ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) A.G.T.I ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁၆) ဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)A.G.T.I ဒီပလိုမာ သင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 

 

အခမ်းအနားသို့  နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အလုပ်ခန့်အပ်လွှာ ပေးအပ်  မည့် ဝန်ကြီးဌာန ၁၉ ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ / ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏  မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိအချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ရည်မှန်းချက် ၅ ရပ် ဦးတည်ချက် ၁၂ ရပ် ချမှတ်၍ နိုင်ငံတော်ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့်လည်း နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်များချမှတ်၍ ထိ‌ရောက်အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ် ဒေသများရှိ တိုင်းရင်းသားလူငယ်များကို  ၎င်းတို့၏နယ်စပ်ဒေသများ၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းကောင်း များအဖြစ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု တိုင်းရင်းသားလူ ငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့ကို တည်ထောင် ဖွင့်လှစ် ပြုစုပျိုးထောင် လေ့ကျင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(စစ်ကိုင်း)ကို စတင်ဖွင့်လှစ်သည့် အချိန်မှ  ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၄၂၀ ဦး၊ သိပ္ပံဘွဲ့ ၇၇၄ ဦး၊ B.Tech ၁၃၉ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၆၅၄ ဦး စုစုပေါင်း တိုင်းရင်းသားလူငယ် ၁,၉၈၇ ဦး တို့ကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ  အားပေး ထောက်ပံ့လေ့ကျင့် သင်ကြားပေးမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားလေ့လာမှု များကြောင့် ယခုအခါ မဟာဝိဇ္ဇာ ဘွဲ့  ၇၈ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၈၁ ဦး၊ Ph.D ဘွဲ့ ၁၈ ဦး ၊ B.E ၅၁၁ ဦး၊ M.E ၂၂ ဦး၊ B.Tech ၂၀၇ ဦး အသီးသီး အောင်မြင်မှုရရှိခဲ့သဖြင့် အားရကျေနပ်ဖွယ် ဖြစ်ပါကြောင်း၊ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူ ကြိုးစားအားထုတ်သွားကြရန် အထူးမှာကြားလိုကြောင်း၊ ယနေ့ ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့ဝန်ထမ်း ကောင်းများ ဖြစ်လာစေရေးအတွက် မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများအား နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေရင်းဖြင့် ဆက်လက်တက်ရောက် ဆည်းပူးနိုင်အောင် ကြိုးစားအားထုတ် သွားကြရန်၊ ICT နည်းပညာ နှင့် Social Media  တို့ကိုလည်း မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ ကောင်းကျိုး ရရှိစေရေး အတွက်သာ အသိ၊ သတိဖြင့် အထူးဂရုပြု လေ့လာကြရန်နှင့် စနစ်တကျ အကျိုးရှိရှိ သုံးစွဲသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊၊

 

သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် နယ်စပ်ဒေသအသီးသီးတွင် တာဝန် ထမ်းဆောင်ကြရာ၌ မူလလုပ်ငန်း တာဝန်များအပြင် ဒေသခံတိုင်းရင်းသား လူမျိုးများ၏ စာပေ၊ ရိုးရာ၊ ဓလေ့ထုံးစံ အမွေအနှစ်များကို လေးစားလိုက်နာကာ အစဉ်မြတ်နိုးစွာဖြင့် ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ် စောင့်‌ရှောက်သွားကြရန်၊ မိမိတို့တတ်မြောက်ထားရှိသည့် အသိပညာ၊ အတတ်ပညာများဖြင့် မိမိတာဝန် ကျရာဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားကြရန်၊  မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင်လည်း  လေ့လာသင်ယူ တတ်မြောက်ခဲ့သည့် အင်ဂျင်နီယာပညာရပ်များကို လက်တွေ့မြေပြင် အနေအထားများအပေါ် မူတည်ပြီး ပေါင်းစပ်၊ နှိုင်းယှဉ်သုံးသပ်၍ အစွမ်းကုန်ကြိုးစားဆောင်ရွက်ရင်း မိမိတို့ဝန်ကြီးဌာန ပုံရိပ်ကို မြှင့်တင် ပေးကြရန်၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အမြဲနှလုံးသွင်း ကြိုးစားကျင့်ကြံ ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အင်ဂျင်နီယာဘာသာရပ် ထူးချွန်ဆု ရရှိသူ ကျောင်းသား ကို ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ကြီးဌာန ၁၉ ခု တို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၆၅ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အခမ်းအနားသို့ တက်‌ရောက်လာကြသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း‌ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြပြီး သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ကျောင်းဝန်းအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် အားကစားကွင်း ပွဲကြည့်စင်၊ သုံးထပ်ကျောင်းသူ အိပ်ဆောင်နှင့် လေးထပ်အင်ဂျင်နီယာ အလုပ်ရုံ ဆောက်လုပ်မည့် လျာထားမြေနေရာ၊ မနုဿဗေဒပြခန်း၊ ကျောင်းသား အိပ်ဆောင်များအား   ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊  ပါမောက္ခ/ ဌာနမှူးများ၊ ဝန်ထမ်းများနှင့်  တွေ့ဆုံ၍ ကျောင်းအုပ်ကြီးမှ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ငွေများချီးမြှင့် ပေးအပ်သည်။ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)