ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၄)  သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ဒီဇင်ဘာ ၂၇

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်း ဦးစီး ဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (နေပြည်တော်)၌ ကျင်းပသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်းဆင်း အမှာစကားပြော ကြားပြီး ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်၍ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြား သည်။

အဆိုပါသင်တန်းသို့  ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ အောက်ရှိ ဌာနအဖွဲ့အစည်းများမှ  စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးအဆင့် အရာ ထမ်း ၃၂ ဦး တက်ရောက်ကြသည်။ 

သင်တန်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသိကောင်းစရာများ၊ အခွန် ပေးဆောင်ရာ၌ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဆိုင်ရာအခွန်ကိစ္စရပ်များ၊ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်း၊ ပြည်ပချေးငွေနှင့် ပြည်ပအကူအညီရယူခြင်း၊ နိုင်ငံခြားငွေသုံးစွဲခြင်း၊ ငွေတိုက်လုပ်ငန်း ဆိုင်ရာဘဏ္ဍာရေး သတင်းအချက်အလက်များ၊ စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းစသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့နှင့်ယှဉ်၍ ဆွေးနွေးပို့ချခဲ့ပြီး သင်တန်း ကာလမှာ ရက်သတ္တပတ်လေးပတ် ကြာမြင့်ခဲ့သည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဒီဇင်ဘာ ၂၂ ရက်က မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် အကောက်ခွန်ဦးစီးဌာနရုံးချုပ်၌ တင်ဒါလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များ၊ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးခုံရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဌာန၏လုပ်ငန်းဆောင်ရွက်မှု များကို ကြည့်ရှုစစ်ဆေးခဲ့ကာ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အေးရှားဝါးလ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကိုလည်း ကောင်း၊ မြန်မာ့အာမခံလုပ်ငန်းကိုလည်းကောင်း   ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား သည်။

ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်၌ ကျင်းပသည့် ဘဏ်၏ပထမလေးလပတ်နှင့် ဒုတိယလေးလပတ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများကို စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ ချေးငွေကိစ္စများကို အသေးစိတ်ဆွေးနွေးမှာကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်များသို့ သွားရောက်၍ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ အားတွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)