ပြည်ထောင်စုကြီးကို စောင့်ရှောက်ကာကွယ်

 

မြန်မာနိုင်ငံသည် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိသည်။ ကိုယ့်ခွန်ကိုယ့်အားဖြင့် တည်ဆောက်နေသည့်နိုင်ငံဖြစ်သည်။ မည်သည့်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု မှန်သမျှကို လက်မခံသောနိုင်ငံဖြစ်သည်။ ပြည်ထောင်စုနှင့်ဆီလျော်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသော နိုင်ငံဖြစ်သည်။ လက်ဝေခံနိုင်ငံအဖြစ်သို့ မရောက်လိုသော မြန်မာနိုင်ငံအပေါ် နယ်ချဲ့လက်သစ်တို့၏ အမျိုးမျိုးအဖုံဖုံ နှောင့်ယှက်မှုများကို အစဉ်အဆက်တွေ့မြင်နေရသည်။

 

မည်သို့မျှ လွှမ်းမိုးခြယ်လှယ်စွက်ဖက်ခွင့် မရသဖြင့် ပြည်တွင်းစည်းလုံးညီညွတ်မှု ပျက်ပြားစေရန် သွေးခွဲနှောင့်ယှက်မှုများ ကြုံရသည်။ အိမ်ကြက်ချင်း အိုးမဲသုတ်ကာ ညီညွတ်မှုပျက်ပြားအောင် ပြုလုပ်ကြသည်။ ၎င်းတို့၏နိုင်ငံရေးရည်မှန်းချက် ပေါက်မြောက်စေရန်အတွက် ကြားခံအဖြစ် လက်ဝေခံမီဒီယာများကို အသုံးချကြသည်။

 

နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေရန်နှင့် ပြည်တွင်းညီညွတ်မှု ယိမ်းယိုင်စေရန်အတွက် အမျိုးမျိုးအဖုံဖုံ ဝေဖန်တိုက်ခိုက်မှုများ၊ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိ မြန်မာ့နိုင်ငံရေး အနေအထား၌ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စများတွင် အိမ်နီးချင်းနိုင်ငံအချင်းချင်း လက်တွဲဆောင်ရွက်နေသည့် အချိန်အခါ၌ အနောက်နိုင်ငံအထောက်အပံ့ဖြင့် ရပ်တည်နေသည့် မီဒီယာများသည် နှစ်နိုင်ငံဆက်ဆံရေးအပေါ်  အထင်အမြင်လွဲမှားလာအောင်၊ ဆက်ဆံရေး ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်တိုက်ခိုက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံနယ်နိမိတ်နှင့် ရှည်လျားစွာထိစပ်နေသော မြန်မာ-တရုတ်နှစ်နိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးသည် အရေးအကြီးဆုံးဖြစ်သည်။  နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနှင့်စီမံကိန်းများကို   မြှင့်တင်တိုးချဲ့ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်နေမှုများကို နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်ရခြင်း၏ နောက်ကွယ်မှ အကြောင်းတရားများကို သတိထားဆင်ခြင်ကြည့်လျှင် သိနိုင်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမတည်မငြိမ်ဖြစ်စေရန်၊ နှစ်နိုင်ငံဆက်ဆံရေးထိခိုက်စေရန် လုပ်ဆောင်နေသည့် အင်အားစုများ၏ ရည်ရွယ်ချက်ကို သတိပြုနားလည်ပြီး အဆိုပါလုပ်ရပ်များကို အမြန်ဆုံးရပ်တန့်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။

 

မကြာသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့တွင် လက်နက်ကိုင်သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ကို ကြားသိရမည်ဖြစ်သည်။ ယင်းကိုအကြောင်းပြု၍ ပွဲလန့်တုန်းဖျာခင်းလိုသည့် သောင်းကျန်းသူအဖွဲ့များကလည်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေဒေသအချို့ကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးမှုများ ပြုလုပ်လာခဲ့သည်။ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများရှိသည်။ ယင်းသို့တိုက်ခိုက် လာမှုများကို တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ချေမှုန်းရှင်းလင်းလျက်ရှိသည်။ နှစ်ဖက်တိုက်ပွဲတိုင်းတွင် တစ်ဖက်ဖက်က ထိခိုက်ဆုံးရှုံးမှုအနည်း နှင့်အများရှိမည်ဖြစ်သည်။

 

တပ်မတော်အနေဖြင့် ခြေလျင်၊ လေယာဉ်၊ အမြောက်တပ်ဖွဲ့များပူးပေါင်းလျက် ရွပ်ရွပ်ချွံချွံ ခုခံချေမှုန်းတိုက်ခိုက်ခဲ့သည်။ အချို့ဂိတ်၊ စခန်းငယ်၊ ရဲစခန်းအချို့တွင် အင်အားနည်းပါးသဖြင့် ထိခိုက်ကျဆုံးမှုနှင့်ပြောင်းရွှေ့ခဲ့ရမှုများရှိသည်။ သို့သော် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မီဒီယာများက တစ်မြို့လုံးကိုထိန်းချုပ်ထားနိုင်ပြီ၊ တပ်ရင်းတွေကျကုန်ပြီ၊ မြို့များ၊ တပ်စခန်းများစွာကို သိမ်းပိုက်ထားပြီ စသည်ဖြင့် မဟုတ်မမှန် ကောလာဟလသတင်းများ ဆက်တိုက် ထုတ်လွှင့်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်တကယ်တွင် ထိတွေ့တိုက်ပွဲများ၌ သောင်းကျန်းသူများ မည်မျှသေဆုံးခဲ့သည်။ ဒဏ်ရာရရှိခဲ့သည်။ မည်သို့ဆုတ်ခွာထွက်ပြေးရသည်။ မည်သို့ဆုတ်ခွာရန် စီစဉ်နေသည်တို့ကို အကြမ်းဖက်သောင်းကျန်းသူများသာ အသိဆုံးဖြစ်သည်။

 

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် လွတ်လပ်ရေးရပြီးကာလ တစ်တိုင်းပြည်လုံး တိုက်ပွဲများဖြစ်ပွားနေချိန်တွင် တပ်မတော်သည် ဖြစ်ပေါ်လာသည့် ပြည်တွင်း/ ပြည်ပ အန္တရာယ်ရန်စွယ်များကို အမြစ်ပြတ်ချေမှုန်းနိုင်သည့် အစဉ်အလာကောင်းများရှိပြီးဖြစ်သည်။

 

သို့ဖြစ်ရာ နှောင့်ယှက်ခြိမ်းခြောက်မှုများကြားမှ နိုင်ငံချစ်သည့် ပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများအား ဆန့်ကျင်ပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်သားများအား အားပေးကူညီဆောင်ရွက်နေကြပြီ ဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံကိုချစ်ကြသူများသာဖြစ်ရာ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရေးတွင် ပါဝင်ကြရမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ၊ တတ်နိုင်သမျှ ကိုယ်စိတ်နှစ်ပါးဖြင့် ပြည်ထောင်စုကြီးကို စည်းလုံးညီညာစွာကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ