ပြည်သူ့ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် အသုံးပြုရန်အတွက် အောက်ဆီဂျင်ထုတ်လုပ်စက်များ လှူဒါန်းပွဲကျင်းပ

နေပြည်တော်    ဇူလိုင်    ၇

 

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ  ပြည်သူ့ဆေးရုံများနှင့်    ကျေးလက်ကျန်းမာရေးဌာနများတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းတန်ဖိုးရှိ   အောက်ဆီဂျင်ထုတ်လုပ်စက် (Oxygen Concentrator) အလုံး ၈၀၀  လှူဒါန်းခြင်း အခမ်းအနားကို နေပြည်တော် ကျန်းမာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌   ယနေ့   မွန်းလွဲပိုင်းက ကျင်းပသည်။

 

အခမ်းအနားသို့  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း၊    ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊    ညွှန်ကြားရေးမှူးများ၊ အလှူရှင် Guangdon Bolison Technology Co.,Ltd နှင့် Myanmar   Royal   Fortune   Co.,Ltd တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ   Guangdon   Bolison Technology Co.,Ltd   တည်ထောင်သူနှင့်   ဦးဆောင်ညွှန်ကြား ရေးမှူး Mr. Li Bao Xing က  မိမိတို့ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်းလုံးက ပြည်သူများ ပိုမိုကောင်းမွန်သော လူနေထိုင်မှုဘဝပုံစံဖြင့် နေထိုင်နိုင်ရေး ဆောင်ရွက် နေသည့် ကုမ္ပဏီဖြစ်ပြီး ယခုလှူဒါန်းမှုမှာ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု (One Belt One Road) ဒေသတွင်းတည်ရှိသည့် မြန်မာနိုင်ငံအတွက် ကုမ္ပဏီ၏    လူမှုဖူလုံရေးလုပ်ငန်း  (Corporate Social Responsibility) အရ  လှူဒါန်းမှုတစ်ခုဖြစ်ပါကြောင်းပြောကြားပြီး   လှူဒါန်းထားသော အောက်ဆီဂျင် ထုတ်လုပ်စက် များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ရာ  (အပေါ်ပုံ) ပြည်ထောင်စုဝန်ကြီးက   ဂုဏ်ပြု မှတ်တမ်းလွှာ  ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုလှူဒါန်းသည့် အောက်ဆီဂျင်ထုတ်လုပ်စက်များသည် ကိုဗစ်-၁၉    ရောဂါ အတွက်သာမက   အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် အောက်ဆီဂျင်လိုအပ်သည့် အခြားရောဂါများ အတွက်ပါ များစွာအသုံးဝင်သည့်   စက်ပစ္စည်းဖြစ်ပါကြောင်း၊   ယခု လှူဒါန်းမှုမှရရှိလာသည့်  အောက်ဆီဂျင်ထုတ်လုပ် စက်များကို ကျေးလက်ဒေသရှိ ကျေးလက်ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများအရောက် အမြန်ဆုံး   ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အောက်ဆီဂျင် ထုတ်လုပ်စက်များ   လှူဒါန်းမှုသည် ခိုင်မြဲပြီးဖြစ်သည့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေမည်ဖြစ်ပါကြောင်းနှင့်  အလှူရှင်ဖြစ်သည့် Guangdon Bolison Technology Co.,Ltd နှင့် Myanmar Royal Fortune Co.,Ltd တို့သည်လည်း ပိုမို၍အောင်မြင်မှုများ ရရှိပါစေ ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်