ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်းမရှိစေရေး ထပ်မံအသိပေးကြေညာ

နေပြည်တော် ဇွန် ၂၀ 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍  သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက် မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေ ၃၀ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ ( ၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။ 

အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်းမပြုလုပ်ရန်နှင့် ခွင့်ပြုချက်မရရှိဘဲ ရောက်ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီများကို ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသော်လည်း သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိသေးသော ကုန်ပစ္စည်းများကို ကြိုတင် တင်သွင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။

ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ်သော အရေးကြီးကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန် ကုန်လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြုထားပြီး ဖြစ်သည်။

သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထား လိုက်နာ စေရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင် /ပါမစ် ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထပ်မံနှိုးဆော်အသိပေး ကြေညာထားသည်။

သတင်းစဉ်