ပြည်သူတို့၏ တီထွင်ဖန်တီးမှုနှင့် ဟန်ချက်ညီ လူမှု- စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

၂၂ ဇူလိုင်

 

ဟန်ချက်ညီသော လူမှု-စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုရှိမှသာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ ဖြိုးတိုးတက်မှုကို ဆုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ဤကဲ့သို့ဟန်ချက်ညီသော လူမှု-စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို ဖန်တီးရယူမည်ဆိုပါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည်လည်း မဖြစ်မနေ ထည့်သွင်းအကောင်အထည်ဖော်ရမည့် ကိစ္စရပ်ဖြစ်ပါသည်။ ကျေးလက်ဒေသတို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်ရာ၌ကျေးလက်ဝန်းကျင်ရှိ သစ်တောများ ထိန်းသိမ်းရေးသည် အရေးကြီးသောကိစ္စရပ်ဖြစ်ပါသည်။ အစဉ်အလာအရ ကျေးလက်ဒေသတို့တွင် စွမ်းအင်ရရှိရေးအတွက် ထင်းမီးကို အားပြုရသောကြောင့်ဖြစ်ပါသည်။

 

 

ဟန်ချက်ညီသော လူမှု-စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုရရှိရေးကိုဆောင်ရွက်ရာ၌ ရိုးရာအစဉ်အလာလုပ်ငန်းတို့ ထိန်းသိမ်းတိုးချဲ့နိုင်ရေးသည်လည်း အရေးပါသော အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ အနီးဝန်းကျင်ရှိကျေးရွာတို့တွင် စဉ့်အိုးအပါအဝင် စဉ့်ထည်ပစ္စည်းများ ထုတ်လုပ်ခြင်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့ကြပါသည်။ ဤကဲ့သို့ စဉ့်ထည်ပစ္စည်းများ ထုတ်လုပ်ရာ၌ ထင်းမီးဖိုကို အစဉ်အဆက် အသုံးပြုခဲ့ကြပါသည်။ ထင်းမီးဖိုအသုံးပြုမှုက ဘေးပတ်ဝန်းကျင်ရှိ သစ်တောတို့ကို ပြုန်းတီးပျက်စီးစေသည်မှာ အထူးရည်òန်းရန်မလိုသောကိစ္စဖြစ်ပါသည်။ တစ်ဖက်၌လည်း ထင်းမီးဖိုနှင့် ပြုလုပ်သည့် စဉ့်ထည်ပစ္စည်းတို့သည် အရည်အသွေးမပြည့်ဝခြင်းနှင့်အတူ တာရှည်ခံခြင်းမရှိသည့်အပြင် ဒီဇိုင်းအပိုင်းနှင့် အရောင်အပိုင်း၌ ဆန်းသစ်မှုမရှိ ဖြစ်စေပါသည်။

 

 

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ဝန်းကျင်ရှိ ရိုးရာစဉ့်ထည်ပစ္စည်းထုတ်လုပ်ခြင်းကို နည်းပညာပိုင်းအရ ကူညီပံ့ပိုးပေးမည့် အဖွဲ့အစည်းတစ်ရပ် ရှိပါသည်။ ဤအဖွဲ့အစည်းမှာ ပရဟိတအဖွဲ့ ဖြစ်သည့် PUM Netherlands Senior Experts အဖွဲ့ ဖြစ်ပါသည်။ အဆိုပါအဖွဲ့က ကျောင်မြောင်းမြို့ ဝန်းကျင်ရှိ ရိုးရာစဉ့်ထည်လုပ်ငန်းရှင်များအား သဘာဝဓာတ်ငွေ့ ဖြင့် မီးဖုတ်ခြင်းပညာကို သင်ကြားပို့ချပေးခဲ့ပါသည်။ ဤကဲ့သို့ သင်ကြားပို့ချမှုအပေါ်အခြေခံလျက် ကျောက်မြောင်းမြို့ ဝန်းကျင်ရှိ စဉ့်ထည်လုပ်ငန်းရှင်များသည် သဘာဝဓာတ်ငွေ့သုံးမီးဖိုကို စမ်းသပ်တည်ဆောက် လုပ်ကိုင်လျက်ရှိပါသည်။ အဆိုပါ စမ်းသပ်တီထွင် လုပ်ကိုင်မှုသာ အောင်မြင်မည်ဆိုပါက ဘေးပတ်ဝန်းကျင်ရှိ သစ်တောများထိန်းသိမ်းရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်သာမက တန်းမြင့်စဉ့်ထည်ပစ္စည်းများကိုပါ ထုတ်လုပ်နိုင်စွမ်းရှိလာမည် ဖြစ်ပါသည်။ သို့ဖြစ်ပါက ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သည့် ရိုးရာစဉ့်ထည်လုပ်ငန်းကို မြှင့်တင်ပေးနိုင်မည့်အပြင် ဤဒေသ၏ ဟန်ချက်ညီသော လူမှု-စီးပွားရေးဝန်းကျင်ကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ဤကဲ့သို့သော အကျိုးရလဒ်များ ဆုပ်ကိုင်ရရှိရေးကိုဦးတည်လျက် ကျောက်မြောင်းမြို့ဝန်းကျင်ရှိ ရိုးရာ စဉ့်ထည်လုပ်ငန်းတို့၏ တီထွင်ကြိုးပမ်းဆောင်ရွက်မှုအား သက်ဆိုင်ရာအဖွဲ့အစည်းတို့က လိုအပ်သည့်ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးပါရန်လေးစားစွာအကြံ ပြုတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း