ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပူး‌ပေါင်း၍ ကျန်းမာရေး အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၁၉

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အသိပညာမျှဝေဆွေးနွေးပွဲ အစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် “ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဆွေးနွေးပွဲ အမှတ်စဉ် (၄၂) ကို ယနေ့ မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး  နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ယခုဆွေးနွေးပွဲမှတစ်ဆင့် ဆီးချိုနှင့်သွေးတိုးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ကြိုတင်ကာကွယ်လိုက်နာသင့်သည့် အချက်များ၊ နေ့စဉ်ဘဝတွင် နေထိုင်စားသောက်မှု ပုံစံများအပြင် ကျန်းမာရေးအပေါ် Climate Change ၏ အကျိုးသက်ရောက်မှုများကိုလည်း သိရှိခွင့်ရမည်ဖြစ်၍ တစ်ဦးချင်း သာမက မိသားစုနှင့် လူ့အသိုက်အဝန်း (Society) အတွက်လည်း ကျန်းမာရေးဆိုင်ရာဗဟု သုတများကို ကောင်းစွာသိရှိထားခြင်းဖြင့် ကျန်းမာစွာ နေထိုင်သွားနိုင်မည့် နည်းလမ်းများအတိုင်း လိုက်နာနိုင်မည်ဖြစ်သဖြင့် များစွာအကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်က “ဆီးချိုသွေးချိုနှင့် သွေးတိုး‌ရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်းက “Key Notes on Climate Change and Global Health” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ သတိပြုလိုက်နာဆင်ခြင်ရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ Climate Change ကြောင့် ကျန်းမာရေးအပေါ်တွင် သက်ရောက်နိုင်သည့် အချက်များစသည်တို့ကိုလည်း ထည့် သွင်းရှင်းလင်းဆွေးနွေးပေးကြပြီး ဆွေးနွေးပွဲတက်‌ ရောက်လာသူများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့အတူ နံနက်ပိုင်းတွင်လည်း နေပြည်တော်ရှိ  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ‌ဆေးပေးခန်း၌ ကုသရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဒေါက်တာခင်မောင် ဦးဆောင်သောအဖွဲ့က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ သွားနှင့် ခံတွင်းဆိုင်ရာရောဂါများ စစ်ဆေးကုသပေးခြင်းနှင့် ဆီးချိုသွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်