ပြည်ပနိုင်ငံ၏ ဝယ်လိုအားကြောင့် နယ်စုံဒေသများမှ ဝင်ရောက်လာသည့် နွေပဲတီစိမ်း(အညာရွှေဝါ)များ အရောင်းအဝယ်ကောင်းနေ

မန္တလေး မေ ၃၁

 

ယခုရက်ပိုင်း မန္တလေးပဲဈေးကွက်အတွင်းသို့ နယ်စုံဒေသမှ ရေသွင်းစိုက်ပျိုးပြီး ပေါ်ဦးပေါ်ဖျား ဝင်ရောက်လာသည့် နွေပဲတီစိမ်း(အညာရွှေဝါ)များ ပြည်ပနိုင်ငံ၏ ဝယ်လိုအားကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါ ပဲတီစိမ်း(အညာရွှေဝါ)များသည် နွေသီးနှံအဖြစ် မတ္တရာ၊ စဉ့်ကူး၊ ရေစကြို၊ မြောင် စသည့်နယ်ဒေသများမှ ဝင်ရောက်လာကြောင်း၊ ယခုနှစ်ထွက်ရှိလာသည့် ပဲတီစိမ်းများမှာလည်း ရာသီဥတုကောင်းမွန်မှုကြောင့် ရောင်းတန်းဝင်အဖြစ် အရည်အသွေးကောင်းမွန်ပြီး အလုံးအဖန်များလည်း ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရကြောင်း၊ ယခုနှစ် ယနေ့ပေါက်ဈေးအနေဖြင့် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၉၅၀၀၀ ပေါက်ဈေးရှိကာ ဈေးကောင်းများရရှိနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

 

“နွေပဲတီစိမ်း(အညာရွှေဝါ)တွေက နယ်စုံကနေ အရေအတွက်များများ ဝင်ရောက်နေပါတယ်။ ခုရက်ပိုင်းမှာ ပေါ်ဦးပေါ်ဖျား ပဲတီစိမ်း(အ ညာရွှေဝါ)တွေ ဈေးကောင်းများနဲ့ အရောင်းအဝယ်တွေ ကောင်းနေတယ်။ နွေသီးနှံအဖြစ် ဒီနှစ်မှာအထွက်နှုန်းလည်း လျော့ကျမသွားပဲနဲ့ ပုံမှန်အတိုင်း ထွက်ရှိလာပါတယ်။ မကြာခင်ကာလမှာလည်း နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ် စတဲ့ဒေသကနေ ပဲတီစိမ်းတွေလည်း ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ပဲတီစိမ်းက မန္တလေးဈေးကွက်က အဓိကကျပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အန္ဒိယနိုင်ငံတွေကို နှစ်စဉ်တင်ပို့နေရပါတယ်။ ဒီနှစ်က တောင်သူတွေ တွက်ခြေကိုက်တဲ့နှစ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက‌ပြောသည်။

 

အဆိုပါ ပဲတီစိမ်းသီးနှံကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စပါးကဲ့သို့ ရာသီမရွေးစိုက်ပျိုးကြပြီး ထွက်ရှိလာကြောင်း၊ ပြည်ပနိုင်ငံများသို့ အဓိကအားထား တင်ပို့ရောင်းချရသည့် သီးနှံဖြစ်ကြောင်း၊ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပဲတီစိမ်းကို ဆောင်းသီးနှံအဖြစ်သာ စိုက်ပျိုးကြကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)