ပြည်ထဲရေးဝန်ကြီးဌာန၏ စတုတ္ထ (၁)နှစ်တာ ဆောင်ရွက်ချက်များ

ဆောင်းပါး - ရှင်မင်း၊ ဓာတ်ပုံ - ကေကေ၊ ပြည်ထဲရေးဝန်ကြီးဌာန

 

mdn

 

ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ လေးနှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ လေးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန် အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲ လုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။

 

ခေတ်အဆက်ဆက်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေများကို ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိပြီး လက်ရှိ အစိုးရ၏မူဝါဒနှင့် ကိုက်ညီမှုရှိကာ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်သည့် ဥပဒေဖြစ်စေရေးအတွက် ပြောင်းလဲခြင်းသည် လက်ရှိအစိုးရ သက်တမ်းလေးနှစ်တာအတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောင်းလဲဆောင်ရွက်မှုတစ်ခုဖြစ်သည်။

 

“လက်ရှိ စီမံခန့်ခွဲလျက်ရှိတဲ့ ဥပဒေ ၃၄ခု အနက် မူလအတိုင်းထားရှိမယ့် ဥပဒေ ၁၉ ခု၊ ပြင်ဆင်ရေးဆွဲဆဲ ဥပဒေနှစ်ခု၊ ရုပ်သိမ်းပြီး အသစ်ရေးဆွဲရမယ့် ဥပဒေ ၁၀ ခုနဲ့ အသစ် ရေးဆွဲဆဲ ဥပဒေသုံးခုရှိပါတယ်”ဟု ပြည်ထဲရေး  ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးက ပြောသည်။

 

mdn

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်မှု

 

ထို့ပြင် လေးနှစ်တာ သက်တမ်းကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်သူလူထု၏ သတင်းပေးချက်များ၊ တောင်းခံလာသော အကူအညီ များကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်း  ဒေသကြီး ရဲတပ်ဖွဲ့များတွင် အရေးပေါ် ဆက်သွယ်ခေါ်ဆိုနိုင်သော Command Centerများ တည်ထောင်ထားပြီးဖြစ်သည်။

 

ပြည်သူများ အကူအညီတောင်းခံနိုင်ရန် အတွက် Hot Line များနှင့် Social Network Account များ ဖွင့်လှစ်ခြင်း၊ CCTV နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ကာ ၂၄ နာရီ တာဝန်ချထားခြင်းတို့ဖြင့် ပြည်သူလူထု၏ သတင်းပေးချက်များ၊ တောင်းခံလာသော အကူအညီများကို လက်ခံဆောင်ရွက်ပေးနေပြီဖြစ်သည်။

 

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစဉ်တွေအဖြစ် ပြောင်းလဲဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပြည်သူလူထု ပူးပေါင်း ပါဝင်သော ရဲလုပ်ငန်းစနစ်၊ ပြဿနာဖြေရှင်းမှု ကို ရှေးရှုသော ရဲလုပ်ငန်းစနစ်နဲ့ ပြည့်စုံသောမှုခင်းဆိုင်ရာ သတင်းအချက်အလက်တွေကို အခြေခံတဲ့ ရဲလုပ်ငန်းစနစ်ဆိုတဲ့ ချဉ်းကပ်မှု  ပုံစံသုံးမျိုးနဲ့ ဆောင်ရွက်ပါတယ်” ဟု သတင်း  ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်သီဟကပြောသည်။

 

နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ သက်တမ်းကာလအတွင်း ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်ရေး၊ ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ ဆောင်ရွက်ရန်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ နယ်မြေရဲစခန်းနှစ်ခုနှင့် ရဲကင်းစခန်း ခုနစ်ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။

 

စတုတ္ထ (၁) နှစ်တာ အပါအဝင် လက်ရှိ အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသုံးရုံး၊ နယ်မြေရဲစခန်း ၂၇ ခုနှင့် ရဲကင်းစခန်း ၃၁ ခု တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သိရသည်။

 

မြန်မာနိုင်ငံ၏ အနောက်တံခါးဖြစ်သည့် ရခိုင်ပြည်နယ်၏ နယ်စပ်ဒေသလုံခြုံရေးအတွက် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးနှင့် အမှတ်(၁)မှ (၈)အထိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲရှစ်ခုဖြင့် ဆောင်ရွက်လျက် ရှိသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး  ပူးပေါင်းဆောင်ရွက်မှုအဖြစ် နယ်ခြားစောင့်တပ်များအကြား အလံတင်အစည်းအဝေးများ ကို ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် သုံးနှစ်တာ  ကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး အလံတင်အစည်းအဝေး ၂၆ ကြိမ် ဆောင်ရွက်ခဲ့ပြီး စတုတ္ထ (၁) နှစ်တာကာလအတွင်း လေးကြိမ်ဆောင်ရွက် နိုင်ခဲ့သည်။

 

ထို့ပြင် နှစ်ဖက်ညှိနှိုင်းပြီး ခြေကျင်ကင်းလှည့်ခြင်း ၂၁၆ ကြိမ်နှင့် မြစ်ကြောင်းကင်းလှည့်ခြင်း အကြိမ် ၁၀၀ ကို မြန်မာဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့သည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများ  ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တရားခံပြေးများ ဖော်ထုတ်ဖမ်းဆီးရရှိရေးကို စီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိပြီး အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဒေသနှင့်လျော်ညီအောင် ထပ်မံဖြည့်စွက်ရေးဆွဲလျက် ရှိသည်။

 

mdn

 

မှုခင်းများစစ်ဆေးစီရင်ရာတွင် တရားမျှတမှုရှိစေရေး၊ တရားရုံး သက်သေခံတင်ပြရာတွင် တိကျမှန်ကန်သော အထောက်အထားများ တင်ပြနိုင်ရေးအတွက် သိပ္ပံနည်းကျ စစ်ဆေး ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများစစ်ဆေးရာတွင် စမ်းသပ်စစ်ဆေး မှုများကို အရည်အသွေး တိုးမြှင့်ဆောင်ရွက် ခြင်း၊ မှုခင်းဆိုင်ရာ DNA ဌာနအသစ်ကို တိုးချဲ့ ဖွဲ့စည်းကာ DNA Profile များ ဖော်ထုတ် ခြင်းတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက် ပေးလျက်ရှိသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံဖြတ်ကျော် မှုခင်းများ၊ အခြားမှုခင်းများနှင့် ပတ်သက်၍ မှုခင်းကာကွယ်တားဆီးရေးနှင့် စုံစမ်း ဖော်ထုတ်မှုများတွင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ အာဆီယံရဲအဖွဲ့၊ ဥရောပရဲအဖွဲ့၊ နိုင်ငံအလိုက် ရဲအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက် လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံ ဆက်ဆံရေးရုံးများ (Border Liaison Offices - BLOS) အပြန်အလှန် ဖွင့်လှစ်ဆောင်ရွက် ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် လေးရုံး၊ လာအိုနိုင်ငံနှင့် နှစ်ရုံး၊ ထိုင်းနိုင်ငံနှင့် သုံးရုံး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တစ်ရုံး၊ အိန္ဒိယနိုင်ငံနှင့် သုံးရုံး စုစုပေါင်း ၁၃ ရုံး ဖွင့်လှစ်နိုင်ခဲ့သည်။

 

မူးယစ်ဆေးဝါးအန္တရာယ် တားဆီး

 

ကာကွယ်ရေးအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။ မူးယစ်ဆေးဝါး ပြဿနာကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် နိုင်ငံတော်အဆင့် အလေးထား  ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။

 

နိုင်ငံတော်သမ္မတရုံး၌ မူးယစ်ဆေးဝါး  သတင်းပေးဌာနကို ၂၀၁၈ ခုနှစ် ဇွန် ၂၇ ရက် တွင် စတင်ဖွင့်လှစ်ကာ မူးယစ်သတင်းပေး တိုင်ကြားမှုများကို အရေးယူဆောင်ရွက်ပေးလျက်ရှိရာ စတုတ္ထ (၁) နှစ်တာကာလအတွင်း အမှုပေါင်း ၃၉၅ မှုနှင့် တရားခံ ၅၉၂ ဦးတို့ကို  ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

 

မူးယစ်ဆေးဝါး သယ်ဆောင်/ထုတ်လုပ်မှု အဓိက ပစ်မှတ်များ၊ ပြည်တွင်း၊ ပြည်ပဂိုဏ်းအဖွဲ့များနှင့် ပူးပေါင်းကျူးလွန်သူများ ကို အလေးထားဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စတုတ္ထ (၁) နှစ်တာကာလတွင် စိတ်ပြောင်း ဆေးဝါးချက်စခန်း ရှစ်ခုကို ရှာဖွေဖော်ထုတ်  ဖမ်းဆီးနိုင်ခဲ့ပြီး လေးနှစ်တာကာလအတွင်း  ဘိန်းဖြူချက်စခန်းသုံးခုနှင့် စိတ်ပြောင်းဆေးဝါးချက်စခန်း ၁၄ ခုတို့ကို ဖော်ထုတ် ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ။

 

ထို့ပြင် စတုတ္ထ (၁) နှစ်တာအတွင်း မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ အမှုပေါင်း ၁၀၈၈၂ မှုနှင့် တရားခံ ၁၅၃၉၄ ဦးတို့ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး လေးနှစ်တာ သက်တမ်းကာလအတွင်း  အမှုပေါင်း ၂၇၀၁၅ မှုနှင့် တရားခံ ၆၄၀၇၁ ဦးတို့ကို ဘိန်း ၆၆၃၃ ဒသမ ၆၅ ကီလို၊ ဘိန်းဖြူ  ၃၁၄၄ ဒသမ ၁၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၂၄ ဒသမ ၅ သိန်း၊ စိတ်ကြွဆေးအကြေမှုန့် ၆၇၈ ဒသမ ၅၇ ကီလို၊ ဆေးခြောက် ၉၀၁ ဒသမ ၉၅ ကီလို၊ ဘိန်းဆီခဲ ၄၁၅ ဒသမ ၄၅ ကီလို၊ အိုက်(စ်) ၁၃၈၆၈ ဒသမ ၃၅ ကီလို၊  ဘိန်းညိုမှုန့် ၁၄၆၈ ဒသမ ၉၅ ကီလို၊ ဘိန်းစာမှုန့် ၆၄၁၅ ဒသမ၂၂ ကီလို၊ ကတ်တမင်း ၁၄၇၂ ဒသမ ၇၄ ကီလို၊ ဒိုင်ယာဇီပန် ၆၁၆၂၀၈ ပြား၊ အယ်ပရာဇိုလမ် ၃၃၆၁၅၁ ပြား၊ အက်တက်စီ ဆေးပြား ၉၅၆၈၃ ပြား၊ ဓာတုပစ္စည်းများ၊  ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူ နိုင်ခဲ့သည်။ ။

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့သည် ထိုင်းနိုင်ငံ မူးယစ် ၊ ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB)၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ မယ်ဖော့လုံဖောင်ဒေးရှင်းတို့နှင့်  ပူးပေါင်းကာ လေးနှစ်တာကာလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် ခရိုင်အတွင်းရှိ မိုင်းကိုး၊ မိုင်းယော်နှင့် မိုင်းလင်း ဒေသများတွင် ဒေသဖွံ့ဖြိုးရေးနှင့် အစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

စတုတ္ထ (၁) နှစ်တာ သက်တမ်းကာလ အတွင်း ဘိန်းခင်း ၄၁၃၀ ဒသမ ၀၁ ဧက  ဖျက်ဆီးနိုင်ခဲ့ပြီး လေးနှစ်တာကာလအတွင်း  ဘိန်းခင်းစုစုပေါင်း ၂၄၂၇၁ ဒသမ ၀၄ ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်း ကောက်ယူရာ၌ ၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်း  ကျဆင်းခဲ့ပြီး ထုတ်လုပ်မှုတွင် ၂ ရာခိုင်နှုန်း ကျဆင်းလာခဲ့သဖြင့် ယခင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဒုတိယနေရာမှ တတိယနေရာသို့ လျော့နည်းကျဆင်းလာသည်။

 

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့်  လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် (၅) နှစ် စီမံကိန်း (၂၀၁၇-၂၀၂၁) ကို ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စတုတ္ထ (၁) နှစ်တာကာလအတွင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုပေါင်း  ၁၉၁ မှု အရေးယူဆောင်ရွက်ခဲ့ပြီး တရားခံ ပေါင်း ၅၇၀ နှင့် လူကုန်ကူးခံရသူပေါင်း ၂၄၇ ဦးကို ဖော်ထုတ်နိုင်ခဲ့သည်။

 

“လူကုန်ကူးခံရသူတွေကို ပြန်လည် လွှဲပြောင်း၊ လက်ခံမှုတွေ ဆောင်ရွက်ခဲ့ရာ  အကြိမ်ပေါင်း ၁၃၂ ကြိမ်နဲ့ စုစုပေါင်း ၂၅၆ ဦး၊ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မယ့် သူတွေကို ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးပြီး  အချက်အလက်မပြည့်စုံသူတွေ တွေ့ရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေဖို့ တားဆီး၊ ပြန်လွှတ်ခြင်းတွေ ဆောင်ရွက်ခဲ့ရာမှာ အကြိမ်ပေါင်း ၅၁ ကြိမ်နဲ့ စုစုပေါင်း ၂၅၅ ဦး ရှိပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦး ပြောသည်။

 

mdn

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ ဆောင်ရွက်မှု

 

ထို့အတူလေးနှစ်တာကာလအတွင်း စီးပွားရေးဆိုင်ရာပြစ်မှု ၂၀၄ မှုနှင့် ဝန်ထမ်းမသမာမှု ၁၉၉ မှု၊ ပုဂ္ဂလိက ဘဏ်များ၏ မတည်ငွေရင်း တိုးမြှင့်ခြင်း၊ သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းခြင်း၊ ငွေကြေးခဝါချခြင်း အပါအဝင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အကျုံးဝင်သောအမှု ၂၆၈ မှု စုစုပေါင်း ၆၇၁ မှု ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

 

“စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေကနေ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့တဲ့ ငွေကြေးနဲ့ပစ္စည်း တန်ဖိုးက နိုင်ငံခြားငွေအပါအဝင် မြန်မာကျပ်ငွေအနေဖြင့် စုစုပေါင်း ၅ ဒသမ ၈၃ ဘီလီယံခန့်သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ငွေကျပ် ၅၃၆ ဒသမ ၄၃ ဘီလီယံနဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅၇ သန်းတို့အပေါ် အခွန်စည်းကြပ်နိုင်ဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို အကြောင်းကြားနိုင်ခဲ့ပါတယ်” ဟု အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ဥပဒေနှင့် အကျိုးဆောင်ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်လေးက ပြောသည်။

 

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အများပြည်သူ ထိခိုက်နစ်နာစေသော ကိစ္စရပ်များ၊ နိုင်ငံတော် ဘဏ္ဍာဆုံးရှုံးမှုများ အပါအဝင် စီးပွားရေးဆိုင်ရာ ပြစ်မှုများ၊ ဝန်ထမ်း မသမာမှုများနှင့် ငွေကြေးခဝါချမှုများကို အဓိကထား စုံစမ်းဖော်ထုတ်လျက်ရှိသည့်အပြင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့မှ တာဝန်ပေးအပ်သည့် ကိစ္စရပ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အကူအညီ တောင်းခံသည့် ကိစ္စရပ်များ၊ အခြားတည်ဆဲ၊ ဥပဒေများအရ အရေးယူနိုင်သည့် ပြစ်မှုများကို ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ စုံစမ်းစစ်ဆေးလျက်ရှိသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၏ ဌာနတစ်ခု ဖြစ်သည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် ၁၉၅၁ ခုနှစ် အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေအရ ဖွဲ့စည်းထားသည့် ဦးစီး ဌာနတစ်ခုဖြစ်သည်။ ။

 

“အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေနဲ့ လေးနှစ်တာကာလအတွင်း စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေအနက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် အကျုံးဝင်သောအမှု ၂၆၈ မှုကို စုံစမ်းစစ်ဆေးခဲ့တာရှိပါတယ်။ ဒီစုံစမ်းစစ်ဆေးခြင်းကနေပြီး ပြည်သူ့ဘဏ္ဍာအဖြစ် တရားရုံးတွေက ပြစ်ဒဏ်ချမှတ် သိမ်းဆည်းခဲ့တဲ့ ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂ ဒသမ ၁၇၂ ဘီလီယံ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးဆဲ ငွေကြေးခဝါချမှုတွေက ယာယီသိမ်းဆည်းထားတဲ့ ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၇၉ ဒသမ ၄၀ ဘီလီယံဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိ ရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို တရားစွဲဆို တင်ပို့သွားမှာ ဖြစ်ပါတယ်” ဟုညွှန်ကြားရေးမှူး ဦးစိုးမြင့်လေးက ပြောသည်။

 

အကျဉ်းဦးစီးဌာန၏ ဆောင်ရွက်မှု

 

နိုင်ငံတော်အစိုးရ၏ လေးနှစ်တာ သက်တမ်းကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနသည် လွတ်ငြိမ်းသက်သာပေးမှု ၁၆ ကြိမ် ရှိခဲ့ပြီး နိုင်ငံသားအကျဉ်းသား ၂၉၅၂၄ ဦးနှင့် အကျဉ်းသူ ၂၃၀၆ ဦး၊ နိုင်ငံခြားသား အကျဉ်းသား ၁၆၂ ဦးနှင့် အကျဉ်းသူ လေးဦး စုစုပေါင်း ၃၁၉၉၆ ဦးကို လွတ်ငြိမ်းသက်သာခံစားခွင့် ပေးနိုင်ခဲ့သည်။

 

ထို့ပြင် လေးနှစ်တာ သက်တမ်းကာလအတွင်း အကျဉ်းထောင်များတွင် “အ”သုံးလုံး ပညာသင်ကြားပေးခြင်း၊ ဘာသာရေး ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်း၊ အတန်းပညာ ဆက်လက်သင်ကြားပေးခြင်း၊ အားကစား ပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပေးခြင်းနှင့်ကျန်းမာ ရေးပညာပေးဟောပြောပွဲ ပြုလုပ်ပေးခြင်း စသည့် ကဏ္ဍရပ်များကို ပြောင်းလဲဖော်ဆောင် ခဲ့သည်။

 

“အကျဉ်းထောင်/စခန်းတွေမှာ အကျဉ်း ဦးစီးဌာနရဲ့ နယ်လှည့်အနုပညာရှင်တွေ အဖွဲ့နဲ့ လှည့်လည်ဖျော်ဖြေပေးလျက် ရှိသလို နေ့ထူးနေ့မြတ်တွေမှာ အခါအခွင့်သင့်သလို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးလျက်ရှိပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းပြီး UNODC အဖွဲ့ ရန်ပုံငွေနဲ့ ကိရိယာလွတ်လေ့ကျင့်ခန်း ဆောင်ရွက်စေခြင်းတွေကို တိုင်းဒေသကြီး/ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးမှူးတွေကတစ်ဆင့် အကျဉ်းထောင် ဝန်ထမ်းတွေကို သင်ယူစေပြီး အကျဉ်းထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေကို လေ့ကျင့် လုပ်ဆောင်စေလျက်ရှိပါတယ်”ဟု အကျဉ်းဦးစီးဌာန ဦးစီးအရာရှိ (ပထမတန်း) လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ဒုတိယညွှန်ကြား ရေးမှူး ဦးရဲရင့်နိုင်က ပြောသည်။

 

အကျဉ်းထောင် စခန်းများရှိ စာပေပညာ မတတ်သူများကို “အ” သုံးလုံး ပညာသင်ကြား ပေးလျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ  အကျဉ်းသား ၁၅၆၇ ဦးနှင့် အကျဉ်းသူ ၇၁ဝ စုစုပေါင်း အကျဉ်းသား/အကျဉ်းသူ ၂၇၇ ဦး သင်ကြားပေးနိုင်ခဲ့သည်။

 

အကျဉ်းထောင်/စခန်းများတွင် အခြား ဘာသာဝင်များကို မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပြီး အကျဉ်းထောင်စခန်းများတွင် လစဉ် တရားစခန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရားစခန်းဝင် ယောဂီ အကျဉ်းသား ၁၉၅၅၂ ဦးနှင့် အကျဉ်းသူ ၃၈၉၇ ဦး စုစုပေါင်း အကျဉ်းသား/အကျဉ်းသူ ၂၃၄၄၉ ဦးရှိကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။ ။

 

“အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးခြင်းအနေနဲ့ အကျဉ်းသားတွေ အကျဉ်းထောင်ကနေ လွတ်မြောက်သွားတဲ့ အခါ လူသစ်စိတ်သစ်နဲ့ လူ့အသိုက်အဝန်းအတွင်း ကောင်းမွန်စွာ နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ငန်းရပ်အမျိုးအစား ၃ဝ ကို သင်ကြားပေးနိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းရပ်တွေ အနက် အမှတ်(၆) စက်မှုသင်တန်းကျောင်း မြင်းခြံမြို့က လာရောက်သင်ကြားပေးတဲ့ စက်ပြင်နှင့် လျှပ်စစ်သင်တန်း၊ ပြင်ပကုမ္ပဏီက လာရောက်သင်ကြားပေးတဲ့ Lcci စာရင်းကိုင် သင်တန်းအောင်မြင်သူတွေကို သင်တန်းဆင်း အောင်လက်မှတ်တွေ ရရှိတဲ့အထိ ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောသည်။

 

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းကာ အကျဉ်းထောင်များအတွင်း ပြစ်ဒဏ်ကျခံလျက်ရှိသော ပညာတစ်ပိုင်းတစ်စ လူငယ်အကျဉ်းသားများအား အတန်းပညာ ဆက်လက်သင်ကြားပေးသည့် အစီအစဉ်သည် တိုးတက်အောင်မြင်မှု ရရှိ လျက်ရှိသည်။

 

“၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ အကျဉ်း သား ကျောင်းသား/ကျောင်းသူပေါင်း ၁၄၄ ဦး၊ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှာ အကျဉ်းသား ကျောင်းသား/ကျောင်းသူပေါင်း ၂၅၃ ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ အကျဉ်းသား ကျောင်းသား/ကျောင်းသူပေါင်း ၃၄၇ ဦး ကို ပညာသင်နှစ်အလိုက် အတန်းပညာ ဆက်လက်သင်ကြားပေးနိုင်ခဲ့ပါတယ်။ ၂၀၁၉၂ဝ၂ဝ ပညာသင်နှစ်မှာ အကျဉ်းသား ကျောင်းသား/ ကျောင်းသူပေါင်း ၃၃၅ ဦးကို အတန်းပညာ သင်ကြားပေးလျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တက္ကသိုလ် ဝင်စာမေးပွဲမှာ အကျဉ်းသား ကျောင်းသား/ ကျောင်းသူပေါင်း ၃၃၅ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၆၈ဦး အောင်မြင်ခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် ( ၁၀ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၁ ဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၄၃ ဦး ထွက်ပေါ်ခဲ့ပါ တယ်။ ၂၀၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်  ဝင် စာမေးပွဲမှာ အကျဉ်းသား ကျောင်းသား ( ၁၆၃ ဦးနဲ့ ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၁၇၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပါတယ်” ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောသည်။

 

ကျန်းမာရေးဆောင်ရွက်မှု အနေဖြင့်

 

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ခုတင် ၅ဝဆုံ ဆေးရုံ၊ မန္တလေးဗဟိုအကျဉ်းထောင်နှင့် သာယာဝတီဗဟိုအကျဉ်းထောင်တို့တွင် ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ခုစီ တည်ဆောက်ထားပြီး အခြားအကျဉ်းထောင်/စခန်းများမှ လူနာများကို လက်ခံကုသပေးလျက်ရှိသည်။

 

ထို့ပြင် မန္တလေးဗဟိုအကျဉ်းထောင်တွင် UNOPS ၏ ပံ့ပိုးကူညီမှုဖြင့် နှစ်ထပ် TB ဆေးရုံဆောင်အသစ်ကို တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီး အကျဉ်းထောင်/ စခန်းရှိ ဆရာဝန်များ၊ ကျန်းမာရေးမှူးများက နေ့စဉ်ဆေးဝါးကုသပေးကာ လိုအပ်မှုရှိပါက ပြင်ပ ပြည်သူ့ဆေးရုံ များသို့ တင်ပို့ကုသခြင်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။

 

ထို့ပြင် ဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခု ဖြစ်သည့် မီးသတ်ဦးစီးဌာနမှ စတုတ္ထ (၁) နှစ် တာကာလအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ပြည်သူတို့၏ အကျိုးစီးပွားကာကွယ်ရေးတို့အတွက် ရည်မှန်းချက်တာဝန်များ  ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။

 

“ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ စတုတ္ထ (၁) နှစ်တာကာလအတွင်း မီးဘေးကြိုတင် ကာကွယ်တားဆီးရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေး စစ်ဆေးဆောင်ရွက်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ စာသင်ကျောင်း  အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးတာ၊  စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်၊ ဈေးတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ အထပ်မြင့်  အဆောက်အဦတွေ မီးဘေးလုံခြုံရေး စစ်ဆေး အကြံပြုတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

 

တစ်နှစ်တာကာလအတွင်း မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးတာဝန်ခံ (Fire Safety Manager) သင်တန်းတွေကို ဖွင့်လှစ် နိုင်ခဲ့ပါတယ်” ဟု မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်နိုင်က ရှင်းပြသည်။

 

မီးသတ်ဦးစီးဌာနကို တပ်ဖွဲ့ဝင်အရာထမ်း ၅၂၀ နှင့် အမှုထမ်း ၁၃၁၃၃ ဦး စုစုပေါင်း  ၁၃၆၅၃ ဦးအထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး မီးသတ်စက်ယာဉ်များအနေဖြင့် မီးငြိမ်းသတ် ယာဉ် ၁၆၁၅ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၀၅၅ စီး၊ မီးသတ်စက်ယာဉ် ၃၆၃ စီး၊ မီးသတ် အထောက်အကူပြုယာဉ် ၂၈၇ စီး စုစုပေါင်း အစီးရေ ၃၃၂၀ နှင့် အရန်မီးသတ်စခန်းများ တွင် မီးသတ်စက်ယာဉ်ပေါင်း ၃၂၀ အထိ ရှိလာ ပြီဖြစ်သည်။ ။

 

မီးသတ်စခန်း ဖွင့်လှစ်နိုင်မှုအနေဖြင့်  တိုင်းဒေသကြီး/ပြည်နယ်ရုံး ၁၅ ခု၊ ခရိုင် မီးသတ်စခန်းရုံး ၇၄ ခု၊ မြို့နယ်မီးသတ်စခန်း ရုံး ၃၁၄ ခုနှင့် နယ်မြေမီးသတ်စခန်းပေါင်း ၅၁၄ ခု တို့ကို ဖွင့်လှစ်နိုင်ခဲ့သည်။

 

ကျောင်းသားလူငယ်များအတွက် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ အသိပညာပေးအစီအစဉ် Kaeru Caravan Programme ကို မြို့နယ် စာသင်ကျောင်းများတွင် မီးသတ်ဦးစီးဌာနမှ သရုပ်ပြသင်ကြားပေးလျက်ရှိသည်။

 

“နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မီးလောင်မှုဖြစ်စဉ်တွေ တစ်နေ့တခြား ပုံစံမျိုးစုံနဲ့ ဖြစ်ပွားလျက်ရှိပါတယ်။ မီးလောင်မှု အကြိမ်ရေနဲ့ ဆုံးရှုံးမှုတန်ဖိုး လျော့နည်း ကျဆင်းစေရေးအတွက် နိုင်ငံတကာ မီးသတ်တပ်ဖွဲ့ နည်းတူ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျင့်သုံးပြီး အထပ်မြင့် အဆောက်အဦ မီးဘေးလုံခြုံရေး စစ်ဆေး အကြံပြုခြင်းအတွက် ဆောင်ရွက်ပေးခရငွေ ကောက်ခံပေးလျက်ရှိပါတယ်” ဟု ညွှန်ကြား ရေးမှူး ဦးကျော်နိုင်က ပြောသည်။ ။

 

mdn

 

လေးနှစ်တာကာလအတွင်း မီးသတ်ဦးစီး ဌာနသည် အထပ်မြင့်အဆောက်အဦ ၈၉၇၈ လုံးအတွက် ဆောင်ရွက်ပေးခရငွေ ငွေကျပ် သန်း ၁၈၀၀၀ ကျော်ကို နိုင်ငံတော်သို့ ပေးသွင်း နိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူတွေအနေဖြင့် မီးသတ်ဦးစီးဌာနကို အချိန်နှင့် တစ်ပြေးညီသတင်းပေးပို့ အကူ အညီတောင်းခံနိုင်ရန် 191 Report Application ကို မီးသတ်ဦးစီးဌာနမှ ၂၀၁၉ ခုနှစ် မတ်လတွင် ရေးဆွဲအသုံးပြုလျက်ရှိပြီး ပြည်သူ များထံမှ သတင်းပေးပို့မှုပေါင်း ၃၆၆ ခု ရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မီးသတ်ဦးစီးဌာန Website နှင့် Facebook Page များမှတစ်ဆင့် မီးလောင်မှု နှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေမှု သတင်းများ၊ နောက်ဆုံးရအခြေအနေများကို ပေးပို့တင်ပြနိုင်ခြင်းကြောင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို လျော့ပါးစေပြီး ပြည်သူများ၏  ယုံကြည်ကိုးစားမှု ရရှိလာခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။

 

မီးသတ်ဦးစီးဌာနသည် နိုင်ငံအတွင်း သဘာဝဘေးနှင့် မတော်တဆဘေးများ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု နည်းပါးစေ ရန်အတွက် အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်တိုင်းတွင် ရှာဖွေကယ်ဆယ်ရေး တပ်စုများကို  တပ်စုတစ်စုစီတွင် အင်အား ၃၅ ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်နှင့်  တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်များတွင် ရှာဖွေကယ်ဆယ်ရေး တပ်ခွဲ တစ်ခွဲ လျှင် အင်အား ၁၁၆ ဦးစီဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်သည်။

 

ထိုကဲ့သို့ ဖွဲ့စည်းထားရှိသည့် ရှာဖွေ  ကယ်ဆယ်ရေးအဖွဲ့များသည် နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြံပေးအဖွဲ့ (Insarag) ၏ သတ်မှတ်ချက်နှင့်အညီ Insarag Light Team ကို အင်အား၂၈ ဦးဖြင့် ဖွဲ့စည်းပြီး ကယ်ဆယ်ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

 

မီးသတ်တပ်ဖွဲ့ကို ခေတ်မီပြီး စွမ်းအားပြည့်ဝသည့် တပ်ဖွဲ့ဖြစ်စေရန်အတွက် ပိုလန်နိုင်ငံ အစိုးရနောက်ခံအခြေပြု ဥရောပသမဂ္ဂ၏  တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့မှု ချေးငွေ (Organization for Economic Co-operation and Development-OECD) က တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ (Official Development Assistance - ODA) အစီအစဉ်အရ ထောက်ပံ့ချေးငွေ ယူရိုငွေသန်း ၅၀ ဖြင့် မီးငြိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ် နှင့် မီးသတ် အထောက်အကူပြုယာဉ် စုစုပေါင်း ၇၅ စီးကို ဖြည့်တင်းဆောင်ရွက်ခဲ့သည်။

 

mdn

 

“ဒီလိုဖြည့်တင်းခဲ့မှုကြောင့် ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်  စက်မှုဇုန်ရှိ AA Electronics ပစ္စည်း သိုလှောင် ရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန် (၁)ရှိ ဇာမဏီဖယောင်းသိုလှောင်ရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်ရှိ Sky Walk (၅)လွှာ အဆောက်အဦမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် လမ်းမတော်လမ်း သံဈေးမီးလောင်မှုတို့မှာ အထပ်မြင့် မီးငြိမ်းသတ်ရေးနဲ့ ရှာဖွေ ကယ်ဆယ်ရေးယာဉ်တွေ၊ မီးငြိမ်းသတ်ရေးယာဉ်တွေနဲ့ ထိရောက်စွာ အသုံးပြုငြှိမ်းသတ်နိုင်ခဲ့ပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

 

ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် စတုတ္ထ (၁) နှစ်တာကာလ အပါအဝင် (၄) နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ဖြစ်ထွန်းရေးကို ရှေးရှု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ ။