ပြည်သူတို့ နှလုံးစိတ်ဝမ်းအေးချမ်းစေမည့် ရုပ်ရှင်ရုံများဖွင့်လှစ်မှုအပေါ် ဝမ်းသာပီတိစကားသံမျာ

တွေ့ဆုံမေးမြန်းသူ -  သင်းပျံ၊ မွှေးမွှေး

          
မြန်မာ့ရုပ်ရှင်ကိုချစ်မြတ်နိုးကြသည့် ပြည်သူများ အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားခဲ့သည့်ကာလတွင် ရုပ်ရှင်ရုံများလည်း ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ကျဆင်းခဲ့မှုကြောင့် ပြည်သူတို့၏ မွန်းကြပ်နေသောစိတ်များ ပြေလျော့နိုင်စေရန်   နိုင်ငံတစ်ဝန်းတွင်ရှိသော  ရုပ်ရှင်ရုံများ တွင် ပြသရန်အသင့်ရှိနေသော ရုပ်ရှင်ရုံပေါင်း(၄၈)ရုံအား ပြန်လည်ဖွင့်လှစ်ပြသခွင့်ပြုခဲ့ရာ ရန်ကုန်မြို့တွင် သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံအပါအဝင် ရုပ်ရှင်ရုံ‌ပေါင်း(၁၉)ရုံမှ မြန်မာ ဇာတ်ကားဖြစ်သော ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ရိုက်ကူးထားသည့် “ဝေးမနေချင် ဘူး” ဇာတ်ကားအား တစ်ပြိုင်တည်း စတင်ပြသခဲ့ရာ  ရုပ်ရှင်ချစ်ပြည်သူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ထိုသို့ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ပြသနိုင်မှုအပေါ် ဝမ်း သာပီတိစကားသံများအား ဖော်ပြလိုက်ပါသည်။

ဦးလှသိန်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်

ဒီနေ့ စပြမယ့်ဇာတ်ကားကတော့ “ဝေးမနေချင်ဘူး”ဇာတ်ကားဖြစ်ပါတယ်။ အဲဒီ ကားပြီးရင် သောကြာနေ့ရောက်ရင် နောက်တစ်ကား “လိပ်ပြာထောင်ချောက်” ပြပါ့မယ်။ တစ်ပတ်ကို တစ်ကား နှုန်းနဲ့ပြမှာပါ။ အဲဒီလို ဇာတ်ကားတွေပြသရာမှာ ထုတ်လုပ်သူနဲ့ ရုံပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး အဆင်ပြေတဲ့ ကားကို ရက်ချိတ်ပြီး ပြရတာပါ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ သဘောတခုထဲမဟုတ်ဘဲ ရုံရှင်၊ ကားရှင်တွေနဲ့ သုံးဦးသုံးဖလှယ် ညှိနှိုင်းပြီးပြရတာပါ။ ဒီနေ့စဖွင့်တာဆိုတော့ ပရိသတ်ကို ခန့်မှန်းလို့ မရ သေးဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ တစ်ပတ်ကို တစ်ကားနှုန်းနဲ့ပြမှာပါ။ ရုပ်ရှင်တွေပြပြီး ပုံမှန်ခါ တိုင်းလို လည်ပတ်နိုင်ပြီဆိုရင် ရိုက်ကူးရေးတွေလည်း ပြန်စနိုင်ပါပြီ။ အဓိက ပြသရေးရဲ့ အနေ အထားကိုကြည့်ရ မှာပေါ့။ ပြသရေးကောင်းမယ်ဆိုရင် ရိုက်ကူးရေးလုပ်ငန်း စနိုင်တဲ့အတွက် ရုပ်ရှင်လောကသားတွေလည်း အလုပ်တွေပြန်ရပါပြီ။ ရန်ကုန်တိုင်းမှာ ရုပ်ရှင်ရုံ ၁၉ ရုံဖွင့်ပြီးတော့ တစ်ပြည်လုံးမှာဆိုရင် ရုံ ၅၀ ကျော် ပြသဖို့ရှိပါတယ်။ တချို့ရုပ်ရှင်ရုံတွေက စက်ပိုင်းဆိုင်ရာ၊ ရုံပိုင်းဆိုင်ရာတွေ ပြုပြင်နေတာတွေရှိတယ်။  ကျွန်တော်တို့ရုပ်ရှင်တွေကို အရင်လိုဘဲပြန်ပြီး အားပေးကြပါ။ လုပ်ငန်းတွေလည်း ပုံမှန်ပြန်ပြီး လည် ပတ်အောင် ဖြစ်နိုင်သမျှကြိုးစားနေပါတယ်။ တချို့ပိတ်ကားအပိုရှိတဲ့ ရုပ်ရှင်ရုံတွေဆိုရင် နိုင်ငံခြားကား တွေလည်း ပြသဖို့ရှိပါတယ်။

ဦးသိန်းနိုင်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(အကြံပေး)

တစ်နိုင်ငံလုံးကို ရုပ်ရှင်ရုံ ၆၀ ခန့် ဖွင့်မယ်လို့မှန်းထားပါတယ်။ တချို့ရုံတွေက ပြုပြင်စရာတွေ ရှိတဲ့အတွက် တစ်နိုင်ငံလုံးမှာဆိုရင် ဒီနေ့ ၄၈ ရုံကစပြီး ပြသပါတယ်။ နောက်ရက်တွေမှာ ရုံတွေထပ်တိုး ပြီး ပြနိုင်မှာပါ။ ရန်ကုန်မှာ ၁၉ ရုံပြသဖို့ရှိပါတယ်။ နောက်ပိုင်း စီးတီးမောတွေဖွင့်ရင် ထပ်တိုးပြသမှာပါ။ တစ်ပြည်လုံးကို ဒီနေ့စဖွင့်ပြီး ရုပ်ရှင်လုပ်ငန်း ပြန်လည်နိုးထဖို့အတွက် မြန်မာဇာတ်ကား ၆ ကားကို စပြသွားမှာပါ။ ဒီနေ့ပြမယ့်ဇာတ်ကားက “ဝေးမနေချင်ဘူး”၊ ဒါရိုက်တာက ညွန့်မြန်မာညီညီအောင်ပါ။ ဒီဇာတ်ကားနဲ့ စပြီးပြသပါတယ်။ ကျန်းမာရေးအရ ကြိုပြီးစစ်ဆေးထားတာရှိတယ်။ ကိုဗစ် စည်းကမ်း နဲ့အညီ သတ်မှတ်ချက်နဲ့အညီ ထိုင်ခုံ ၂ ခုံခြားပြဖို့ အစီအစဉ်လုပ် ထားပါတယ်။ တချို့ရုံမှာ လာကြည့်ချင် တဲ့သူတွေ လာမေးနေကြတာ ရှိတယ်လို့သိရ တယ်။ အားလုံးအတွက် ရုပ်ရှင်နဲ့ပတ်သက်ပြီး ကြိုဆိုပါ တယ်။ နိုင်ငံခြားကားအနေနဲ့ ခွင့်ပြုထားတဲ့ကားဆိုရင် ထိုင်းကား နှစ်ကား၊ အိန္ဒိယဇာတ်ကား နှစ်ကား ရှိပါတယ်။ နှစ်ကားလုံး Action ဇာတ်ကားအသစ်တွေပါ။ တချို့ရုံတွေမှာလည်း နှစ်ဆန်းတစ်ရက် နေ့အမီ နိုင်ငံခြားဇာတ်ကားကြိုက်တဲ့ ပရိသတ်တွေကြည့်နိုင်အောင် ပြဖို့စီစဉ်ထားပါ တယ်။ တစ်နေ့ကို လေးပွဲ နှုန်းနဲ့ ပြသွားမှာပါ။

ဦးကြည်စိုးထွန်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ

ပျော်တာပေါ့ဗျာ၊ ကျွန်တော်တို့က ရုပ်ရှင်နဲ့တစ်သက်လုံး နေလာတာဆိုတော့ ရုပ်ရှင်ကြည့်ရ တာလည်း ပျော်တယ်၊ ရုပ်ရှင်ရိုက်ရတာလည်း ပျော်တယ်။ အခုလို ရုပ်ရှင်ရုံ တွေဖွင့်တယ်၊ ပရိသတ်တွေ လာကြည့်ကြတယ်ဆိုရင် ကျွန်တော်တို့လောကသား တွေလည်း ပျော်ကြတာပေါ့။ ကျွန်တော်လည်း ပျော် တာပေါ့။ နောင်အလားအလာလည်း ကောင်းမှာပါ။ ပြည်သူတွေက စိတ်ဖိစီးနေကြတာ တော်တော်ကြာ ပြီလေ၊ စိတ်ပျော်ရွှင်အောင် ရုပ်ရှင်ရုံတွေဖွင့်တာကို ကျွန်တော်တို့က ကြိုဆိုပါတယ်၊ ဝမ်းလည်း ဝမ်းသာတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်ကြီး သာယာဝပြောနေရင် ကျေနပ်နေတာ အမှန်ပါပဲ။ ရုပ်ရှင်ဝါသ နာပါတဲ့သူတိုင်း လာကြည့်ကြမှာပါ။ ပရိသတ်ကလည်း အရေးကြီးပါတယ်။ ရုပ်ရှင်လောကသားတွေ အတွက် ပရိသတ်ဟာ ကျေးဇူးရှင်တွေပါ။

ဦးစောလွင်
မင်္ဂလာကုမ္ပဏီ၏ ဖြန့်ချိ/ကြော်ငြာမန်နေဂျာ

ကိုဗစ်ကာလကစပြီး ရုပ်ရှင်မပြတာ ၂ နှစ်ခန့်ရှိပါပြီ။ ရုပ်ရှင်ရုံကို ပြန်ပြီးစိတ်ဝင်စား လာစေ ချင်တဲ့ စေတနာပါ။ ရုပ်ရှင်လုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာတဲ့အနေအထား ဖြစ်အောင် ရုပ်ရှင်ရုံ တွေကိုပြန်လည်ဖွင့်လှစ်တာပါ။ ရုပ်ရှင်လောကတစ်ခုလုံး ရပ်ဆိုင်းနေ ရတဲ့ အတွက် ပြန်ပြီးတော့အားပေး စေချင်ပါတယ်။ ရုပ်ရှင်ချစ်တဲ့ပရိသတ်ကို နှလုံးစိတ် ဝမ်းအေးချမ်းအောင် ရသမျိုးစုံပါဝင်တဲ့ ဇာတ်ကား များနဲ့ဖျော်ဖြေချင်ပါတယ်။ အဲဒီအတွက် ရုပ်ရှင်ရုံတွေပြန်လည်ဖွင့်ဖို့ ကြိုးစားခဲ့ကြတာပါ။ အဲဒါအပြင် ရုပ်ရှင်လောက သားတွေ စားဝတ်နေရေးအခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ ဖွင့်လှစ်တာလည်းဖြစ်ပါတယ်။၊ ကျွန်တော်တို့ မင်္ဂလာအုပ်စုအနေနဲ့ တစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံ ၇၀ ခန့် ရှိပါတယ်။ ဒါပေမယ့် အားလုံးမ ဖွင့်နိုင်သေးဘူး။ ၂၅ ရုံ လောက်ဖွင့်ဖို့ကြိုးစားနေပါတယ်။ ဒီနေ့မှာ ၁၅ ရုံဖွင့်ထားပါတယ်။  မြန်မာဇာတ်ကား၊ နိုင်ငံခြားဇာတ်ကားတွေပြသသွားမှာပါ။  ရုပ်ရှင်ရုံတွေ ပြန်ပြီး ဖွံ့ဖြိုး တိုးတက်အောင်၊ ရုပ်ရှင်လောက တစ်ခုလုံး ပြန်ပြီးအသက်ဝင်လာအောင် ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။ အဲဒီအတွက်လည်း အားပေးကြပါဦးလို့ ရုပ်ရှင်ချစ်တဲ့ မြန်မာ ပရိသတ်အပေါင်းကိုဖိတ်ခေါ်ပါတယ်။ ရိုက်ပြီးသားရုပ်ရှင်ဇာတ်ကား ၂၅၀ ခန့်ကို ပြသဖို့ အသင့်ရှိနေပါပြီ။ အဲဒီထဲက ကောင်းနိုးရာရာကိုရွေးချယ်ပြီး တင်ဆက်ပေးသွားပါ့ မယ်။ ပရိသတ်စိတ်ဝင်စားနိုင်တဲ့ကားမျိုးလေးတွေပေါ့။ ပြန်ကြားရေးဝန်ကြီး ဌာနနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းဆောင်ရွက်တဲ့ ပွဲလေးဖြစ်ပါတယ်။  ဒီနေ့ရုပ်ရှင် ရုံတွေဖွင့်ရာမှာ ကျွန်တော်တို့ မင်္ဂလာအုပ်စုတစ်ခု ထဲမဟုတ်ဘဲ ဂျန်းရှင်း၊ မီဂါ၊ ပါရာဒီဆို၊ ရက်ရေးဒီးယန့်နဲ့ ဂလက်စီရုပ်ရှင်အုပ်စုတွေ အပြင် တချို့ရုံပိုင်ရှင်တွေရဲ့ ရုံတွေလည်း တစ်ပြိုင်ထဲဖွင့်လှစ် ပြသသွားမှာပါ။ နိုင်ငံတစ်ဝန်းက ရုပ်ရှင် ချစ်မြန်မာပြည်သူအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။