ပြည်သူများပါဝင်မှုဖြင့် အေးချမ်းသာယာမှုတည်ဆောက်

နိုဝင်ဘာ ၁၅၊ ၂၀၂၁

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကျဆင်းလာသောကြောင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ပြည်သူများလူမှုစီးပွားရေးဘဝ ပုံမှန်လည်ပတ်နေကြသည်။ ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ရာသီအကူးအပြောင်းကြောင့် ပုံမှန်တုပ်ကွေး ရောဂါဖြစ်ပွားမှုသာရှိခဲ့သည်။ လက်ရှိကာလ နိုင်ငံရေးအခြေအနေနှင့်အကြောင်း အမျိုးမျိုးဂယက်ရိုက်ခတ်မှုကြောင့် ပညာ သင်ကြားရေး အပိုင်း၌ လျော့နည်းမှုရှိသော်လည်း အလုပ်အကိုင်များ ပုံမှန်လုပ်ကိုင် နေကြသည်။

ယခုနိုဝင်ဘာလ ၈ ရက်နေ့အထိ အခြေခံပညာကျောင်းသား ကျောင်းသူ စုစုပေါင်း နှစ်သန်းသုံးသိန်း ငါးထောင်ကျော် ပညာသင်လျက်ရှိကြောင်းသိရသည်။ ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ကျောင်းတက် ရောက်မှု နည်းပါးသော်လည်း ကျောင်းဖွင့်ပြီးတစ်ပတ်ခန့်တွင် ကျောင်းသား/ကျောင်းသူ တစ်သန်းကျော် ထပ်မံတိုးလာသဖြင့် ဝမ်းမြောက်စရာဖြစ်သည်။ ပညာ လိုလားကြသော မိဘပြည်သူများက အခက်အခဲ အနှောင့်အယှက်များကြားက ကျောင်းတက်ရေးကို အားပေးခဲ့သည်။ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက်ဖြစ်သောကလေးငယ်များအတွက် နားလည်မှု ရှိသလို ကိုယ်ချင်းစာနာမှုဖြစ်ရသည်။

ပညာရေးနှင့်ပတ်သက်၍ နောက်ကျနေ၍ မဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ နစ်နာမှု မဖြစ်စေရန်အတွက် ပညာသင်ကြားရေးကို နိုင်ငံတော်က ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ ရောဂါကင်းဝေးကျန်းမာရေးအတွက် ယခုအခါ အသက် (၄၅) နှစ်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည့်အပြင် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများကိုလည်း ကာကွယ်ဆေးထိုးပေးလျက်ရှိသည်။ ပြည်သူများကောင်းကျိုး အတွက် အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်လျက်ရှိနေချိန်တွင် အကြမ်းဖက်အဖျက် သမားများက ပျက်စီးရာပျက်စီးကြောင်း နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြရာ မကြံစည်အပ်ကောင်းသည့် ပညာရေး၊ ကျန်းမာရေးကိုပင် ဖျက်ဆီးလာကြသည်။

ယခုအခါတွင် ကျောင်းသားမိဘများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို လိုလားသူများ၏ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှုကြောင့် အချို့နေရာဒေသရှိ စာသင်ကျောင်းအချို့သာ နှောင့်ယှက်ဖျက်ဆီးမှုများ ခံခဲ့ရသည်။ အချို့နေရာများတွင် ကျောင်းသား ကျောင်းသူများကို ခြောက်လှန့်မှုများရှိသည်။ အချို့နေရာများတွင် ပညာသင်ကြားပေးသော ဆရာဆရာမများအား ခြိမ်းခြောက်မှုများရှိပြီး ကံမကောင်းရှာသော ဆရာအချို့ လုပ်ကြံခံခဲ့ရသည်ကို ကြားသိရသည်မှာ အလွန်ပင် ဝမ်းနည်းကြေကွဲမိသည်။ အဆိုပါလုပ်ရပ်သည် အလွန်မိုက်မဲသောလုပ်ရပ်ဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးနေခြင်းဖြစ်သည်။ အလွန်မိုက်မဲသည့် အကြမ်းဖက် လုပ်ရပ်များကို ပြည်သူများက လက်မခံဘဲရွံရှာမုန်းတီးလျက်ရှိသည်။

ဒီမိုကရေစီကိုခုတုံးလုပ်သည့် အကြမ်းဖက်အဖျက်လုပ်ရပ်များကို ပြည်သူများက နားလည်သိရှိလာ ကြပြီး ပြည်သူများ၏ပူးပေါင်းကူညီ ဆောင်ရွက်ပေးမှုဖြင့် လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်သမားများကို ထိရောက်စွာတိုက်ဖျက်လျက်ရှိသည်။ ရပ်ရွာများအတွင်း အကြမ်းဖက် သမားများ၏ ခြိမ်းခြောက်မှုများနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်မှုများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းနှင့် ပြည်သူများအားအကာအကွယ် ပေးခြင်းတို့ကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကြမ်းဖက်မှုများကို ထိရောက်စွာ တားဆီးသွားနိုင်မည်ဖြစ်သည်။ ပြည်သူများ၏ ဘဝများကိုလည်း ကာကွယ် စောင့်ရှောက်ပေးပြီး ပြည်သူများကလည်း ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ကြပါက မြို့ရွာများလည်း တည်ငြိမ်အေးချမ်းလာပြီး ပြည်သူများလည်းစိတ်ချမ်းသာလာ မည်ဖြစ်သည်။

မိမိတို့သည် ဤနိုင်ငံတွင်နေ၍ ဤနိုင်ငံတွင် ပြည်သူများနှင့်အတူ အတူလက်တွဲနေထိုင် လုပ်ကိုင်ဆောင်ရွက်နေကြသဖြင့် မိသားစုဝင်များဖြစ်သည်။ ထို့ကြောင့် ဤနိုင်ငံနှင့် တိုင်းရင်းသား ပြည်သူအချင်းချင်း စာနာထောက်ထားရိုင်းပင်း ကူညီကြရမည်ဖြစ်သည်။ ပြည်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည် အရေးကြီးသဖြင့် ပြည်သူများ၏ မိမိနိုင်ငံကို ချစ်မြတ်နိုးသောစိတ်ဓာတ်ကို အခြေခံကာ တာဝန်သိမှုနှင့် တက်ကြွသောစိတ်ဓာတ်များဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြရန် လိုအပ်ပေသည်။ ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်မှသာ ပြည်သူများ၏ လူမှုဘဝလုံခြုံအေးချမ်းမှုကို ရရှိမည်ဖြစ်သည်။ ပြည်သူများ အနေဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများဘဝ လုံခြုံအေးချမ်းရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ကိုသုံးသပ်ကြည့်လျှင် နိုင်ငံရေးသမားများက ၎င်းတို့အာဏာရရှိရေး အတွက် မရိုးမသားလုပ်ဆောင်မှုများကြောင့် ပြည်သူများမှာ အသုံးချခံဘဝများ၊ အကြမ်းဖက်မှုဖြင့် ခြိမ်းခြောက်ခံဘဝများ ရောက်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများ အကြမ်းဖက်မှုမှကင်းဝေးရေး၊ လူမှုစီးပွားဘဝ ပြန်လည်အဆင်ပြေဦးလာရေး၊ ပုံမှန်ဘဝများ ကောင်းမွန်စွာလည်ပတ်ပြီး ရပ်ရွာများပြန်လည်အေးချမ်းသာယာလာရေးအတွက် နိုင်ငံတော်နှင့် အတူ ပြည်သူများ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ