည်းပညာများကို မေ ၁၈ မှ ၂၁ ရက်အထိ သင်တန်းကာလ လေးရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာန ပြည်ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)