ပြည်ပသို့ လစဉ်ဆန်တန်ချိန် နှစ်သိန်းဝန်းကျင် တင်ပို့လျက်ရှိ

မတ် ၁၂

 

ပြည်ပသို့ လစဉ်ဆန်တန်ချိန် နှစ်သိန်းဝန်းကျင် တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

 

“ကျွန်တော်တို့ လစဉ်ဆန်တန်ချိန် (၂)သိန်းဝန်းကျင်လောက် ပျမ်းမျှတင်ပို့မှုကို Plan ထားပါတယ်၊ ဒါကတော့ ဟိုးယခင်ထဲကထားတာပါ၊ တစ်လကို တန်(၂)သိန်းလောက် ပုံမှန်ပို့သွားမယ်၊ တချို့လည်း ပြီးခဲ့တဲ့ လတွေမှာ (၁)သိန်းခွဲလောက်ပေါ့၊ တစ်နှစ်ကိုတော့ ဆန်တန်ချိန် (၂)သန်းဝန်းကျင် ၂ ဒသမ ၁ သန်း၊ ၂ ဒသမ ၂ သန်းပေါ့နော်။ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တင်ပို့သင့်တဲ့ပမာဏ ဖြစ်ပါတယ်၊ ဒါလေးကို ကျွန်တော်တို့ ပုံမှန်တင်ပို့နေပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

 

“ကျွန်တော်တို့နိုင်ငံမှာ ဆန်ကဖူလုံပါတယ်၊ မနှစ်က ဆန်ဟောင်းတောင် ဒီနှစ်ထိထားစားတယ်၊ အခုချိန်ထိ စားလို့ရသေးတယ်၊ ဆန်ကဖူလုံတယ်၊ လုံလုံလောက်လောက်ရှိတယ်၊ ဒါကြောင့်မို့ စိုးရိမ်တကြီးဖြစ်စရာမလိုပါဘူး၊ ဈေးကစားချင်တဲ့ ရည်ရွယ်ချက်နဲ့ လှောင်တာမျိုးတွေမလုပ်ဖို့ ကျွန်တော်တို့စည်းကမ်းပိုင်းဆိုင်ရာ သတိပေးရတာတွေတော့ ရှိပါတယ်၊ တစ်ဖက်က ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်သင့်တဲ့ဟာလေးတွေလုပ်ရသလို ပြည်ပတင်ပို့မှုကို ထိန်းညှိဆောင်ရွက်မှုမျိုးတွေလည်း စီစဉ်ရတယ်၊ ပြည်ပတင်ပို့မှုကတော့ ပုံမှန်လုပ်နေပါတယ်”ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောသည်။

 

ပြည်တွင်စားသုံးသည့်ဆန်နှင့် ပြည်ပတင်ပို့သည့်ဆန်များမှာ များသောအားဖြင့် မတူကြောင်း၊ ပြည်ပတင်ပို့သည့် အချို့ဆန်အမျိုးအစားများအား ပြည်တွင်း၌ စားသုံးမှုမရှိကြောင်းနှင့် ပေါ်ဆန်းကဲ့သို့ဆန်များအား ပြည်ပတင်ပို့မှု အနည်းငယ်သာရှိကြောင်း၊ ပြီးခဲ့သည့်အပတ်စျေးကွက်ထဲတွင် ဆန်ဈေးနှုန်းအနည်းငယ် ပြန်ကျလာကြောင်း၊ နွေစပါးလည်း မကြာခင် ပေါ်ထွက်လာမည်ဖြစ်ကြောင်းနှင့် တစ်ဖက်တွင် ဆန်စပါး စိုက်ပျိုးသည့် တောင်သူများအတွက် ထိုက်သင့်သည့် အကျိုးအမြတ်များရအောင် လုပ်ပေးရန်လည်း လိုအပ်ကြောင်းလည်း သိရသည်။

 

ဆန်စပါးထွက်ရှိမှုနှင့် ရရှိမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ခြုံကြည့်ပါက ပုံမှန်အခြေအနေနီးပါးဖြစ်ကြောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အထွက်နှုန်းများကောင်းကြောင်း၊ စပါးဈေးကောင်းသည့်အတွက် တောင်သူလယ်သမားများ မြေသြဇာပိုမိုအသုံးပြုနိုင်ကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့်လည်း လာမည့်မိုးစပါးအတွက် ဓာတ်မြေဩဇာများ သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝန်းရံခ