ပြည်သူထဲက ပြည်သူတို့၏ သန္နိဋ္ဌာန်

၁၄ မတ်
 

 

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးကွယ်လွန်ခဲ့သည်မှာ နှစ် (၃၀)ပြည့်သွားပြီ ဖြစ်ပါသည်။ ကိုဖုန်းမော်ကျဆုံးသည်မှ အစပြုခဲ့သော ကျောင်းသားလှုပ်ရှားမှုတို့မှတစ်ဆင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပါဝင်ခဲ့သော လူထုဒီမိုကရေစီအရေးတော်ပုံကြီး။ ကိုဖုန်းမော်ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း(၃၀)ပြည့်သော ယနေ့အခါသမယ၌ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ခဲ့သော လူထုအစိုးရသစ်က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံး ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

 

 

ကိုဖုန်းမော်ကျဆုံးခဲ့ရသည့် သမိုင်းအဓိပ္ပာယ်၊ နိုင်ငံရေးအနှစ်သာရတို့ကို မှန်ကန်စွာ နားလည်ရန် လိုအပ်ပါသည်။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးခဲ့ရခြင်းသည် ကျောင်းသား ကျောင်းသူတို့အား ကိုယ်စားပြုဆောင်ရွက်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းမရှိခြင်းကိုညွှန်ပြနေပါသည်။ ကျောင်းသား ကျောင်းသူတို့၏ တိုင်းပြည်အရေးလှုပ်ရှားဆောင်ရွက်နေမှုကို နိုင်ငံရေးအန္တရာယ်ဟု သတ်မှတ်ထားခြင်းကိုဖော်ပြနေပါသည်။ နိုင်ငံသူ နိုင်ငံသားတို့၏ သဘောထားအမြင်နှင့် ခံစားချက်တို့ကို ကာလရှည်ကြာဖိနှိပ်မှုသည် ပေါက်ကွဲပွင့်အန်မှုကို ဖြစ်ပေါ်စေတတ်ကြောင်း သတိပေးနေပါသည်။ ကိုဖုန်းမော်ကျဆုံးခဲ့ရခြင်းသည် လတ်တလော အကြောင်းရင်းဖြစ်၍ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ တငွေ့ငွေ့တောက်လောင်နေသော အထွေထွေမကျေနပ်မှုသည် အခြေခံအကြောင်းတရား ဖြစ်ပါသည်။

 

 

ကိုဖုန်းမော် အသက်စွန့်လွှတ်ခဲ့ရသည်က အချည်းနှီးမဟုတ်သည်မှာ ပေါ်လွင်ထင်ရှားပြီးဖြစ်သော်လည်း မည်ကဲ့သို့သော အကျိုးဆက်တို့ဖြစ်ပေါ်ခဲ့သည်ကို အလေးအနက်သုံးသပ်ရန် လိုအပ်ပါသည်။ ကိုဖုန်းမော်၏ အသက် စွန့်လွှတ်မှုကြောင့် ကိုင်လှုပ်ခံနိုးကြားလာသော ကျောင်းသားလှုပ်ရှားမှုသည် လူထုဒီမိုကရေစီအရေးတော်ပုံကြီးကို အသက်သွင်းဖြစ်ပေါ်ခဲ့ပါသည်။ ဤလူထုဒီမိုကရေစီအရေးတော်ပုံကြီးက ထိုးဖောက်ဖြိုခွဲ၍မရနိုင်ဟု ထင်မှတ်မှားခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ယန္တရားအရပ်ရပ်ကို ရက်ပိုင်းအတွင်း ပြိုလဲရပ်တန့်စေခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်ခဲ့သည့် (၂၆)နှစ်ကာလအတွင်း တိုင်းပြည်၏ ပျက်စီးယိုယွင်း ဆုတ်ယုတ်မှုဖြစ်ပေါ်စေခဲ့ပါသည်။

 

 

လူထုဒီမိုကရေစီအရေးတော်ပုံကြီးသည် အပြီးသတ်ရလဒ်ကို မဖန်တီးနိုင်ခဲ့သော်လည်း တိုင်းပြည်၌ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ခြင်းနှင့်အတူ ပါတီစုံဒီမိုကရေစီကျင့်သုံးခြင်းနှင့် ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲ၌ ပြည်သူလူထု၏ ဒီမိုကရေစီရေးသန္နိဋ္ဌာန်ကို ဦးထိပ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့သော်လည်း တိုင်းပြည်၏ အချုပ်အခြာအာဏာကို ကျင့်သုံးဖော်ဆောင်ခွင့်မရရှိခဲ့ပါ။ ၁၉၉၀ ရွေးကောက်ပွဲမှ သည် ၂၀၁၅ ရွေးကောက်ပွဲအထိ ရှည်လျားသော ဒီမိုကရေစီခရီးကြမ်းကို တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးသည် လူထုဒီမိုကရေစီ အရေးတော်ပုံကြီးက ဖန်တီးလိုက်သည့် ဒီမိုကရေစီသန္နိဋ္ဌာန်ဖြင့် ကြံ့ကြံ့ခံလျှောက်လှမ်းခဲ့ပါသည်။ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း (၃၀)ရှိပြီဖြစ်သော ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်သည် ပြည်သူလူထု၏ ဤဒီမိုကရေစီသန္နိဋ္ဌာန်ကို ပုံဖော်ဖန်တီးခဲ့သည့် ပြည်သူထဲက ပြည်သူတစ်ဦးဖြစ်ပါသည်။ တရားမျှတ တည်ငြိမ်ဖွံ့ဖြိုးသော နိုင်ငံတော်ကြီးဖြစ်ပေါ်ရေးအတွက် အသက်ပေးလှူခဲ့သော ကိုဖုန်းမော်အား တိုင်တည်၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက တိုင်းပြည်၌ ဒီမိုကရေစီစနစ်ကို အပြည့်အဝ၊ အခိုင်အမာ ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက်သန္နိဋ္ဌာန်ချ ဆောင်ရွက်ကြပါရန် လေးစားစွာ နှိုးဆော်တင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း