နေပြည်တော်၊ ဧပြီ ၁၉

ပြည်ပမှစက်သုံးဆီ တင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားသည်။
    
အစည်းအဝေး၌ လတ်တလောပျံ့နှံ့နေသည့် စက်သုံးဆီနှင့်ပတ်သက်သော သတင်းမှား များကြောင့်လည်းကောင်း၊ စက်သုံးဆီလက်လီအရောင်းဆိုင်များတွင် စက်သုံးဆီများ အကန့် အသတ် ဖြင့် ရောင်းချနေသည့်အတွက်ကြောင့်လည်းကောင်း၊ သုံးစွဲသူပြည်သူများ စိုးရိမ်မှုများ ဖြစ်ပေါ်လာကာ အလုအယက်ဝယ်ယူနေကြသည့် အခြေအနေအပေါ် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် သက်ဆိုင်ရာဌာနများအကြား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
    
ဆွေးနွေးညှိနှိုင်းမှုများတွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသာမက လက်လီ ရောင်းချသည့် စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေသည့် SMEs လုပ်ငန်းရှင်များက စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြစ်ပေါ်နေသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနဘက်မှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့် အခြေ အနေများ၊ အများပြည်သူအခက်အခဲများ၊ စိုးရိမ်မှုများကို လျော့နည်းပပျောက်စေရေး အတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
    
စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများ အနေဖြင့် တင်သွင်းမည့် လုပ်ငန်းစဉ်များအပေါ် စိုးရိမ်ပူပန်ခြင်းမရှိဘဲ စက်သုံးဆီလက်လီအရောင်းဆိုင်များတွင် ရည်ညွှန်း ဈေးနှုန်းဘောင်အတွင်း အကန့်အသတ်မရှိ စားသုံးသူပြည်သူများဝယ်ယူရရှိနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန် သဘော တူခဲ့ကြကြောင်း သိရသည်။ 
    
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီတင် သွင်းသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)