နေပြည်တော် ဖေဖော်ဝါရီ ၉

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)ကို ပြခန်း ပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသရောင်းချလျက်ရှိရာ ယနေ့ပြပွဲဒုတိယနေ့တွင် ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ဒေသခံပြည်သူ အများအပြား လာရောက်ကြည့်ရှုလေ့လာကြသည်။

 “မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ဒေသအလိုက် ထုတ်ကုန်တွေ၊ တိုင်းရင်းသားရိုးရာ အစားအစာတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်အထိ သွားစရာမလိုဘဲ တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာပြီး ဝယ်ယူလို့ရတယ်။ ဒါကြောင့် အရင်နှစ်တွေကတည်းက လာဖြစ်တယ်။ အဓိကကတော့ ပစ္စည်း အရည်အသွေးကောင်းတယ်၊ ဈေးနှုန်းလည်း အများကြီး သက်သာတယ်။ ဆေးဝါးတွေလည်း ပြသရောင်းချတဲ့အတွက် အခုအိမ်သုံးဆေးဝါးတွေ ဝယ်ယူဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ထုတ်ကုန်ပစ္စည်းတွေကို တစ်နေရာတည်းမှာ လေ့လာကြည့်ရှုခွင့်ရတဲ့အတွက် မရောက်သေးတဲ့သူတွေ လာရောက်လေ့လာ ကြည့်ရှုကြဖို့အကြံပြုပါတယ်” ဟု ပျဉ်းမနားမြို့မှ မစန္ဒာက ပြောသည်။

အထူးစည်ကား

ပြပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်း/ စီးပွား ချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံး စက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ် သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား/ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများ ပါဝင်ပြသလျက်ရှိရာ လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

“ပြပွဲကို လာရောက်ကြည့်ရှုသူများတယ်။ ပြပွဲလာပြည်သူများတဲ့အတွက် ပါဝင်ပြသကြတဲ့ လုပ်ငန်းရှင်တွေလည်း ပိုပြီးအားတက်ရပါတယ်။ ကျွန်တော်တို့ပြည်နယ်ပြခန်းမှာ ပြည်တွင်း ကုန်ကြမ်းသုံးထုတ်ကုန် ၁၄၅ မျိုး၊ စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန် ၃၆ မျိုး၊ OROP ထုတ်ကုန် ၃၀ အပြင် ပူတာအိုခရိုင် ဒေသထွက်ဂရိတ်ဖရု၊ မြစ်ကြီးနား ခရိုင်ဒေသထွက် ကချင်ရိုးရာ အထည်၊ တစ်သျှူးငှက်ပျော၊ ဗန်းမော်ခရိုင်ဒေသထွက် အစေ့ထုတ်ပြောင်း၊ မြေထောက်ပဲ၊ မိုးညှင်းခရိုင်ထွက် ပဲပုပ်၊ ခေါက်ဆွဲ၊ တနိုင်းခရိုင်ထွက် ဆီမုန်ညင်းနဲ့ ချီဖွေခရိုင်ထွက် သစ်ကြားသီး စတာတွေကို ခင်းကျင်းပြသထားတဲ့အပြင် ဒေသထွက်ကျောက်စိမ်း လက်ဝတ်ရတနာတွေ၊ ပယင်း၊ ရှူဆေး၊ ဖျန်းဆေးနဲ့ လိမ်းဆေးဆီတွေကို ခင်းကျင်းပြသရောင်းချပေးလျက်ရှိပါတယ်။ ပြည်တွင်း ကုန်ကြမ်းများကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုထားတဲ့ ပြည်နယ်ရဲ့ စားသောက်ကုန်လုပ်ငန်းတွေ၊ ကချင်ရိုးရာ ရက်ကန်းထည်တွေ လည်းပါပါတယ်”ဟု ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပြောကြားသည်။

ထို့ပြင် အသေးစားစက်မှုလက်မှု ထုတ်ကုန်ပြခန်းများ၊ ကုန်ထုတ် သမဝါယမအသင်းများ ထုတ်ကုန် ပြခန်း၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း ပြခန်း၊ မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်း ရှင်များအသင်းပြခန်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ပြခန်း၊ SUPREME WATER DOCTOR ပြခန်း၊ မြန်မာစီးပွားရေးလုပ်ငန်း ရှင်အမျိုးသမီးများ ကွန်ရက်ပြခန်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ပြခန်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင် များအသင်း ပြခန်းများတွင် သက်ဆိုင်ရာ ပြခန်းအလိုက် စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များကို ဈေးနှုန်းသက်သာစွာ ခင်းကျင်းပြသ ရောင်းချပေး လျက်ရှိသည့်အတွက် လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

“အသုံးပြုပြီးသား စွန့်ပစ်ပလတ်စတစ်တွေကို တစ်နိုင်ငံလုံးကနေဝယ်ယူပါတယ်။ နေရာစုံ ကနေရရှိလာတဲ့ စွန့်ပစ်ပလတ်စတစ် ကုန်ကြမ်းတွေကို ကျွန်တော်တို့ စက်ရုံကနေ ပြန်လည်သန့်စင် အမျိုးအစားခွဲခြားပြီး နည်းပညာကို အသုံးပြုပြီးတော့ အဆင့်ဆင့် ဆောင်ရွက်လိုက်တဲ့အခါ သန့်စင်တဲ့ပလတ်စတစ် ကော်တောင့်တွေ ရရှိပါတယ်။ ဒီဟာကို အသုံးပြုပြီးတော့ စိုက်ပျိုးရေးသုံး တောင်သူတွေကို အကျိုးပြုတဲ့ ရေသွယ်ပိုက်၊ရေဖျန်း ပိုက်အပါအဝင် စိုက်ပျိုးရေးသုံးပိုက်နဲ့ ပိုက်ဆက်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချပါတယ်။ ကျွန်တော်တို့ ပစ္စည်းတွေကို တောင်သူတွေက သဘောကျပါတယ်။ ရောင်းအားကောင်းပါတယ်။

“ကျွန်တော်တို့ ပစ္စည်းက ပြည်တွင်းက စွန့်ပစ်ပစ္စည်းကို အသုံးပြုထားတယ်၊ သွင်းကုန် အစားထိုးပစ္စည်းအဖြစ် ပြည်ပကနေ ကော်စေ့တင်သွင်းရတဲ့ နိုင်ငံခြားသုံးငွေသုံးစွဲမှု ချွေတာနိုင်ဖို့ အထောက်အကူပေးပါတယ်။ ပြီးတော့ စွန့်ပစ်ပလတ်စတစ်ကို ပြန်ပြီးအသုံးပြုတာမို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ တောင်သူတွေ အသုံးပြုတဲ့ အခါမှာလည်း အကျိုးကျေးဇူး အများကြီးရှိပါတယ်။ အဓိကကတော့ စိုက်ပျိုးရေကို အလေအလွင့် မရှိဘဲ လိုအပ်သလောက် ထိထိရောက်ရောက် အသုံးပြုနိုင်အောင် အထောက်အကူပေးပါတယ်။ ဒါကြောင့် တောင်သူတွေကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ တောင်သူ အကျိုးပြုစီမံကိန်းတွေ၊ လုပ်ငန်းတွေ၊ နည်းပညာတွေကို အထောက်အပံ့ပေးနေတဲ့ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့၊ လယ်ယာကဏ္ဍနဲ့ သက်ဆိုင်တဲ့ အစိုးရဌာနတွေက တာဝန်ရှိသူတွေကိုလည်း လေ့လာ ဖို့ဖိတ်ခေါ်ချင်ပါတယ်။

“ကျွန်တော်တို့ကလည်း ဒီလိုပြပွဲကနေ ပိုပြီးကျယ်ပြန့်တဲ့ ဈေးကွက်ကိုရရှိဖို့ မျှော်မှန်းသလို တစ်ဖက်ကလည်း တောင်သူတွေ လက်ထဲကို ပြည်တွင်းလုပ်ငန်းရှင် တွေထုတ်လုပ်တဲ့ အရည်အသွေး မြင့်ပစ္စည်းတွေ ရောက်စေချင်တယ်။ ဒါကြောင့် ပြခန်းကို တောင်သူတွေနဲ့ တာဝန်ရှိသူတွေ၊ ပြည်သူတွေအများကြီး လာရောက်လေ့လာစေချင်ပါတယ်”ဟု New Life Plastic (NLP) Co.,Ltd. မှ ပြခန်းတာဝန်ခံက ပြောသည်။

ထို့အတူ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရေမဲ့အီသနောဖြင့် ဇီဝလောင်စာဆီ ထုတ်လုပ်ခြင်း ပြခန်း၊ OK Myanmar စက်မှု လုပ်ငန်းသုံး ရော်ဘာရိုလာနှင့် ရော်ဘာပစ္စည်းမျိုးစုံ ထုတ်လုပ်ရေး ပြခန်း၊ ရွှေဦးဝဥတန်ဖိုးမြှင့် ထုတ်ကုန်များပြခန်း အပါအဝင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးပြခန်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက် ထုတ်ကုန်ပြခန်း၊ ရိုးမ အသေးစားစက်မှုလက်မှု ထုတ်ကုန်ပြခန်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ပြခန်း၊ CMP ထုတ်ကုန် များပြခန်းတို့တွင် သက်ဆိုင်ရာ ပြခန်းအလိုက် ထုတ်ကုန်များကို အမျိုးအမည်စုံလင်စွာ ခင်းကျင်း ပြသထားသည်ကို တွေ့ရှိရသည်။

ထိုကဲ့သို့ ပြခန်းများအလိုက် စုံလင်စွာ ခင်းကျင်းပြသထားမှုများ ကို ပြည်သူများက စိတ်ဝင်တစား လာရောက်လေ့လာ ကြည့်ရှုလျက်ရှိရာ ပြခန်းတာဝန်ရှိသူများက ပြသထားသည့် ထုတ်ကုန်များနှင့် သက်ဆိုင်သော အချက်အလက်များ၊ ဒေသထွက် ကုန်ကြမ်းများကို အခြေခံထား အသုံးပြုမှုများ၊ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးပေး လျက်ရှိသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသား ရိုးရာအစားအစာ အရောင်းဆိုင်များတွင် ဒေသအလိုက်အစားအသောက်များ၊ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသထွက် ကုန်ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကို ပြည်သူများအတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည့်အတွက် ဝယ်ယူအားပေးသူ ပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား လျက်ရှိသည်။

ကခုန်ကြရင်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

ညပိုင်းတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်းကျင်းပလျက်ရှိပြီး နိုင်ငံကျော်အနုပညာရှင်များ၏ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြူးမြူးကြွကြွ သီဆိုကပြ ဖျော်ဖြေမှုများတွင် ပြည်သူများက လိုက်ပါသီဆို ကခုန်ကြရင်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်ပထမနေ့တွင် လာရောက် လေ့လာကြည့်ရှုကြသည့် ပြည်သူ ၈၂၀၀၀ ကျော်ရှိခဲ့ပြီး ယနေ့ပြပွဲ ဒုတိယနေ့သို့ ပြည်သူ ၇၆၀၀၀ ကျော် လာရောက်ခဲ့ကြောင်း သိရသည်။

သတင်း-အောင်မင်းဟန်

ဓာတ်ပုံ-ကိုကြီးထိန် အောင်မင်းထွန်း