ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ချက်သမ္မတနိုင်ငံ၊ အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. Jan Hornik နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၀  ဖေဖော်ဝါရီ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်သည် ချက်သမ္မတနိုင်ငံ၊ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Jan Hornik နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေးပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပလုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။    

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဇော်သိန်း၊ ဦးစိုးသူရထွန်း၊ ဦးကြည်မိုးနိုင်၊ ဒေါက်တာအောင်ထွန်းခိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး Mrs. Hana Mottlova တို့ တက်ရောက်ကြသည်။

(သတင်းစဉ်)