ပြည်ထောင်စုအနာဂတ်အတွက် မလွဲမသွေလုပ်ဆောင်ရမည့်အရာ

ခင်ရတနာ

ဗြိတိသျှတို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်အခါ ရေရှည်အုပ်ချုပ်ခွင့်ရရှိစေရန် တိုင်းရင်းသားများကို သွေးခွဲအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးပရိယာယ်ကြောင့် တိုင်းရင်းသား အချင်းချင်းသံသယများဖြင့် ရင်းနှီးမှုအားနည်း၊ သွေးကွဲခဲ့ရသည်။ အင်္ဂလိပ်တို့ သိမ်းပိုက်ခံရသည့် မူလနှစ် ၇၀ ဝန်းကျင်အထိ မြေပြန့်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှပူးပေါင်း၍ လွတ်လပ်ရေးကို မကြိုးပမ်းခဲ့ဖူးကြ။ ဖက်ဆစ်ကို တော်လှန်ကြမှသာ တိုင်းရင်းသားအားလုံးပေါင်းစည်းမိသည်။ ထိုမှတစ်ဖန် အင်္ဂလိပ်ကို တော်လှန်ခဲ့ကြချိန်တွင်တော့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်ရှိခဲ့သည်။ သို့သော် တစုတစည်းတည်း လွတ်လပ်ရေးရရှိလာခဲ့ခြင်းသည် လွယ်ကူသည့် ခရီးတော့မဟုတ်ခဲ့။ ခက်ခဲကြမ်းတမ်းလှသည်။

တစ်ခုသော ဆောင်းရာသီ၊ ကာလအားဖြင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလအတွင်းက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဗြိတိန်သို့ ရောက်ရှိပြီး တောင်တန်း/ ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးအတွက် တောင်းဆိုနေစဉ် ပြည်တွင်းမှာရော ပြည်ပမှာပါ မြန်မာနိုင်ငံမှ တောင်တန်းသားနှင့် မြေပြန့်သားတို့ အစေးမကပ်သယောင် ဝါဒဖြန့်မှုများ ပျံ့နှံ့ခဲ့သည်။ မြန်မာပြည်တွင် ကျန်ရစ်သည့်ခေါင်းဆောင်များက တောင်တန်းဒေသများကို အလျင်အမြန်သွားရောက်ကာ တိုင်းရင်းသားတို့ စည်းလုံးညီညွတ်ရေး၊ လွတ်လပ်ရေးအတူတကွ အရယူနိုင်ရေးစည်းရုံးရသည်။ ဗြိတိန်သို့ရောက်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မစ္စတာ အက်တလီတို့ ချုပ်ဆိုသည့် အောင်ဆန်း-အက်တလီ စာချုပ်အရ ဗြိတိသျှတို့က ပရိယာယ်အပြည့်ဖြင့် ရေးသားထားသည်ကို မြင်တွေ့ရပြီး လွတ်လပ်ရေးပေးရာတွင် တောင်တန်းသားများက ပြည်မကြီးနှင့်ပူးပေါင်းရန် သဘောတူပါက အတူတူလွတ်လပ်ရေးပေးမည်၊ အကယ်၍ ပြည်မနှင့်ပူးပေါင်းရေးကို တောင်တန်းသားများ သဘောမတူပါက သူတို့ဆန္ဒအတိုင်း ဖြစ်စေရမည်ဟူသည့် သဘောသက်ဝင်သည့်စာချုပ် ဖြစ်သည်။

ဗိုလ်ချုပ်နှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂ ရက်နေ့ ဗြိတိန်မှ ပြန်လည်ရောက်ရှိသည်နှင့်တစ်ပြိုင်နက် တိုင်းရင်းသားများအားလုံး တညီတညွတ်တည်း လွတ်လပ်ရေးရရှိခံစားနိုင်စေရန်အတွက် လုံ့လစိုက်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၈ ရက် နေ့မှ ၁၁ ရက်နေ့အထိ ပင်လုံညီလာခံကြီးတွင် ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် ၂၁ ဦးတို့က ပြည်မနှင့် တောင်တန်းခွဲခြားမှုမရှိ မြန်မာတိုင်းရင်း သားပေါင်းစုံပူးပေါင်းရန် သဘောတူညီသည့် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသသည့် ထိုတစ်နေ့မှာ မိမိတို့နိုင်ငံ၏ အလေးအမြတ်ပြုရာ ပြည်ထောင်စုနေ့ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ဗြိတိသျှအစိုးရသည်လည်း ကတိအတိုင်း ပြည်မတောင်တန်း ဒေသအားလုံးကို တစ်ပြိုင်တည်း လွတ်လပ်ရေးပေးအပ်ခဲ့ရသဖြင့် မိမိတို့ ယနေ့တိုင် လွတ်လပ်သည့် နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့ခြင်းမှာ ပြည်ထောင်စုနေ့တွင် အုတ်မြစ်ချ လက်တွဲခဲ့ခြင်း၏ အကျိုးရလဒ်ပင် ဖြစ်ပါသည်။

ပြည်ထောင်စုအနှစ်သာရ ပျောက်ဆုံးနေပြီလား

မိမိတို့နိုင်ငံသည် ပဋိပက္ခများနှင့် မတည်ငြိမ်မှုအကြား ရုန်းမထွက်နိုင်သေး။ ထိုအရာများက အရိပ်ပမာအုပ်မိုးထားသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး စသည့် တိုင်းသူပြည်သားတို့၏ အရေးကိစ္စမှန်သမျှတို့ လောင်းရိပ် မိကာ ညှိုးနွမ်းကြရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၄၈ ခုနှစ် မတ်လအတွင်းမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့်အတွက် လွတ်လပ်ရေးရရှိပြီး သုံးလအတွင်းမှာ ပြည်တွင်းစစ်မီး စတင်ခဲ့ခြင်းကြောင့် ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ကျော် အချင်းချင်းတိုက်ခိုက်ရင်း၊ စွပ်စွဲပြစ်တင်ရင်းဖြင့်သာ အချိန်တွေကုန်ခဲ့ရသည်။ ထိုသို့ ငြင်းခုံဝေဖန်ပြစ်တင်ရင်း အချိန်ကုန်ခံရမည့်အစား မတူကွဲပြားမှုများကို စုစည်းညီညွတ်လိုက်ခြင်း သည်သာပဋိပက္ခနှင့် မတည်ငြိမ်မှုများမှ လွတ်မြောက်မည်ဖြစ်ပါသည်။ ထို့အတွက် ပါဝင်ပတ်သက်သူတို့၏ ဉာဏ်ရည်၊ နှလုံးရည်၊ ယုံကြည်ချက်တို့ဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းတည်ငြိမ်ခြင်းသို့ ရှေးရှုတည်ဆောက်စေလိုပါသည်။

လက်ရှိတွင် နိုင်ငံအတွင်း ဝါဒကွဲ၊ အယူအဆကွဲပြားမှုများအပြင် ပြည်တွင်း၊ ပြည်ပအဖျက်သမား၊ နိုင်ငံ့သစ္စာဖောက်များကြောင့် ပြည်တွင်းမငြိမ်သက်မှု၊ တိုက်ပွဲများ ကြုံတွေ့နေရပြီး မိမိတို့ နိုင်ငံရေးကို ဘက်ပေါင်းစုံမှ ဝင်ရောက်စွက်ဖက်ခြယ်လှယ်လိုသည့် ပြည်ပနိုင်ငံများ၏ ထိုးနှက်မှုကိုလည်း မကြာခဏ ပြန်လည်ဖြေရှင်းနေရသည်။

တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို လေ့လာကြည့်သည့်အခါ မဲလိမ်မဲခိုးခြင်းမှသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ပြေလည်အောင် မဆောင်ရွက်ခြင်းမှအစပြု၍ လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့် နည်းလမ်းဖြင့် လုပ်ဆောင်စေရန် သွေးထိုးမြှောက်ပင့်ပေးနေသည့် CRPH, NUG စသည့် နိုင်ငံ့သစ္စာဖောက် အကြမ်းဖက်သမားများကြောင့်လည်းကောင်း၊ အမှားနှင့် အမှန်ကို ခွဲခြားမမြင်နိုင်သည့် လူငယ်အကြမ်းဖက်သမား PDF တို့ကြောင့်လည်းကောင်း၊ မိမိတို့ အကျိုးစီးပွားအလို့ငှာ လက်နက်မစွန့်နိုင်ကြသည့် ပြည်နယ်အချို့မှ တိုင်းရင်းသားလက်နက်ကိုင်တို့ကြောင့်လည်းကောင်း ယခုကဲ့သို့ ပြည်တွင်းစစ်မီး ရှည်ကြာစွာ တောက်လောင်နေရသည်။

ပြည်နယ်အများစုတွင် သစ်တောများ၊ သယံဇာတများကို တရားမဝင် ထုတ်ယူတူးဖော်နေကြသည့် အမည်ခံလက်နက်ကိုင်အဖွဲ့အစည်းများ၊ မူးယစ်ဆေး၊ တရားမဝင်ငွေကြေးဈေးကွက်နှင့် လိမ်လည်မှုများ၊ လက်နက်မှောင်ခို ရောင်းဝယ်ဖောက်ကားခြင်းများ စသည့်ဒုစရိုက်မှုအသီးသီးတို့ကို ဖော်ဆောင်ရင်း နယ်မြေထိန်းသိမ်းစောင့်ရှောက်ပေး နေသယောင်လက်နက်ကိုင်အသီးသီးတို့သည် ပြည်ထောင်စုအတွက် အမှိုက်သရိုက်များပင် မဟုတ်ပါလား။

တိုက်ပွဲတိုင်းတွင် အပြစ်မဲ့ပြည်သူတို့၏ စိတ်နှလုံးကို စတေးကြရသည်ချည်းဖြစ်သည်။ မိခင်မဲ့သွားသည့် သားသမီးများ၊ အသက်မဲ့သွားသည့် စာသင်ကျောင်းများ၊ အသက်ဘေးကြောင့် စစ်ဘေးရှောင်စခန်းများတွင် ရာသီဥတုဒဏ်၊ ဗုံးဒဏ်၊ လက်နက်ကြီးဒဏ် စသည့် ဒဏ်ရာဒဏ်ချက်များကို အန်တုရင်ဆိုင် နေကြရသူများသည် မိမိတို့၏ တိုင်းရင်းသားပြည်သူများပင် ဖြစ်ပါသည်။

မိမိတို့နိုင်ငံတွင် အဓိကတိုင်းရင်းသားလူမျိုး ရှစ်မျိုး၊ တိုင်းရင်းသားလူမျိုးစု ပေါင်း ၁၃၅ မျိုးခန့်ရှိကြပြီး တိုင်းရင်းသားလူမျိုးအားလုံး သာတူညီမျှအခွင့်အရေး ရရှိခံစားခွင့်ရှိသကဲ့သို့ မိမိတို့နိုင်ငံ၏ လျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်သည်။ တိုင်းရင်းသားအားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ် လာစေရန်အတွက် ပြည်တွင်းစစ်မီးများ ချုပ်ငြိမ်းရေးမှာ ပြည်သူများ အလိုလား အတောင့်တဆုံး ဆန္ဒတစ်ရပ်ပင် ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့်အတူ ရှာဖွေကြရမည့် ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတစ်နိုင်ငံ တည်ရှိမှုသည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာတည်သည်။ ငြိမ်းချမ်းသာယာ သောနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်ဝယ် အရှိန်အဟုန် မပြတ်ရှေ့ဆက်နေကြသည်။ ငြိမ်းချမ်းသောနိုင်ငံ၏ နိုင်ငံသူနိုင်ငံသားများသည်လည်း အလိုအလျောက်ဂုဏ်သိက္ခာရှိနေကြသည်။ မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာသည် ကမ္ဘာ့အလယ်တွင် မြင့်မားနေစေရန် ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့လိုသည်။ ငြိမ်းချမ်းပြီးနောက် အလိုအပ်ဆုံးအရာသည် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့နိုင်ငံအနေဖြင့် ပညာရေးမြင့်မားရေးနှင့် သုတေသနလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် အလွန်အရေးကြီးသည်ဟု ယူဆမိပါသည်။

အောင်မြင်သည့် နိုင်ငံတိုင်းတွင် သုတေသနလုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြပြီး သုတေသန လုပ်ငန်းအတွက် ငွေကြေးကုန်ကျခံ ဆောင်ရွက်ခြင်းဖြင့် မှန်ကန်သည့် သတင်းအချက်အလက်များရရှိခြင်း၊ အရေးကြီးသည့် အချက်အလက် အကြောင်းအရာများကို စမ်းသပ်သိရှိနိုင်ခြင်း၊ အယူအဆသစ်များ ချမှတ်နိုင်ခြင်းတို့ကို အလွယ်တကူပြုလုပ်နိုင်ကြသည်။ သုတေသနလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်ဆောင်ရွက်ခြင်းဖြင့် ထိုနိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ တစ်ဟုန်ထိုး မြင့်မားလာနိုင်ကြောင်း လေ့လာဆန်းစစ်သူများက တညီတညွတ်တည်း ပြောဆိုထားကြသည်။

သုတေသန၏ အကျိုးရလဒ်အနေဖြင့် မိမိတို့ နေ့စဉ်အသုံးပြုနေသည့် အသုံးအဆောင်အားလုံးကို ပြည်ပမှ ဝယ်ယူတင်သွင်းရခြင်းကို များစွာ သက်သာခွင့်ရရှိနိုင်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများသို့ ပြည်တွင်းထွက်ကုန်များ တင်ပို့ရာတွင်လည်း များစွာအထောက် အကူပြုနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သီးနှံအလိုက် ဈေးကွက်သုတေသနစာတမ်းများဖြစ်သည့် ကြက်သွန်ဖြူ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဆန်စပါး၊ မျိုးစေ့၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ နေကြာ၊ ကော်ဖီ အစရှိသည်တို့မှ တောင်သူများနှင့် သီးနှံတင်ပို့ရောင်းချသူများအတွက် သတင်းအချက်အလက်များ ရရှိပြီး ပြည်ပသို့တင်ပို့ရာတွင် များစွာ အထောက်အကူဖြစ်စေသည်ကို မြင်တွေ့ရသည်။ ထို့အတူ နိုင်ငံတကာမှ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ သုတေသနများကို လေ့လာဆန်းစစ်ခြင်းအားဖြင့် ဈေးကွက်လိုအပ်ချက်၊ ဝယ်လိုအားနှင့် အလားအလာ မျှော်မှန်းချက်များကို တွက်ဆနိုင်သည်။

ထို့ကြောင့်ပင် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုသို့ အလျင်မြန်ဆုံး တက်လှမ်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် သုတေသနဆောင်ရွက်ချက်များမှတစ်ဆင့် ထုတ်ကုန်များကို ကိုယ်တိုင်ထုတ်လုပ်ခြင်းမှသည် တီထွင်စွမ်းအားများ ရင့်သန်ကာ နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရာရောက်သကဲ့သို့ နိုင်ငံတော်အေးချမ်းတည်ငြိမ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းပေါများမှု၊ တိုင်းရင်းသား ပြည်သူများ ချမ်းသာကြွယ်ဝမှုများဆီအထိ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

မိမိတို့တိုင်းရင်းသားလူမျိုးအားလုံးသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ကြရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုနေ့ကို သက်သေအရာထားကာ လွတ်လပ်ရေးအောင်ပန်းကို အရယူနိုင်ခဲ့ကြပါသည်။ သို့သော် ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားအားလုံးညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက်မူ အဟန့်အတားနှင့် စိန်ခေါ်မှုများစွာတို့ ရင်ဆိုင်နေရဆဲပင်။ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ပြည်သူများရရှိထားသည့် ဒဏ်ရာဒဏ်ချက်များကို အပြန်ပြန်အလှန်လှန် ဆန်းစစ်ကြရင်းစစ်ပွဲများ အပြီးတိုင်ရပ်တန့်ခြင်းဖြင့် ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းအတိ ပြီးပြည့်စုံသည့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထုဆစ်ပုံဖော်ဖို့ အချိန်အခါပင်ဖြစ်ပါ ကြောင်း။ ။