ပြည်ထောင်စု ခြောက်လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ လမ်းညွှန်မှာကြားချက်အပေါ် ထပ်ဆင့်ရှင်းလင်း

တောင်ကြီး သြဂုတ်  ၁၆

ပြည်ထောင်စု ခြောက်လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ လမ်းညွှန်မှာကြားချက်အပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရှမ်းပြည်နယ် ခြောက်လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထပ်ဆင့်ရှင်းလင်းရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “ရှမ်းပြည်နယ်အတွင်း မြို့နယ် ၅၅ မြို့နယ်မှ ဝင်မရသည့် ငါးမြို့နယ်ကိုဖယ်၍ ကျန်သည့် ၅၀ မြို့နယ်အနက် ရှမ်း(တောင်)တွင် ပင်းတယ၊ ရွာငံ၊ ဖယ်ခုံ၊ ရှမ်း(မြောက်)တွင် မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်၊ မဘိမ်းမြို့နယ်တို့သည် အကြမ်းဖက်သမားများ နှောင့်ယှက်နေမှုကို ခံနေရကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့၏ဒေသ၊ ခရိုင်၊ မြို့နယ်အတွင်း ဒေသတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးအတွက် လုံခြုံရေးအစီအမံများ ရေးဆွဲကာ စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရန်” အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့များက ခြောက်လပတ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်ရွက်ချက်နှင့် တိုးတက်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ လွိုင်လင်ခရိုင်၊ နမ့်စန်ခရိုင်၊ မိုင်းရှူးခရိုင်၊ လင်းခေးခရိုင်၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်၊ လားရှိုးခရိုင်၊ တန့်ယန်းခရိုင်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ ကျောက်မဲခရိုင်၊ မိုးမိတ်ခရိုင်၊ ဟိုပန်ခရိုင်၊ မက်မန်းခရိုင်၊ `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်း၊ ဓနု၊ ပလောင်၊ ကိုးကန့်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ့ (လားရှိုး)(ကျိုင်းတုံ)နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ ၂၁ ဌာနမှ ခြေက်လပတ် အတွင်း တိုးတက်မှုနှင့် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ့များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် ဆက်စပ်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ် တို့က ဆွေးနွေးကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်အပေါ် ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)