ပြည်ထဲရေးဝန်ကြီးဌာနအမည်ခံ၍ လိမ်လည်အလှူခံသူ ၄ ဦးအား ဖမ်းဆီးရမိ

နေပြည်တော် ၂၄ ဇွန်

 

ပြည်ထဲရေးဝန်ကြီးဌာန အမည်ခံ၍ လိမ်လည်အလှူခံသူ ၄ ဦးအား ယမန်နေ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာနအမည်ခံ၍ လိမ်လည်အလှူခံမှုရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က စုံစမ်းမှုများပြုလုပ်ခဲ့ရာ ရန်ကင်းမြို့နယ်အတွင်းရှိ Perfect KTV တွင် အမျိုးသား ၄ ဦးမှ “ပြည်ထဲရေးဝန်ကြီးဌာန ပရဟိတအဖွဲ့မှဖြစ်ကြောင်း၊ ကလေးသူငယ်များအား စာရေးကိရိယာ၊ အဟာရဒါနနှင့် သံဃာတော်များအတွက် အလှူခံသည်”ဟု ပြောဆို၍ ငွေ ၅၀၀၀၀ ကျပ်အား လိမ်လည်အလှူခံသွားကြောင်း သတင်းရရှိခဲ့ပြီး လိမ်လည်အလှူခံသွားသူ ၄ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်စုံစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ဇွန် ၂၃ ရက် ည ၈ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းမပေါ်၌ လိမ်လည်အလှူခံသူများဖြစ်သည့် ဝေဖြိုးအောင် (၂၅)နှစ်၊ မြို့ဟောင်း အရှေ့ရပ်ကွက်၊ သန်လျင်မြို့နယ်၊ အောင်မျိုးဦး (၂၃)နှစ်၊ (၁၆၈)ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မျိုးကိုကို (၂၈)နှစ်၊ ဘုရားကုန်းကျေးရွာ၊ သန်လျင်မြို့နယ်နှင့် ထွန်းဝင်းဇော်(ခ)ကိုထွန်း (၂၅)နှစ်၊ (၁၂)ရပ်ကွက်၊ သာကေတမြို့နယ်နေသူတို့ ၄ ဦးအား Probox မော်တော်ယာဉ် ၁ စီးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင် စိစစ်ရေးကတ် ၁ ခု၊ အလှူခံစာရွက်စာတမ်း အတုများနှင့် ဖမ်းဆီးရမိခဲ့သဖြင့် ရန်ကင်းမြို့မရဲစခန်း (ပ)၄၈၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၁၇၀/၁၁၄ (လိမ်လည်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှု၊ ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ကွင်းဆက် ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

ရဲပြန်ကြား