ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

 

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးတို့ကို ဆောင်ရွက်ရာ၌ ကျန်းမာသန်စွမ်းသော လူသားအရင်းအမြစ်များလိုအပ်သည်။ တိုးတက်ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရာတွင် ပညာအရည်အချင်းပြည့်ဝသည့် လူ့အရင်းအမြစ်များစွာလိုအပ်သည်။ ထိုအရင်း အမြစ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ကျန်းမာရေးသည် အဓိကအကျဆုံးဖြစ်သည်။

 

ကျန်းမာကြံ့ခိုင်မှသာ ကောင်းမွန်စွာပညာသင်ကြားနိုင်၊ ကောင်းမွန်စွာအလုပ်လုပ်နိုင်ပြီး မိမိအကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများ ကျန်းမာရေးအတွက် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးနှင့်အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး လူမှုရေးဦးတည်ချက်ကို ချမှတ်ထားပြီး တစ်နိုင်ငံ လုံးလွှမ်းခြုံကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

 

မျက်မှောက်ကာလ၌ အများပြည်သူတို့ ကျန်းမာရေးစောင့်ရှောက်မှုကို ရယူကြရာ၌ ငွေကုန်ကြေးကျ များပြားမှုများနှင့် ကြုံတွေ့နေရသည်။ နာတာရှည်ရောဂါ၊ ရောဂါအကြီးအငယ်အလိုက် ကုန်ကျစရိတ်များ ရှိသည်။ သို့ဖြစ်၍ ကုန်ကျစရိတ် အနည်းဆုံးနှင့် အသက်သာဆုံးဆေးကုသမှုစနစ်မှာ နိုင်ငံတော်၏ ကျန်းမာရေး စောင့်ရှောက်ပေးမှုကဏ္ဍဖြစ်သည်။ ပြည်သူ့ကျန်းမာရေးဌာန၊ ပြည်သူ့ဆေးရုံကြီးများသည် အများပြည်သူကို အစဉ်အဆက် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက် ရှိသည့်ဌာနများဖြစ်သည်။ အဆိုပါဌာနများကို နိုင်ငံတော်က နှစ်စဉ်မြှင့်တင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်သည့်ကာလတွင် ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျန်းမာရေး ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ပြည်သူ့ ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ ဆေးရုံကြီး၊ ဘားအံမြို့ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးစသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိဆေးရုံကြီးများ၏ ကုသဆောင်သစ်များ ဖွင့်လှစ် ပေးခြင်း၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီး (ရန်ကုန်) တို့တွင်တိုးချဲ့ ကုသဆောင်များ ဖွင့်လှစ်ပေးခြင်း၊ ခုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံများတွင် နှစ်ထပ်ကုသဆောင် သစ်များ ဖွင့်လှစ်ပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနခွဲများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

 

နိုင်ငံတော်က ကျန်းမာရေးကဏ္ဍကို နှစ်စဉ် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသော်လည်း တိုးပွားလာသော လူဦးရေ၊ ထူပြောလာသောရောဂါအခြေအနေ၊ လိုအပ်လျက်ရှိသော အရင်းအမြစ်တို့ကြောင့် ပြည်သူ့ဆေးရုံများကို အားကိုးအားထားပြုကြသော ပြည်သူများအနေဖြင့် အခက်အခဲများ ရှိကောင်းရှိမည်ဖြစ်သည်။ “နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ် ပေးနိုင်ရေး  မည်မျှပင်စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့်အရေးများကို ခံစားနိုင်ရန် အနှောင့်အယှက်များ၊ အခက်အခဲများရှိနေ မည်ဆိုပါက အကျိုးရှိနိုင်မည်မဟုတ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဇန်နဝါရီလ ၂၁ ရက်နေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲတွင် အသိပေးပြောကြားခဲ့သည်။

 

ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ ကြုံတွေ့လာရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ဝိုင်းဝန်းပူးပေါင်းလက်တွဲ ကျော်လွှားသွားကြရမည်ဖြစ်သည်။ အထူးသဖြင့် ဝေးလံသောဒေသများနှင့် နယ်မြို့များတွင် အခက်အခဲများရှိနိုင်ပေသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ရောဂါအခြေအနေပေါ် မူတည်၍ လိုအပ်လာလျှင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် သွားရောက်ဆေးကုသမှု ခံယူလေ့ရှိသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ဆေးရုံကြီးဖြစ်ပြီး တစ်နိုင်ငံလုံးရှိပြည်သူများ အစဉ်အဆက် ခေတ်အဆက်ဆက် အားကိုးအားထားပြုရသည့် ဆေးရုံကြီးဖြစ်သည်။ ပြည်သူများ အားကိုးအားထား ပြုနေကြသလို နိုင်ငံတော်အစိုးရအဆက်ဆက်တို့ကလည်း စဉ်ဆက်မပြတ် မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။

 

၂၀၁၆ ခုနှစ်တွင် ခုတင်(၂၀၀၀)ဆံ့ ဆေးရုံကြီးအထိ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် ခုနစ်ထပ်ဆောင်အသစ်ကြီးကို တည်ဆောက်ဖွင့်လှစ် ပေးနိုင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ခုတင်(၂၀၀၀)ဆံ့ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပိုမိုများပြားလာသည့်လူနာများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှု ခံယူနိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများကို ပြည်သူများရရှိခံစားနိုင်ရန်အတွက် ထပ်မံဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ အခက်အခဲအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့သော ခုနစ်ထပ် ဆေးရုံသစ်ကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အမြန်ပြီးစီးအောင် ကြိုးပမ်းတည်ဆောက်ခဲ့သည်။

 

သို့ဖြစ်ရာ နိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရန်အတွက် နိုင်ငံတော်က စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ကြုံတွေ့လာရသော အခက်အခဲများ၊ အနှောင့်အယှက်များ၊ စိန်ခေါ်မှုများကို ဝိုင်းဝန်း လက်တွဲပူးပေါင်းကျော်လွှားလျက် တိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုအပြည့်အဝပေးနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။ 

 

ကြေးမုံ