ပြည်သူ့စစ်မှုထမ်းဥပဒေဆိုသည်မှာ . . .

မင်းခေါင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ အာဏာတည်သည့်နေ့ရက်အဖြစ်သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထုံးစံအတိုင်း ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက ပြည်သူလူထု အတွင်း ဝေဝါးအောင်၊ စိုးရိမ်ထိတ်လန့်၊ ကြောက်လန့်မှုဖြစ်အောင် မဟုတ်မမှန် လုပ်ကြံဖန်တီးမှုများ လုပ်ဆောင်လာကြသည်။ လူမှုကွန်ရက်ပေါ်တွင်လည်း ကောလာဟလများဖြန့်ချိ၍ လူငယ်များကို ဆန့်ကျင်ဘက်အဖွဲ့အစည်းများထံ လမ်းမှား ရောက်အောင် တွန်းပို့ကြပြန်သည်။

နိုင်ငံသားတိုင်း၏ မြင့်မြတ်သောတာဝန်

လတ်တလောကာလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေသည် မြန်မာပြည်သူများအဖို့ အံ့အားသင့်စရာ ကိစ္စတစ်ခုဖြစ်သော်လည်း လွတ်လပ်ပြီး အချုပ် အခြာအာဏာပိုင်ဆိုင်သည့် ကမ္ဘာ့နိုင်ငံများ၌မူ အထူးအဆန်းကိစ္စတစ်ရပ် မဟုတ်တော့ချေ။ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရေးအတွက် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေရှိမည့် ကာကွယ်ရေးအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြရာ နိုင်ငံတစ်နိုင်ငံ၏ နယ်မြေတည်တံ့မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှု၊ အမျိုးသားလွတ်လပ်ရေး အဓွန့် ရှည်စွာခိုင်မြဲမှုနှင့် လုံခြုံမှုအတွက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု သတ်မှတ်ပြီး အချို့နိုင်ငံများက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “နိုင်ငံကာကွယ်ရေးသည် နိုင်ငံသားတိုင်း၏ မြင့်မြတ်သော တာဝန်ဖြစ်သည်။ စစ်မှုထမ်းခြင်းသည် နိုင်ငံသားများအဖို့ ဂုဏ်ယူရသောတာဝန်ဖြစ်သည်”ဟု ပြဋ္ဌာန်းထားသည်။ ထို့ပြင် စစ်မှုထမ်းခြင်းကို နိုင်ငံသားတစ်ဦး၏ သာမန်ဝတ္တရားအဖြစ် ယူဆလာစေရန် အားပေးခဲ့ကြသည်။

လက်ရှိကာလတွင် ဂျာမနီ၊ ဩစတြေးလျ၊ အီရန်၊ မလေးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် တူကီယဲ စသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းထားပြီး နိုင်ငံတော်ကာကွယ်ရေးအစီအစဉ်များကို ဥပဒေနှင့်အညီ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆွစ်ဇာလန်နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဟုပါရှိသည့်အတိုင်း အသက် ၂၀ မှ ၅၀ အတွင်းရှိ ကျန်းမာသန်စွမ်းသော နိုင်ငံသားတိုင်း စစ်မှုထမ်းကြရသည်။ အရာရှိဖြစ်ပါက အသက် ၅၅ နှစ်အထိ စစ်မှုထမ်းရသည်။ စစ်မှုထမ်းနိုင်ရန်လိုအပ်သော အရည်အချင်း မပြည့်စုံသူများသည် ယင်းသို့စစ်မှု မထမ်းရသည့်အတွက် အခွန်ပိုပေးဆောင်ကြရသည်။ အမျိုးသမီးများအနေဖြင့်လည်း အသက် ၂၀ မှ ၄၀ အတွင်း မိမိတို့ဆန္ဒအလျောက် စစ်မှုထမ်းလိုပါက လက်နက်တပ်ဆင်မထားသော အမျိုးသမီး အရန်တပ်ဖွဲ့တွင် ဝင်ရောက်အမှုထမ်းနိုင်သည်။ 

ဆွစ်ဇာလန်နိုင်ငံသား လူငယ်တိုင်းသည် အသက် ၁၈ နှစ်ပြည့်ပြီးသည်နှင့် စစ်မှုထမ်းရန် စာရင်းပေးသွင်းကြရသည်။ ရှေးဦးစွာ မိမိတို့ နေထိုင်ရာဒေသအလိုက် ကာယသင်တန်းများကို တက်ရောက်ကြရပြီး ယင်းကာယသင်တန်းများ ပြီးဆုံးသွားသောအခါမှ ကာကွယ်ရေးဌာနအောက်ရှိ တပ်သားသစ်လေ့ကျင့်ရေးကျောင်းများတွင် အခြေခံစစ်ပညာကို တက်ရောက်သင်ကြားကြရသည်။ ထို့အတူ နိုင်ငံသားတစ်ဦးသည် ရက်ပေါင်း ၁၀၀ ကျော်ခန့် ရှည်ကြာသော အခြေခံစစ်ပညာ သင်တန်းကို ဦးစွာတက်ရောက်ကြရပြီးနောက် နှစ်စဉ်ရက်တိုစစ်မှုထမ်းကြရသည်။ ယင်းစစ်မှု ထမ်းကာလများမှာ တိုတောင်းသော်လည်း နိုင်ငံသားတိုင်း စစ်သည်ကောင်းများဖြစ်လာစေရန် အပြင်းအထန် လေ့ကျင့်ပေးသောကာလများပင် ဖြစ်သည်။ 

နိုင်ငံသားတပ်မတော်ဟု ခေါ်ဆို

ဆွစ်ဇာလန်နိုင်ငံသားတိုင်း ပါဝင်လျက်ရှိသော တပ်မတော်ဖြစ်သောကြောင့် ဆွစ်ဇာလန် တပ်မတော်ကို နိုင်ငံသားတပ်မတော် (Citizen Army) ဟုခေါ်ဆိုကြသည်။ နိုင်ငံသားတပ်မတော်မှာ အမြဲတမ်းတပ်မတော် မဟုတ်သောကြောင့် လေ့ကျင့်ရေးတပ်မကြီးတစ်ခုသာ ထားရှိသည်။ ဆွစ်ဇာလန်နိုင်ငံသည် လွန်ခဲ့သောရာစုနှစ် လေးခုမှစ၍ ယနေ့တိုင် ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့သော နိုင်ငံဖြစ်သော်လည်း စစ်သွေးစစ်မာန်ကင်းမဲ့သော နိုင်ငံမျိုးမဟုတ်ချေ။


ဒုတိယကမ္ဘာစစ်အတွင်း မိမိ၏ကြားနေရေးနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ရန် ဆွစ်တပ်မတော်ကို လက်နက်ကောင်းများ အပြည့်အစုံတပ်ဆင်ခဲ့ပြီး ဆွစ်လူငယ်လူရွယ်တိုင်းသည် လက်နက်စွဲကိုင်ကာ စစ်ပြီးဆုံးချိန်ရောက်သည်အထိ အမိနိုင်ငံ၏ နယ်စပ်တစ်လျှောက်တွင် သွားရောက်နေခဲ့ကြရသည်။

ဆွစ်ဇာလန်နိုင်ငံတစ်နိုင်ငံလုံး၏ မျိုးချစ်စိတ်ဓာတ်ရင့်သန်မှု၊ ရှည်ကြာသောစစ်ရေး အစဉ်အလာရှိမှုနှင့် အလယ်ခေတ်ကာလကတည်းက အစဉ်တစိုက်တည်ရှိခဲ့သော စစ်မှုမထမ်းမနေရ ဥပဒေတို့ကြောင့် ဆွစ်ဇာလန်နိုင်ငံသည်ပင် တပ်မတော်အဖွဲ့အစည်းတစ်ရပ်ပမာ ဖြစ်တည်လာခဲ့သည်။ တပ်မတော်ကြီးကို တိုတောင်းသောကာလအတွင်း အလျင်အမြန် စုစည်းနိုင်သည်။ ဆွစ်ဇာလန် တပ်မတော်၏ တစ်စိတ်တစ်ဒေသကို နာရီပိုင်းအတွင်း စုစည်းနိုင်ပြီး ကျန်တပ်မတော်ကြီးတစ်ရပ်လုံးကို နှစ်ရက်အတွင်း စုစည်းနိုင်သည်ဟု ဆိုသည်။

ဆွီဒင်နိုင်ငံတွင်လည်း နိုင်ငံလုံးဆိုင်ရာ စစ်မှုထမ်းရေးမူဖြင့် အသက် ၁၈ နှစ်မှ ၄၇ နှစ် အတွင်းရှိ ကျန်းမာသန်စွမ်းသော နိုင်ငံသားတိုင်း စစ်မှုထမ်းကြရသည်။ စစ်မှုမထမ်းမနေရကာလမှာ တပ်သားများအတွက် ၁၀ လ ဖြစ်ပြီး အရာရှိများ အတွက် ၁၈ လ ဖြစ်သည်။ တပ်သားသစ်များအတွက် လေ့ကျင့်ရေးကာလမှာ ၃၉၄ ရက် ဖြစ်သည်။ အပျော်တမ်း ကာကွယ်ရေးတပ်ဖွဲ့များလည်းရှိပြီး နိုင်ငံသား ရှစ်ဦးတွင် တစ်ဦးသည် အပျော်တမ်း တပ်ဖွဲ့တွင် ပါဝင်နေသည်။ မြို့ပြကာကွယ်ရေး အတွက်မူ အသက် ၁၆ နှစ်မှ ၆၅ နှစ်အတွင်း လူတိုင်းမြို့ပြကာကွယ်ရေး သင်တန်း တက်ရောက်ကြရသည်။

အမြဲတမ်းတပ်မတော်တည်ထောင်

အစ္စရေးနိုင်ငံသည် စစ်မှုထမ်းဥပဒေကို ၁၉၄၉ ခုနှစ် ဩဂုတ်လတွင် ပြဋ္ဌာန်းခဲ့ပြီး အမြဲတမ်း တပ်မတော်တည်ထောင်ခဲ့သည်။ အသက် ၁၈ နှစ် နှင့် ၂၆ နှစ်အတွင်းရှိ အမျိုးသားများသည် နှစ်နှစ်နှင့် ခြောက်လ စစ်မှုထမ်းရပြီး အသက် ၂၇ နှစ်နှင့် ၂၉ နှစ်အတွင်းရှိ အမျိုးသားများသည် နှစ်နှစ် စစ်မှုထမ်းရသည်။ အမျိုးသမီးများမှာလည်း စစ်မှုမထမ်းမနေရ ဥပဒေအရ နှစ်နှစ် စစ်မှုထမ်းကြရသည်။ အရာရှိများ မှအပ အမျိုးသမီးစစ်သည်များသည် အသက် ၁၈ နှစ်နှင့် ၂၀ နှစ်အတွင်းဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် ယင်းအသက်ထက်စော၍ အိမ်ထောင်ပြုလျှင်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည်သာဖြစ်သည်။ အခြေခံစစ်ပညာသင်ယူပြီးလျှင် ယင်းအမျိုးသမီးအား အရန်တပ်ဖွဲ့ထဲသို့ ထည့်သွင်းသည်။

အစ္စရေးနိုင်ငံ၏ အရန်တပ်များကို နယ်မြေအခြေခံဖြင့် ဖွဲ့စည်းထားသည်။ နယ်မြေအရန်တပ်ဖွဲ့ တစ်ခုတွင် ကိုယ်ပိုင်လက်နက်ခဲယမ်းတိုက်ရှိသည်။ စစ်စည်းရုံးမှုကို မကြာခဏ လက်တွေ့လေ့ကျင့်သည်။ တပ်ဖွဲ့များသည် လက်နက်အပြည့်အစုံ တပ်ဆင်ပြီး စစ်ဆင်ရေးစီမံချက်နှင့်အညီ မူလဆင့်ခေါ်ခံရချိန်မှ ၂၄ နာရီနှင့် ၇၂ နာရီအတွင်း ချီတက်လှုပ်ရှားနိုင်သည်။ တစ်ချိန်တည်းမှာပင် အရပ်ဘက်ပို့ဆောင်ရေးယာဉ်များလည်း ဖွဲ့စည်းပြီး ပို့ဆောင်ရေးတာဝန်ယူရသည်။ အမျိုးသားများသည် အသက် ၄၉ နှစ်အရွယ်အထိ လည်းကောင်း၊ ကလေးမရှိသောအမျိုးသမီးများသည် အသက် ၃၄ နှစ် အရွယ်အထိလည်းကောင်း၊ အရန်တပ်တွင် တစ်နှစ်လျှင် ၁၄ ရက်မှ ၃၁ ရက်အထိ ဆက်တိုက် စစ်မှုထမ်းရန်တာဝန်ရှိသည်။ အသက် ၄၉ နှစ် ကျော်သော အမျိုးသားများသည် အရန်တပ်တွင် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသည်။ သို့ရာတွင် မြို့ပြကာကွယ်ရေးတွင် လုပ်အားပေးနိုင်သည်။ 

အစ္စရေးကာကွယ်ရေး အင်အားစုသည် ဖွဲ့စည်းမှု၊ စည်းကမ်းကျနမှု၊ ညီညွတ်မှု၊ တိုက်ခိုက် ရေးစိတ်ဓာတ်နှင့် အခြားရွေးချယ်စရာမရှိဟူသော အသိတို့တွင် အိမ်နီးချင်းနိုင်ငံများ၏ တပ်မတော်များထက် အားသာသည်ဟုဆိုသည်။ အခြား ရွေးချယ်စရာမရှိဟူသောစကား၏ အဓိပ္ပာယ်မှာ စစ်နိုင်လျှင်နိုင်၊ မနိုင်လျှင် နိုင်ငံသားတစ်ဦးချင်းရော နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးပါ လွင့်စဉ်ပျောက်ကွယ် သွားမည်ဟူ၍ ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များပြဋ္ဌာန်းချက် ပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေး သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။ 

ယခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင် အာဏာတည်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အခန်း(၈)ခန်းပါရှိပြီး အခန်း(၁)တွင် အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း(၂)တွင် ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အခန်း(၃)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၄) တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့် များ၊ အခန်း(၅)တွင် စစ်စည်းရုံးခြင်း၊ အခန်း(၆)တွင် ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ အခန်း(၇)တွင် ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း(၈)တွင် အထွေထွေဟူ၍ ဖော်ပြပါရှိသည်။

အခန်း(၁)တွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင်အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသူများ၊ ကျွမ်းကျင်သူအမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသူ နိုင်ငံသားတိုင်းကို စစ်မှုထမ်း ရမည့် အသက်အရွယ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။ ကျွမ်းကျင်သူဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများကို ဆိုသည်။ စစ်မှုထမ်းဆောင်ရမည့် ကာလမှာ ၂၄ လ (နှစ်နှစ်)ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များအနေဖြင့်မူ ၃၆ လ (သုံးနှစ်) ဖြစ်သည်။ နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန်ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း သိရသည်။

လတ်တလောကာလတွင် မြန်မာနိုင်ငံသားများအဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သို့လော သို့လော စဉ်းစားတွေးတောစရာဖြစ်ကြရသော်လည်း အမှန်တကယ် လက်တွေ့လိုက်နာ ကျင့်သုံးဆောင်ရွက်သည့်အခါ အချိန်ကြာလာ သည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများနည်းတူ စစ်မှုထမ်းခြင်းကို နိုင်ငံသားတစ်ဦး၏သာမန်ဝတ္တရားအဖြစ် ရှုမြင်လာကြမည်ဖြစ်သည်။ 

အတိတ်ကာလ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်လည်း မျိုးချစ်စိတ်ရှိသူ နိုင်ငံသားများသည် စစ်မှုထမ်းရန် အထူးဆင့်ခေါ်စရာမလိုဘဲ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) သို့ အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ကြသည်။ BIA တပ်မတော်ကြီး စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်တေဇ(ဗိုလ်ချုပ်အောင်ဆန်း) အမှူးပြုသော ဗိုလ်လကျ်ာ၊ ဗိုလ်စောနောင်နှင့် ဗိုလ်မင်းခေါင်တို့ ရဲဘော်သုံးကျိပ်ဝင်များသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ သွားဘက်ဆိုင်ရာ ဆရာဝန် ဦးလွန်းဖေအိမ်တွင် အစည်းအဝေးပြုလုပ်ပြီး ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း)က “နယ်ချဲ့အင်္ဂလိပ်အစိုးရကို ကျွန်တော်တို့ တိုက်ရမယ်။ တိုက်နိုင်အောင်လည်း ယခု ဗမာ့လွတ်လပ်ရေး တပ်မတော်ဖွဲ့ဖို့ စည်းဝေးတာပဲ။ ဒီတော့ ကိုယ့်တိုင်းပြည်အတွက် စွန့်ဝံ့သူအဖြစ်ဂုဏ်ယူပြီး တိုက်ပွဲဝင်ကြမလား”ဟု ပြောကြားရာ တက်ရောက်လာကြသူများက “တိုက်မယ်၊ ဝင်မယ်”ဟူ၍ ညာသံပေးကာ တစ်ထိုင်တည်းပင် လူငယ်လူရွယ် ၇၀ ကျော်တို့က BIA တပ်မတော်သို့ ဝင်ရောက်ရန် စာရင်းပေးသွင်းခဲ့ကြသည်။

တစ်ဆက်တည်းမှာပင် ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း)က “ကျွန်တော်တို့လည်း အလောင်းဘုရားထုံးကိုနှလုံးမူပြီး တိုင်းပြည်အတွက် အသက်သေသေ စွန့်ကြမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ အားလုံးလက်မောင်းသွေးသောက်ကြပါစို့” ဟူ၍ ဖိတ်ခေါ်ခဲ့ရာ လူငယ်လူရွယ်များသာမက အသက် ၅၀ ကျော် အရွယ်လူကြီးများပင် စာရင်းထပ်မံပေးသွင်းခဲ့ကြရာ ၁၀၀ ကျော် ၂၀၀ ခန့်ပင် ရှိခဲ့သည်။

ဗန်ကောက်တွင် အင်အား ၂၀၀ ခန့်ဖြင့် စတင်ခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)သည် မြန်မာနိုင်ငံအတွင်းသို့ ထားဝယ်စစ်ကြောင်း၊ မော်လမြိုင်စစ်ကြောင်း အပါအဝင် စစ်ကြောင်းကြီးများဖြင့် ချီတက်ဝင်ရောက်လာသောအခါတွင်မူ မြို့ရွာအသီးသီးမှ မျိုးချစ်စိတ်ရှိသူ ပြည်သူအပေါင်းသည် အိုးပစ်အိမ်ပစ်၊ သားပစ်မယားပစ်ဖြင့် BIA တပ်မတော်အတွင်း ဝင်ရောက်ခဲ့ကြရာ ခြောက်လ၊ ခုနစ်လအတွင်း အင်အား ငါးသောင်းအထိ ရှိလာသည်။ 

နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်နိုင်သည့်အခါတွင် ဖက်ဆစ် ဂျပန်တို့က BIA ၏ အင်အားကို စိုးရိမ်တကြီး ဖြစ်လာခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)အဖြစ် အမည်ပြောင်းလဲကာ အင်အားကိုလျှော့ချခဲ့ ကြသည်။ သို့သော် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် မြန်မာပြည်သူများသည် ဗမာ့တပ်မတော်နှင့် ပူးပေါင်းကာ ဖက်ဆစ်ဂျပန်ကို တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး ပြည်တွင်းသောင်းကျန်းမှုကာလတွင်လည်း ဆေးကျောင်းသား များသည် ပြည်ထောင်စုအလံတော် မယိုင်လဲအောင် အင်းစိန်တိုက်ပွဲတွင် တပ်မတော်နှင့်အတူ လက်တွဲပါဝင်တိုက်ခိုက်ခဲ့ကြသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံသားများသည် အရေးကြီးလျှင် သွေးစည်းခဲ့ကြသည်။ အရေးကြုံလျှင် သွေးဆုံခဲ့ကြသည်။ ယခု ပြည်သူ့စစ်မှုထမ်းဥပဒေဆိုသည်မှာလည်း လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့အတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့သည့် ဥပဒေမဟုတ်ပေ။ အထက်ဖော်ပြပါ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကိုစောင့်ထိန်းရန် တာဝန်ရှိသည်နှင့်အညီ ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါကြောင်း အသိပေး ရေးသားတင်ပြလိုက်ရပါသည်။ ။