ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ကော်မတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ၃၀  ဇန်နဝါရီ

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ မိမိတို့ လွှတ်တော်သက်တမ်းသည် လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် (၄) နှစ်ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ ယခု လွှတ်တော်သက်တမ်းကာလအတွင်း ဥပဒေပြုရေး၊ အပြန်အလှန်ထိန်းကျောင်းရေးနှင့် ကိုယ်စားပြုရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည်မှာ ကာလအရွေ့တစ်ခုသို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အလားတူ ဥပဒေပြုရေး တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင်လည်း ဒုတိယအကြိမ်လွှတ်တော် သက်တမ်းကာလအတွင်း ဥပဒေပေါင်း (၁၂၄) ခု၊ ယခင်ပထမအကြိမ် လွှတ်တော်သက်တမ်းကာလနှင့် ပေါင်းလိုက်လျှင် ဥပဒေပေါင်း (၃၅၆) ခု ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ မိမိတို့၏ ဥပဒေပြုရေးလုပ်ငန်းများနှင့် ရည်မှန်းချက်များကို အားလုံးညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြမှသာ ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်တို့က သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့်ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် သုံးသပ်အကြံပြုဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကြသည်။

 

mdn

 

ယင်းနောက်တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ကော်မတီအတွင်းရေးမှူးများနှင့်ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်