ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများ သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ

 

နေပြည်တော် ဇွန် ၂၂

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသည်။

အောင်မြင်စွာဖွင့်လှစ်

ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ယင်းဥပဒေအား စတင်အသက်ဝင်စေခဲ့သည်။ ထိုသို့ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

သောင်းသောင်းဖြဖြကြိုဆို

ယခုအခါတွင်လည်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃) သို့ တက်ရောက်ရန်အတွက် နိုင်ငံ့သားကောင်းများသည် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာသင်တန်းကျောင်း အသီးသီးသို့ ရောက်ရှိလာကြရာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက အောင်သပြေများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃) တွင် သင်တန်းတက်ရောက်ရန် ရောက်ရှိလာခဲ့ကြသူများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃) သို့ တက်ရောက်ရန်ရောက်ရှိလာသည့် သင်တန်းသားနှစ်ဦး၏ စကားသံများကိုလည်း အခုလိုကြားသိရခဲ့ရပါသည်-

ရဲထိုက်ဦး

ကျွန်တော့်နာမည်က ရဲထိုက်ဦး ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းတာဝန် လာထမ်းဆောင်တာ ဖြစ်ပါတယ်။ ကျွန်တော် ဒီသင်တန်းကာလ သုံးလတာကာလမှာ အကောင်းဆုံးကြိုးစားသွားမယ်လို့ ခံယူထားပါတယ်။ နိုင်ငံတော်ကာကွယ်ဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်တန်းပြီးတာနဲ့ တာဝန်ကျတဲ့တပ်ရင်းမှာ ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်လို့ ကျွန်တော်ကတော့ ဆုံးဖြတ်ထားပါတယ်ခင်ဗျ။

ကျော်ကျော်အောင်

ကျွန်တော့်နာမည်က ကျော်ကျော်အောင် ပါခင်ဗျ။ ပြည်သူ့စစ်မှုထမ်းတာဝန် လာထမ်းဆောင်တာပါခင်ဗျ။ သင်တန်းကာလ သုံးလမှာလည်း ဒီကပေးပို့မယ့် စည်းကမ်းချက်တွေရယ်၊ လုပ်ဆောင်ရမယ့်အလုပ်တွေရယ်ကို လိုက်နာပါမယ်ခင်ဗျ။ ဒီသုံးလသင်တန်းပြီးသွားရင်လည်း တာဝန်ကျရာတပ်မှာ တာဝန်ကိုအပြည့်အဝ ထမ်းဆောင်ပါမယ်ခင်ဗျ။ နိုင်ငံတော်ကို ကာကွယ်ဖို့ နောက်လာမယ့်သူတွေလည်း ကျွန်တော်တို့လို ပျော်ပျော်ရွှင်ရွှင်နဲ့ လာရောက်ထမ်းဆောင်ပါရန်လည်း တိုက်တွန်းပါတယ်ခင်ဗျ။

သတင်းစဉ်