ပြည်သူလူထုကျန်းမာရေး ပူးပေါင်းပါဝင်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် နှစ်လပြည့်ပြီးကာလ၌ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ငါးသန်းကျော်ရှိနေပြီး သေဆုံးသူ သုံးသိန်းကျော်ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် မေလ ၂၄ ရက်နေ့ နံနက်အထိ ရောဂါပိုးတွေ့ထားသူ စုစုပေါင်း ၂၀၁ ဦးရှိသော်လည်း ရောဂါ ပျောက်ကင်းသွားသူ ၁၂၀ ရှိသည်။ ရောဂါတွေ့ရှိ ကုသမှုခံယူခဲ့သည့် လူနာများတွင် လက်ရှိ၌ လူနာ ၇၅ ဦး ရှိသည်။ ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ၌ နေ့စဉ်နီးပါးပိုးတွေ့လူနာ မရှိသလောက်တွေ့ရပြီး ယခုရက် ပိုးတွေ့လူနာမှာ ပြည်ပနိုင်ငံမှ လေကြောင်းဖြင့် ပြန်လည်ရောက်ရှိလာသူများအနက်မှ အချို့သာဖြစ်သည်။

 

ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အခက်အခဲရှိနေပါက ပြန်လည်လက်ခံ စောင့်ရှောက်ပေး ရမည်မှာ နိုင်ငံ၏တာဝန်ဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြန်လာလိုသော ပြည်ပရောက် မြန်မာနိုင်ငံသားများအား လေကြောင်း ခရီးဖြင့်လည်းကောင်း၊ နယ်စပ်ဂိတ်ဝင်ပေါက်များမှလည်းကောင်း လက်ခံပေးလျက်ရှိပြီး ဂိတ်များတွင်စိစစ်၍ သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပေးလျက်ရှိသည်။ သက်ဆိုင်ရာဒေသများတွင် စောင့်ကြည့်စစ်ဆေး ရောဂါထိန်းချုပ် ရေးကို သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ပြီး ရောဂါကင်းဝေးရေးကို ဆောင်ရွက်နေသည်။

 

အဓိကမှာ ပြည်သူလူထုအကြားတွင် ရောဂါပိုးကူးစက်မှု မမြင့်မားစေရန်ဖြစ်သည်။ ယခုအခါ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကွင်းဆင်းရှာဖွေစစ်ဆေးနေသည်။ မြန်မာနိုင်ငံ၌ ရောဂါကူးစက်မှု အတိုင်းအတာ အနေဖြင့် ရောဂါပိုးတွေ့သူ ၂၀၁ ဦးအနက် ရန်ကုန် တိုင်းဒေသကြီး၌ ၁၅၆ ဦးရှိသဖြင့် ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ ရောဂါပိုးရှိသူမှ တစ်ဆင့်ခံကူးစက်မှု အများဆုံးဒေသဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ကို အဓိကကာကွယ်ထိန်းချုပ်၍ ရောဂါကင်းဝေးရေးဆောင်ရွက်နေသည်။

 

ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ရောဂါကူးစက် ဖြစ်ပွားမှုအများဆုံး မြို့နယ်များတွင် ရောဂါရှာဖွေစစ်ဆေးမှုများ လုပ်ကိုင်ပေးလျက်ရှိရာ ရပ်ကွက်နေပြည်သူများက အသိတရားဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။ အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက် တပ်ဆင် ထားသော မော်တော်ယာဉ်ကြီးများဖြင့် ရပ်ကွက်နေပြည်သူလူထုအား အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ကြရမည် ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူလူထုကြားတွင် မိမိကိုယ်ကိုယ် ရောဂါရှိမှန်းမသိသူများကို ရှာဖွေနိုင်မည်ဖြစ် သည်။ ဤသို့စစ်ဆေးခြင်းဖြင့် ရောဂါပိုးရှိသူတွေ့ရှိရပါက အချိန်မီကုသနိုင်မည် ဖြစ်သည်။ ဖြစ်ပေါ်လာနိုင်မည့် ရောဂါကွင်းဆက်နောက်သို့ လိုက်နိုင်မည်ဖြစ်သည်။ ရောဂါကွင်းဆက်ကိုဖြတ်နိုင်မှ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ပြည်သူတိုင်း ရောဂါရှာဖွေစစ်ဆေးမှုကို ခံယူလိုက်ခြင်းအားဖြင့် ပြည်သူများကျန်းမာရေးအတွက် လူထုကြားတွင် ယုံကြည်မှုများရှိလာမည်ဖြစ်သည်။ ပြည်သူလူထုကလည်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် လိုလိုလားလား စစ်ဆေးမှုခံယူကြသောကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးရေးမှာ အလှမ်းမဝေးဟု ဆိုနိုင်သည်။

 

ရန်ကုန်မြို့တွင်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု အတည်ပြုလူနာအများဆုံး မြို့နယ်များဖြစ်သည့် အင်းစိန်မြို့နယ်အပါအဝင် တာမွေ၊ လှိုင်သာယာ၊ တောင်ဥက္ကလာပ၊ ဗဟန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း) နှင့် ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်မြို့နယ် များတွင် ရောဂါရှာဖွေစစ်ဆေးမှုများကို ဆောင်ရွက်နိုင်ခဲ့ပြီး အတည်ပြုလူနာ ဒုတိယအများဆုံး မရမ်းကုန်းမြို့နယ်တွင် မြို့နေလူဦးရေ တစ်သိန်းကျော်ကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။

 

သို့ဖြစ်ရာ ပြည်သူလူထု ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် ရောဂါရှာဖွေစစ်ဆေးမှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေချိန်တွင် ရပ်ကွက်နေပြည်သူအပေါင်းတို့ကလည်း ကျန်းမာရေးဝန်ထမ်းများနှင့်အတူ လက်တွဲ၍ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ရောဂါဘေးကို အချိန်တိုအတွင်း အောင်မြင်စွာကျော်ဖြတ် နိုင်မည်ဟု ယုံကြည်ပါကြောင်း။   ။

ကြေးမုံ