ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ ခရိုင်၊ မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၉

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စစ်ဆေးခြင်းဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုအားကောင်းခိုင် မာစေရန် ထိန်းကျောင်းပေးရသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်း တာဝန်၏လေးနက်မှုကို ကောင်းစွာသိရှိနားလည်၍ ဂုဏ်ယူစွာ ဆောင်ရွက်ကြစေလိုပါကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး က ပြောကြားသည်။

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ခရိုင်၊ မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ၏ အကျိုးကို ပြည်သူများ ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်စေရန်အတွက် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ထိရောက်စွာစီမံခန့်ခွဲနိုင်မှု၊ အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတို့ကို အလေးထားစစ်ဆေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် စစ်ဆေးတွေ့ရှိချက်များ၏ အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်ရ သည့် အကြောင်းအရာများကို စိစစ်ဖော်ထုတ်၍ သုံးသပ်အကြံပြုချက်များဖြင့် အရည်အသွေး ပြည့်ဝသည့် စစ်ဆေးတွေ့ရှိ ချက်အစီရင်ခံစာများ ထုတ်ပြန်နိုင်ရန်လည်း လိုအပ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စာရင်းစစ်ကျင့်ဝတ်သိက္ခာ စောင့်ထိန်းမှုနှင့် သတင်းအချက် အလက်များလုံခြုံမှုတို့ကို အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံတော် အပေါ် သစ္စာစောင့်သိလျက် မွန်မြတ်သောစိတ်စေတနာများဖြင့် ပြည်သူ့အကျိုးရှေးရှုဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများက ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား အခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)