ပြည်ပပို့ကုန်အလားအလာကောင်းသည့် ဝဥစိုက်ပျိုးထုတ်လုပ်‌ရေး

 

တောင်သူများ ဝင်ငွေတိုးရေးအတွက် ဝဥစိုက်ပျိုးရန် နှိုးဆော်တိုက်တွန်းလျက်ရှိသည်။ ဆန်အစားထိုး စားသုံးနိုင်သည့် သီးနှံဖြစ်သောဝဥကို မြန်မာနိုင်ငံတွင် စားသုံးမှုနည်းပါးလျက်ရှိသေးသော်လည်း ဝဥသည် စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါး ကုန်ကြမ်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးဝင်သောကြောင့် ပြည်ပ ဝယ်လိုအားရှိသော စိုက်ပျိုးရေးထွက်ကုန်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ဝဥကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် အရိပ်ကောင်းပြီး အစိုဓာတ်ကောင်းသည့် နေရာများ၌ သဘာဝအလျောက် ပေါက်ရောက်သည်ကို တွေ့ရသလို ရန်ကုန်၊ တနင်္သာရီ၊ ရခိုင်နှင့်ချင်းတို့တွင် စီးပွားဖြစ် စိုက်ပျိုးသည်ကိုလည်း တွေ့ရသည်။ ပြည်ပဈေးကွက် ဝယ်လိုအားရှိသည့် သီးနှံဖြစ်သည့်အလျောက် သဘာဝအတိုင်း အလေ့ကျပေါက်သည့် ဝဥများကို ရှာဖွေတူးဖော်မှု များပြားလျက်ရှိရာ ရေရှည်တွင် ရရှိမှုနည်းပါးလာခြင်းနှင့် ဈေးကွက်ဝင် အရွယ်အစား မရရှိနိုင်တော့ခြင်းတို့ ကြုံတွေ့လာရသည့်အတွက်  ဝဥစိုက်ပျိုးမှုကို  စနစ်တကျ ဆောင်ရွက်ရန် လိုအပ်လာသည်။ ထို့အပြင် ဝဥစိုက်ပျိုးထုတ်လုပ်သူများအတွက် ဈေးကွက်ခိုင်မာစေရန် ပြည်ပသို့ တင်ပို့မှုအပြင် တစ်ဖက်တွင်လည်း ပြည်တွင်းစားသောက်သုံးစွဲမှု မြင့်မားလာစေရန် စားသောက်ကုန် အမျိုးမျိုးထုတ်လုပ်၍ ဈေးကွက်ကျယ်ပြန့် လာစေရန် ဖော်ဆောင်ပေးရမည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံမှ ထုတ်လုပ်သည့်  ဝဥပြည်ပတင်ပို့မှုတွင်  တရုတ်နိုင်ငံသို့ ၈၅ ရာခိုင်နှုန်းခန့် တင်ပို့နေခြင်းဖြစ်ပြီး ဂျပန်နိုင်ငံသို့ ၁၅ ရာခိုင် နှုန်းခန့်သာ တင်ပို့နေခြင်းဖြစ်သည်။

 

ဝဥပင်သည် မိုးများပြီး ပူနွေးစွတ်စိုသော ရာသီဥတုနှင့် မြေဆွေးဓာတ်များပြီး အစိုဓာတ်ထိန်းအား ကောင်းသည့် နုန်းမြေ၊ မြေချဉ်ငန်ဓာတ် (PH) ၅ ဒသမ ၅ မှ ၆ ဒသမ ၅ ကို ကြိုက်နှစ်သက်သည်။ ပျမ်းမျှအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီ ဂရိတ်ကြား၊ အပင်ကြီးထွားချိန်တွင် မိုးရေချိန် ၆၀ လက်မ ရွာသွန်းသည့် ဒေသမျိုးတွင် ဖြစ်ထွန်းသည်။ ရေစီးရေလာမကောင်းသော ရေဝပ်မြေမျိုးကို မကြိုက်သော အပင်မျိုးဖြစ်သည်။ အရိပ်ကြိုက်သော အပင်မျိုးဖြစ်‌သောကြောင့်  နှစ်ရှည်ပင်များကြားတွင် ကြားသီးနှံအဖြစ် စိုက်ပျိုးနိုင်သည်။ ပြည်တွင်းဈေးကွက်တွင် ဝဥအမျိုးအစား သုံးမျိုးရှိရာ ဝဥအနီရောင်ကို ပထမတန်းစား၊ အဝါရောင်ကို ဒုတိယတန်းစား၊ အဖြူရောင်ကို တတိယတန်းစား အဖြစ် သတ်မှတ်ထားသည်။

 

ဝဥကို စားသောက်ကုန်၊ အလှကုန်၊ ဆေးဝါးနှင့်စက်မှု ကုန်ကြမ်းအဖြစ် သုံးစွဲနိုင်သော်လည်း မိမိတို့နိုင်ငံမှ ရောင်းချရာတွင် ဝဥခြောက်အနေဖြင့်သာ ရောင်းချနေရခြင်းဖြစ်သည်ဟုဆိုသည်။ ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ဝဥကုန်ချောထုတ်လုပ်ခြင်းတို့အတွက် နည်းပညာနှင့် အရင်းအနှီးတို့ လိုအပ်ကြောင်း၊ ဝဥကုန်ချော စက်ရုံ ၂၀ ကျော်ခန့်ရှိရာတွင် တိုင်းရင်းသား နိုင်ငံသားပိုင် စက်ရုံတစ်ရုံသာရှိကြောင်း သတင်းများတွင် တွေ့ရှိရာ ဝဥကုန်ချောထုတ်လုပ်မှုတွင် နိုင်ငံသားပိုင် သို့မဟုတ် နိုင်ငံပိုင်စက်ရုံများ တည်ထောင်ခြင်းဖြင့် ကုန်ကြမ်းသက်သက်သာ ရောင်းချနေရသည့် ဘဝမှလွတ်မြောက်နိုင်မည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး အပါအဝင် ပြည်ပတင်ပို့မှုများ ရပ်ဆိုင်းနေခဲ့သော်လည်း ရောဂါကူးစက်ပျံ့နှံ့မှု  ကျဆင်းလာသည်နှင့်အမျှ  ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ကြရမည်ဖြစ်သည်။ ပြည်ပဈေးကွက် အလားအလာကောင်းမွန်သည့် ဝဥစိုက်ပျိုး ထုတ်လုပ်ရေး၊ ဝဥကုန်ကြမ်းမှ ကုန်ချောထုတ်လုပ် တင်ပို့နိုင်ရေးအတွက် လိုအပ်သော နည်းပညာ အကူအညီ၊ ရင်းနှီးမြှုပ်နှံမှု  အကူအညီများဖြင့် ထောက်ပံ့ကူညီကာ မြန်မာ့စိုက်ပျိုး ထုတ်ကုန်အတွက် ပြည်ပဈေးကွက် ခိုင်မာကျယ်ပြန့်နိုင်ပါစေကြောင်း။  

 

မြန်မာ့အလင်း