ပြည်သူ့စာကြည့်တိုက်များ အသွင်ပြောင်းဖို့ဆိုလျှင်

အေးမြင့်အောင်

 

ခေတ်သမိုင်းတစ်ခုကို ချဉ်းကပ်လေ့လာဖို့ဆိုလျှင် ကြောင်းကျိုးညီညွတ်မျှတသော ဆင်ခြင်တုံတရားအပေါ် အခြေခံ၍ သုံးသပ်သိမြင်နိုင်မှသာ ပကတိအရှိတရားနှင့် နီးစပ်နိုင်မည်ဟု ဆိုကြသည်။ တစ်နည်းအားဖြင့် မျက်မှောက်ခေတ် ဖြစ်တည် ရှင်သန်လာမှုများသည် ကြောင်းကျိုးမဲ့စွာ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အတိတ်သမိုင်းကြောင်းနှင့် ဆက်စပ်ပြောင်းလဲ ဖြစ်ပေါ်လာခဲ့သည်ဟု သိနားလည်မိသည်။

မကြာသေးမီက ပြည်သူ့စာကြည့်တိုက်များ အသွင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲများ တွေ့မြင်ကြားသိခဲ့ရသည်။ ယင်းဆွေးနွေးပွဲများက ခေတ်အဆက်ဆက် အေးခဲလုဆဲဆဲဖြစ်နေသော ပြည်သူ့စာကြည့်တိုက်များ၏ အခန်းကဏ္ဍကို လှုပ်နှိုးပေးနေသလို ခံစားမိသည်။ ပြည်သူလူထုနှင့် အလှမ်းဝေးနေသလိုဖြစ်နေသည့် စာကြည့်တိုက်များကို ပြန်လည်နိုးထ အသက်ဝင်လိုစိတ်ဖြင့် အားမလိုအားမရ ဆွေးနွေးပြောဆိုခဲ့ကြသည်ကိုလည်း တွေ့ရသည်။

ပြည်သူ့စာကြည့်တိုက်များ အခြေအနေ
ခေတ်အဆက်ဆက် လေ့လာကြည့်ပါက မြန်မာနိုင်ငံ၏ စာကြည့်တိုက်ယဉ်ကျေးမှုနှင့် စာဖတ်သည့် ဓလေ့များသည် အိမ်နီးချင်း နိုင်ငံများထက် ရှေးကျခဲ့သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးစနစ် အမျိုးမျိုး ကြားတွင် စာကြည့်တိုက်များ၏ အခန်းကဏ္ဍ မှေးမှိန်လျော့ပါးကာ ပြည်သူများ၏ စာဖတ်သည့် အလေ့အထများ အားလျော့ ပျောက်ကွယ်ခဲ့ရသည်။ ၁၉၂၄ ခုနှစ်မှစ၍ “မြန်မာပြည်ပညာ ပြန့်ပွားရေးအသင်း”ကို ဖွဲ့စည်းကာ စာကြည့်တိုက်လှုပ်ရှား မှုများ စတင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံစာကြည့်တိုက် စာဖတ်အသင်းချုပ်ကြီး တည်ထောင်၍ စာဖတ်ကြရန် လှုံ့ဆော်မှုများ၊ ၁၉၅၂ မှ ၁၉၅၆ ထိ နယ်လှည့်လူထုပညာပေးယာဉ်များတွင် ရုပ်ရှင်ပြစက်၊ အသံချဲ့စက်၊ ကြက်ခြေနီသေတ္တာနှင့် နယ်လှည့်စာအုပ်သေတ္တာများ၊ အားကစား ပစ္စည်းများတင်ဆောင်၍ ပြည်သူလူထုအား စာပေဖတ်ရှုလေ့လာရန် စည်းရုံးဆောင်ရွက်ခဲ့မှုများမှာ အလွန်အားရစရာကောင်းလှသည်။

သို့ရာတွင် ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့်ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတော့ဘဲ မှေးမှိန်အားလျော့သွားခဲ့ရသည်။

၁၉၆၄ စာကြည့်တိုက်ဥပဒေဆိုသည်မှာ
ကိုလိုနီခေတ်မှစ၍ အရှိန်ရလာသည့် စာကြည့်တိုက် ယဉ်ကျေးမှုဓလေ့သည် ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း၌ အရှိန်လျော့ကျလာသည်ဟုဆိုရမည်။ တော်လှန်ရေးကောင်စီ လက်ထက် တွင် ရေးဆွဲခဲ့သည့်ဥပဒေဖြစ်သဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးထက် ဆိုရှယ်လစ်စနစ်အား အထောက်အကူ ပြုနိုင်ရေးကိုသာ ဦးတည်ရေးဆွဲနိုင်ခဲ့သည်။

ထို့ကြောင့် ယင်းဥပဒေသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ အသိပညာမြင့်မားရေးကို အထောက်အကူမပြုဘဲ စာကြည့်တိုက်များ ထိန်းချုပ်နိုင်ရေးကိုသာ ဆောင်ရွက်ပေးသည့် ဥပဒေအဖြစ် စာကြည့်တိုက်မှူး အများစုက နားလည်လက်ခံထားကြသည်။ အထူးသဖြင့် ယင်းဥပဒေပါ စာကြည့်တိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ရပ်ကွက် ကျေးရွာများရှိ စာအုပ်အငှားဆိုင်ငယ်များပါ အကျုံးဝင်နေခြင်း၊ စာကြည့်တိုက် အသင်းဝင်များ၏ အမည်နှင့် နေရပ်လိပ်စာ များကို အသေးစိတ်ဖော်ပြရခြင်း၊ စာကြည့်တိုက်ရှိ စာအုပ်စာတမ်း အရေအတွက်ကို အသေးစိတ်ဖော်ပြရခြင်း၊ ပြစ်ဒဏ်များ တွင် ထောင်ဒဏ်များ ပါဝင်သတ်မှတ်ထားခြင်းတို့ကြောင့် စာကြည့်တိုက်များ ဖွင့်လှစ်ရေးကို တားဆီးဟန့်တားကာ ဝန်ထုပ် ဝန်ပိုး ဖြစ်ပေါ်စေခဲ့သည်။
ယင်းဥပဒေ၏ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတွင် စာကြည့်တိုက်ယဉ်ကျေးမှု ဆိတ်သုဉ်းကာ စာဖတ်သည့်ဓလေ့များ အားနည်းလျော့ပါးခဲ့ရသည်ဟု ဆိုရမည်။ ယခုအခါ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်သှူစာကြည့်တိုက် ဥပဒေ များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေးဆွဲနေပြီဖြစ်သည့်အတွက် ယင်းဥပဒေအား မကြာမီပြန်လည် ရုပ်သိမ်းရတော့မည် ဖြစ်ပါသည်။

ယနေ့အချိန်တွင် ၁၉၆၄ ခုနှစ် စာကြည့်တိုက်ဥပဒေ၏ အားနည်းချက်များကို သင်ခန်းစာယူ၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုး တက်ရေးကို အမှန်တကယ် အထောက်အကူပြုနိုင်သော ပြည်သူ့စာကြည့်တိုက်ဥပဒေများအား တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် ရေးဆွဲပြဋ္ဌာန်းပေးရန် လိုအပ်လျက်ရှိပါသည်။

ချဉ်းကပ်မှုအသစ်
စာကြည့်တိုက်ဆိုသည်မှာ သတင်းအချက်အလက်များ ဖြန့်ဖြူးပေးသည့်နေရာ၊ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင် သည့်နေရာ၊ ပြည်သူများ၏ နေ့စဉ်ဘဝများနှင့် လုပ်ငန်းခွင် တိုးတက်မှုများရရှိရေးအတွက် နည်းလမ်းကောင်းများ ရှာဖွေပေးရန် နေရာ၊ လူ့အဖွဲ့အစည်းများ၏ လိုအပ်ချက်များကို ဆွေးနွေးတိုင်ပင်ဖြည့်ဆည်း ပေးရာနေရာ၊ လူတိုင်းလေ့လာ သင်ယူနိုင်သည့် နေရာတစ်ခုဖြစ်သည်။

တကယ်တမ်းပြောရလျှင် မြန်မာနိုင်ငံ၌ စာကြည့်တိုက်များကို စာအုပ်ငှားရမ်း ရာနေရာလောက်သာ လူအများက မှတ်ယူနေ သည့်အတွက် စာကြည့်တိုက်ကဏ္ဍ မဖွံ့ဖြိုးသေးသည့် လက္ခဏာတစ်ရပ်အဖြစ် တွေ့မြင်နေရသည်။

ပြည်သူများက သတင်းအချက်အလက်များ ရယူလိုလျှင်ဖြစ်စေ၊ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို သိလိုလျှင်ဖြစ်စေ၊ ရောဂါ ပိုးမွှားများအကြောင်း၊ ရာသီဥတုအကြောင်း၊ မိုးလေဝသအကြောင်းများ သိလိုလျှင်ဖြစ်စေ၊ ကလေးလူငယ်များကို ပြုစုပျိုးထောင်နိုင်မည့် နည်းလမ်းများ သိလိုလျှင်ဖြစ်စေ သတင်းအချက်အလက်များ ရှာဖွေရယူနိုင်သည့် နေရာတစ်ခု ဖြစ်နေရမည်။ လက်ရှိအခြေအနေတွင် ပြည်သူ့စာကြည့်တိုက်များကို အသုံးပြုသူဦးရေနည်းပါးပြီး လာရောက်သူ နည်းပါးနေ သည့်အတွက် အချိန်မီ ကုစားဆောင်ရွက်ကြရမည် ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားသည့် ခရိုင်နှင့် မြို့နယ် ပြည်သူ့စာကြည့်တိုက်များကို ပြည်သူများ အမှန်တကယ် အားကိုးယုံကြည်လာသော စာကြည့်တိုက်များဖြစ်ပေါ်လာစေရေး၊ ပြည်သူများအသိပညာနှင့် သတင်း အချက်အလက်များ ရှာမှီးဆည်းပူးရာနေရာ၊ ပြည်သူများ အကျွမ်းတဝင် ဝင်/ ထွက်သွားလာရာနေရာများ ဖြစ်ပေါ် လာစေရေးအတွက် လူထုအခြေပြုဗဟိုဌာနများ ဖြစ်ပေါ်လာအောင် ချဉ်းကပ်မှုပုံစံအသစ်ဖြင့် ဆောင်ရွက်ပေး လျက်ရှိသည်။ အထူးသဖြင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် လူထုအခြေပြုဗဟိုဌာန ၁၆ ခု ဖွင့်လှစ်၍ သင်တန်းများပေးခြင်း၊ ရွေ့လျားစာကြည့် တိုက်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်း၊ ဂျပန်နိုင်ငံ ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့ (S.V.A) တို့နှင့် ပူးပေါင်း၍ ကလေးစာကြည့်တိုက်များ၊ ကလေးစာဖတ်ခန်းများ မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ ရွေ့လျားစာကြည့် တိုက်ယာဉ်ဖြင့် စာအုပ်များ လှည့်လည်ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြည်သူ့စာကြည့်တိုက် ဥပဒေများအတွက် အကြံပြုချက်
ပြည်သှူစာကြည့်တိုက်များ အသွင်ပြောင်းလဲရေးအတွက် အဓိကကျသည့်အရာမှာ ပြည်သူ့စာကြည့်တိုက်ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းရေးပင် ဖြစ်သည်။ ယနေ့အချိန်တွင် တိုင်းဒေသကြီး/ပြည်နယ် ကိုးခု၌ ပြည်သူ့စာကြည့်တိုက် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းပြီးကြောင်း သိရသည်။ ရေးဆွဲပြဋ္ဌာန်းပြီးသည့် ပြည်သူ့စာကြည့်တိုက်ဥပဒေများ ပိုမိုပြည့်စုံ ကောင်းမွန်စေ ရေးနှင့် ရေးဆွဲဆဲဖြစ်သည့် ပြည်သူ့စာကြည့်တိုက် ဥပဒေများတွင် ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ စာကြည့်တိုက်ပညာရှင်များက ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

ရေးဆွဲဆဲ/ရေးဆွဲပြီးသော ပြည်သူ့စာကြည့်တိုက်ဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ပေးသင့်သည့် အချက်များကို အောက်ပါအတိုင်း အကြံပြုတင်ပြချင်ပါသည်-

(က)    ပြည်သူ့စာကြည့်တိုက်များအတွက် ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းနှင့် ထုတ်ယူသုံးစွဲခြင်းလုပ်ငန်းများကို စနစ်တကျ ဖြစ်စေရေးအတွက် သတ်မှတ်ပြဋ္ဌာန်းပေးရန်။

(ခ)    စာကြည့်တိုက်ပိုင်ပစ္စည်းနှင့် စာပေပစ္စည်းများကို စနစ်တကျ ကာကွယ်ထိန်းသိမ်းနိုင်ရေး သတ်မှတ်ပြဋ္ဌာန်း ပေးရန်။

(ဂ)    ပြည်သူ့စာကြည့်တိုက် တည်ဆောက်မှုလုပ်ငန်းများနှင့် မြေနေရာ ရှာဖွေခြင်းလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ကြီးကြပ်မှုကော်မတီတွင် စည်ပင်သာယာ အဖွဲ့အစည်းအဆင့်ဆင့်မှ ပုဂ္ဂိုလ်များနှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ ပါဝင်ဖွဲ့စည်း ဆောင်ရွက်ပေးရန်။

(ဃ)    ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် စာကြည့်တိုက်မှူးများသည် အဓိက အစိတ်အပိုင်းဖြစ်သဖြင့်  ၎င်းတို့အား လေ့ကျင့်ပြုစုပျိုးထောင်နိုင်မည့် လုပ်ငန်းစဉ်များ သတ်မှတ်ပြဋ္ဌာန်းပေးရန်။

(င)    ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေသုံးစွဲ ကုန်ကျရမည်ဖြစ်ပါသဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဘတ်ဂျက်ရေးဆွဲရာတွင် ထည့်သွင်းရေးဆွဲ လျာထားနိုင်ရေး သတ်မှတ်ပြဋ္ဌာန်းပေးရန်။

(စ)    ပြည်သူ့စာကြည့်တိုက်များ မှတ်ပုံတင်ရန် ပျက်ကွက်မှုအတွက် အရေးယူရာတွင် ထောင်ဒဏ်အစား ငွေဒဏ်ကိုသာ သတ်မှတ်ပြဋ္ဌာန်းပေးရန်။

(ဆ)    ပြည်သူ့စာကြည့်တိုက် ဥပဒေများကို ရေးဆွဲထားရုံသက်သက် မဟုတ်ဘဲ အမှန်တကယ် အသက်ဝင် အလုပ်ဖြစ် စေရန် လိုအပ်ပါသဖြင့် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီများအတွက် လုပ်ငန်းစဉ်များ သတ်မှတ်ပြဋ္ဌာန်း ပေးရန်။

(ဇ)    ပြည်သူ့စာကြည့်တိုက်ဥပဒေ၏ အနှစ်သာရသည် စာကြည့်တိုက်များ မှတ်ပုံတင်ရုံသက်သက် မဟုတ်ပါသဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်နိုင်မည့် လုပ်ငန်းရပ်များ ပါ/မပါ ပြန်လည်စိစစ်ပေးရန်။

(ဈ)    စာကြည့်တိုက်များကို ပြည်သူများယုံကြည်အားကိုး လာစေရန်အတွက် စာကြည့်တိုက်မှူးများ၏ ဝန်ဆောင်မှုသည် အဓိကကျပါသဖြင့် စာကြည့် တိုက်မှူးများ၏ တာဝန်ဝတ္တရားများကို တိတိကျကျ သတ်မှတ်ပေးရန်နှင့် ၎င်းတို့၏လစာ အပါအဝင် အကျိုးခံစားခွင့်ရရှိစေမည့် အစီအစဉ်များ သတ်မှတ်ပြဋ္ဌာန်းပေးရန်။

(ည)    ပြည်သူ့စာကြည့်တိုက်ဥပဒေနှင့်အတူ နည်းဥပဒေများ အချိန်မီရေးဆွဲ ပြဋ္ဌာန်းပေးရန်။

(ဋ)    စာကြည့်တိုက်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များတွင် ရွေ့လျားစာကြည့်တိုက်များအား ထည့်သွင်းပေးရန်။


(ဌ)    ပြောင်းလဲလာသည့် စာကြည့်တိုက်ဝန်ဆောင်မှုများနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် Digital Library များ ပေါ်ပေါက်လာစေရေးနှင့် စာကြည့်တိုက်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Library Network System  များ၊ စာကြည့်တိုက် အချင်းချင်း စာအုပ်စာစောင် အပြန်အလှန် ငှားရမ်းပေးသည့်စနစ် (Inter-library Loans System) ပေါ်ပေါက်လာအောင် ထည့်သွင်းပြဋ္ဌာန်း ပေးရန်။

(ဍ)    ပြည်သူ့စာကြည့်တိုက်ဥပဒေသည် စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs)ပါ အချက်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ထည့်သွင်းရေးဆွဲပေးရန်။

(ဎ)    ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၊ MBA-PF I REX ၊ IFLA တို့ ပူးပေါင်းရေးဆွဲထားသည့် ပြည်သူ့စာကြည့်တိုက် မဟာဗျူဟာစီမံကိန်းကို လေ့လာ၍ ပူးပေါင်းပါဝင်နိုင်မည့် အစီအစဉ်များ ထည့်သွင်းပြဋ္ဌာန်းပေးရန်။

စာကြည့်တိုက်ယဉ်ကျေးမှု ပြန်လည်ထူထောင်ရေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ ရောက်ရှိစဉ် “စာဖတ်ဝါသနာ မပါလျှင် ကမ္ဘာကျဉ်းမြောင်းမည်ဖြစ်ပြီး ဘဝနာသည်ဟု ပြောလိုပါကြောင်း၊ ထို့ကြောင့် ကလေးများ စာဖတ်ဝါသနာပါရန် လိုအပ်ကြောင်း၊ စာကြည့်တိုက် ယဉ်ကျေးမှုနှင့် စာကြည့်တိုက်သို့သွားသည့် အလေ့အထ ထူထောင်ရမည်ဖြစ်ကြောင်း” မှာကြားခဲ့သည်။

နေ့အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ခရိုင်နှင့် မြို့နယ် ပြည်သူ့စာကြည့်တိုက်များကို လူထုအခြေပြုဗဟိုဌာနများ ဖြစ်ပေါ်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပြည်သူ့စာကြည့်တိုက် ပေါင်း ၇၀ဝဝ ခန့် ဖွင့်လှစ်လျက်ရှိရာ လူမှုအဖွဲ့အစည်း အသီးသီးက စာကြည့်တိုက်ပေါင်း ၆၄၀ဝ ကျော်ကို မိမိတို့ အစီအစဉ်ဖြင့် စီမံဆောင်ရွက်နေကြသည်။ ယင်းသို့ ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များတွင် ပြည်သူများ စာပေဖတ်ရှု လေ့လာရေးနှင့် စာကြည့်တိုက်ယဉ်ကျေးမှုများ ပြန်လည်ထွန်းကားလာရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းကြိုးစား ဆောင်ရွက်ကြရမည်။

စာကြည့်တိုက်များသို့ ပြည်သူများ ဝင်/ထွက်သွားလာသည့် အလေ့အထနှင့် စာကြည့်တိုက်ယဉ်ကျေးမှုများ ပြန်လည် ထွန်းကားလာဖို့ဆိုလျှင် လက်ရှိပြည်သူ့စာကြည့်တိုက်များ၏ အသွင်သဏ္ဌာန်ကို ပြောင်းလဲကြရမည်။ စာကြည့်တိုက်များ အပေါ်ထားရှိသည့် ပြည်သူများ၏ ထင်မြင်ယူဆချက်အဟောင်းများကို ဖျောက်ဖျက်နိုင်ရန် ကြိုးပမ်းရမည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ဖို့ဆိုလျှင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေးဆွဲပြဋ္ဌာန်းမည့် ပြည်သူ့စာကြည့်တိုက် ဥပဒေများ အနှစ်သာရပြည့်ဝ ဖို့လိုသည်။ သဘောတရား သက်သက်မဟုတ်ဘဲ လက်တွေ့အမှန်တကယ် ဆောင်ရွက်နိုင်ဖို့လည်း လိုပါသည်။ သို့မှသာ အားလုံးမျှော်မှန်းထားသည့် မြန်မာ့လူ့အသိုက်အဝန်း၏ လိုအပ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြည့်ဆည်းပေးနိုင်သော ပြည်သူ့စာကြည့်တိုက်များ နိုင်ငံအနှံ့ အစီအရီ ပေါ်ပေါက်လာကြပါလိမ့်မည်။   ။