ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုနယ်မြေရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်

နေပြည်တော် မေ ၃၁

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို မေ ၃၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အသီးသီးသို့ တက်ရောက်ပညာသင်ကြားကြမည့် ဝန်ထမ်းသားသမီးများ၏ ပညာသင်စရိတ်များ အထိုက်အလျောက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ လူငယ်နှင့်ပညာရေးသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည့်အတွက် ပညာတတ်လူငယ်များ ဖြစ်ပေါ်လာစေရန် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ ယနေ့ လူငယ်ကျောင်းသားများသည် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို ပခုံးပြောင်း တာဝန်ယူကြရမည့် မျိုးဆက်သစ်များဖြစ်ရာ အသိပညာပြည့်စုံ၍ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်ပြီး အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်သည့် ခေါင်းဆောင်ကောင်းများဖြစ်စေရန် ပညာကို အပတ်တကုတ် ကြိုးစားသင်ယူကြစေလိုကြောင်း” တိုက်တွန်းပြောကြားသည်။ ထို့နောက် ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကျောင်းသား၊ ကျောင်းသူ၊ သားငယ် သမီးငယ်များကို ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ပြီး စီမံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဦးစီးဌာနများနှင့်    ပြည်ထောင်စုနယ်မြေရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများဖြစ်သည့် တက္ကသိုလ်တက်ရောက်သူ ၁၅ ဦး၊ အထက်တန်းတက်ရောက်သူ ၂၄ ဦး၊ အလယ်တန်း တက်ရောက်သူ ၄၁ ဦး၊ မူလတန်းတက်ရောက်သူ ၈၅ ဦး စုစုပေါင်း ၁၆၅ ဦးအတွက် ပညာသင်ထောက်ပံ့ငွေ ကျပ် ,၁၄၅,၀၀၀ ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်