ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

နွေကံ့ကော်(မြို့လှ)

၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဟူ၍ ဖြစ်သည်။ ပြည်ထောင်စုကြီးငြိမ်းချမ်း နေမှသာလျှင် ပန်းပေါင်းဝေဆာအလှဖြာလျက် အမိနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ပြည်တွင်းရေးပဋိပက္ခများကိုပါ နယ်ချဲ့တို့က ပူးတွဲပေးအပ်ခဲ့

လွတ်လပ်ရေးအကြိုကာလက မိမိတို့ တိုင်းပြည်၏ အဓိကရည်မှန်းချက်သည် လွတ်လပ်ရေးရယူနိုင်ဖို့ပင် ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ စသည့် နှိုးဆော်မှုများဖြင့် လွတ်လပ်ရေးလမ်းကြောင်းကို တစိုက်မတ်မတ် ချီတက်ခဲ့ကြသည်။ ထိုသို့ ချီတက်နေဆဲမှာပင် ပြည်ပလက်ဝေခံ သစ္စာဖောက်များကြောင့် လွတ်လပ်ရေးခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြရသည်။ သို့သော်လည်း ကျန်ရှိသူများက လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။ နောက်ဆုံးတွင် လွတ်လပ်ရေးကြီး ပြန်လည်ရရှိခဲ့သည်။ သူ့ချည်းသက်သက်တော့မဟုတ်။ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးပြိုကွဲခြင်းမှ စသော ပြည်တွင်းရေးပဋိပက္ခများကိုပါ နယ်ချဲ့တို့က ပူးတွဲပေးအပ်ခဲ့ကြခြင်းဖြစ်သည်။
လွတ်လပ်ရေးသက်တမ်းအားဖြင့် ရက်ပိုင်း လပိုင်းမျှသာရှိသေးသည့် နိုင်ငံတော်သည် နုစကပင် အက်ကြောင်းထင်ခဲ့ရသည့် အခြေအနေတွင် ရှိခဲ့ရသည်။ အလံဖြူ၊ အလံနီ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါ၊ မွန်လက်နက်ကိုင်အဖွဲ့၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့၊ ရခိုင်မှ မူဂျာဟစ်သူပုန်များ စသဖြင့် မြောက်မြားစွာသော လက်နက်ကိုင်အဖွဲ့များသည် နယ်မြေအသီးသီးမှ ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။ ပြည်တွင်းပဋိပက္ခများသာမက ပြည်ပတရုတ်ဖြူ ကျူးကျော်မှုအန္တရာယ်များကိုလည်း ရင်ဆိုင်ခဲ့ရသေးသည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့စဉ်ကာလ အမှောင်ဖုံးသော နေ့ရက်များအား ရွှေရောင်လွှမ်းနိုင်ရေး ကြိုးပမ်းရမည့်အချိန်တွင် လက်နက်ကိုင်လမ်းစဉ်များဖြင့် တိုက်ပွဲများဖန်တီးခဲ့ခြင်းသည် တိုင်းပြည်ကို ဒုတိယအကြိမ်မြောက် အမှောင်ဖုံးစေခဲ့ခြင်းပင် ဖြစ်၏။     
လွတ်လပ်ရေးပန်းကို ကြည့်ရှုခံစားလျက် အားအင်သစ်များမွေးကာ တိုင်းပြည်တိုးတက်ရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည့်အစား သူကတစ်မျိုး၊ ကိုယ်ကတစ်ဖုံ ပါတီစွဲအုပ်စုကွဲများဖြင့် တစ်ဖက်နှင့်တစ်ဖက် တွန်းထိုးပွတ်တိုက်ကြခြင်း ဖြင့် တိုင်းပြည်မှာ မြေစာပင်ဖြစ်ခဲ့ရသည်။ ၁၉၄၈ ခုနှစ်မှသည် ၁၉၅၈ ခုနှစ်အတွင်း မည်မည်ရရ တိုးတက်မှုမရှိခဲ့ဘဲ ဆယ်စုနှစ်တစ်ခုစာ အချိန်များ လေလွင့်ခဲ့ရသည်။ ထိုကာလများအတွင်း တိုင်းပြည်ရေးရာအခြေအနေများကြောင့် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တပ်မတော်က အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူကာ နိုင်ငံ့ရေးရာအဖြာဖြာကို တာဝန်ယူပေးခဲ့ရသည်။ ၁၉၆၀ ပြည့်နှစ်ကာလမှ သည် ၂၀၀၀ ပြည့်နှစ်ကာလများအတွင်း တိုင်းပြည်သည် မတူညီသော နိုင်ငံရေးစနစ်များ၊ အုပ်ချုပ်ပုံ စနစ်များဖြင့် ချီတက်ခဲ့သည့်တိုင် မရိုးနိုင်သည့် ဆူးငြောင့်ခလုတ်တံသင်းများက ရှိခဲ့ပြန်သည်။ ထိုကာလများအတွင်း တပ်မတော်က နိုင်ငံ့တာဝန်များကိုရယူလျက် နိုင်ငံတော်ကြီး နောက်တစ်ကြိမ် အချုပ်အခြာအာဏာမဆုံးရှုံးရအောင် ကာကွယ်ပေး ခဲ့ရသည်များလည်းရှိခဲ့သည်။ ပြည်ပစွက်ဖက်မှုများနှင့် ပြည်တွင်းသစ္စာဖောက်များ၏ ပုဆိန်ရိုး လုပ်ရပ်များကြောင့် တိုင်းပြည်အတွင်း တိုက်ပွဲကြီးငယ်အသွယ်သွယ် ထပ်မံဖြစ်ပွားခဲ့ရကာ ကိုယ့်တိုင်းရင်းသားပြည်သူများသာ အသက်ဆုံးရှုံးခဲ့ရသည်။ အမိမြေသာ ယမ်းငွေ့ဝေကာ ထွန်ယက်စိုက်ပျိုးရမည့် မြေဆီလွှာများ ပျက်စီးဆုံးရှုံးခဲ့ကြ သည်။ စစ်ပွဲ၏ အနိဋ္ဌာရုံများကြားဝယ် ဒေသခံပြည်သူများ ကျီးလန့်စာစားဘဝဖြင့် အသက်ရှည် ရပ်တည်နိုင်ရေး ရုန်းကန်ခဲ့ကြရသည်။ ကချင်က တစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကယားကတစ်သွယ်၊ ရခိုင်နယ်တစ်ရေးဖြင့် မြွေပူရာကင်းမှောင့်ခဲ့ရသော တိုင်းပြည်အား ဒေသတွင်းနိုင်ငံများသာမက အနောက်နိုင်ငံများကပါ သွေးထိုးလှုံ့ဆော်ခဲ့ကြသည်။

ကာကွယ်တည့်မတ်ပေးခဲ့

မြန်မာ့နိုင်ငံရေး သမိုင်းရေစီးကြောင်းအရ ကြုံတွေ့ခဲ့ရသော အကွေ့အကောက် အဝေ့အဝိုက်များထက်မှ လှိုင်းတံပိုးရိုက်ခတ်မှုဒဏ်များသည် မြန်မာ့တပ်မတော်ကို လေ့ကျင့်သားပြည့်ဝစေခဲ့သည်။ ပြည့်ဝလျက်ရှိသော လေ့ကျင့်သားများနှင့် နိုင်ငံရေးသင်ခန်းစာများကို ပေါင်းစပ်အသုံးချကာ တပ်မတော်သည် နိုင်ငံတော်ကို အကောင်းဆုံး ကာကွယ်တည့်မတ်ပေးခဲ့သည်။ အရိပ်အာဝါသကင်းမဲ့ပြီး ပူလောင်နေသည့် အရပ်ဒေသတစ်ခုတွင် အလုပ်တာဝန်တစ်ခု ထမ်းဆောင်ရခြင်းသည် အေးမြသည့်အရိပ်တွင် ထမ်းဆောင်ရခြင်းထက် ပိုမိုပင်ပန်းစေမည်မှာ လောကဓမ္မတာပင်ဖြစ်၏။ နေပူဒဏ်ခံရသည့်အပင်များထက် အရိပ်အကာ သင့်တင့်လျောက်ပတ်စွာရရှိသည့် အပင်များ ပိုမိုရှင်သန်တတ်ကြသည်မှာလည်း လောကသဘာဝ တစ်ခုပင်ဖြစ်ပြန်သည်။ ရေလိုလျှင် ရေ၊ လေလိုလျှင် လေ မျှမျှတတ မြေဩဇာကျွေးနိုင်မှသာ အပင်များရှင်သန်ဖြစ်ထွန်းသကဲ့သို့ တိုင်းပြည်တစ်ခုသည် လည်း ထိုနည်းအတိုင်း တည်ဆောက်မှသာလျှင် တိုးတက်အောင်မြင်မည်ဖြစ်၏။ တပ်မတော်သာလျှင်မက နိုင်ငံတော်၏ အစိုးရအဆက်ဆက်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ကြပါ၏။

အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူခဲ့စဉ်က တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးလုပ်ငန်းစဉ်များကို အလေးပေးဆောင်ရွက်ခဲ့သဖြင့် အောင်မြင်မှုများရခဲ့သည်။ အလင်းဝင်လာကြသူများကို ပြန်လည်နေရာချထားပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။ တော်လှန်ရေးကောင်စီလက်ထက် တွင်လည်း နိုင်ငံတော်ကို စုပေါင်းထူထောင်နိုင်စေရန်အလို့ငှာ မြေအောက်လက်နက်ကိုင်အဖွဲ့အစည်း များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း နိုင်ငံတော်အစိုးရ၏စေတနာကို အများစုက နားလည်မှုမရှိဘဲ နောက်ဆုတ်သွားခဲ့ကြသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအဖြစ် တာဝန်ယူခဲ့သည့် ကာလများအတွင်း တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ခဲ့မှုများ၏ အကျိုးဆက်အဖြစ် ပြည်သူတို့၏ လူမှုစီးပွား ဘဝများ တိုးတက်ခဲ့ရသည်။ နား၊ မျက်စိများ ပွင့်ခဲ့ကြသည်။ အမျိုးဘာသာသာသနာရောင်ဝါများ ထွန်းလင်းတောက်ပစေခဲ့သည်။ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးအတွက်လည်း လမ်းစဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးမှ အစပြုလာသော ဘက်စုံအသီးအပွင့်များပင် ဖြစ်ပေသည်။ 

ကိုယ့်မင်းကိုယ့်ချင်းဖြင့် အေးချမ်းချစ်ကြည်စွာ နေထိုင်လျက်ရှိသော နိုင်ငံတော်အတွင်းသို့ အမိနိုင်ငံရှိ အဖိုးတန် မြေပေါ်မြေအောက် သဘာဝသယံဇာတ များကို လိုချင်တပ်မက်ခဲ့ကြသော ကိုလိုနီနယ်ချဲ့တို့သည် အကြောင်းမျိုးစုံဖြင့် နိုင်ငံတွင်းခြေကုပ် ရယူခဲ့ပြီး နောက်ဆုံးတွင် အပိုင်သိမ်းပိုက်သွားကြသကဲ့သို့ ၂၀ ရာစုနှောင်းပိုင်းမှစ၍ တက်ရိပ်ပြလာသော မြန်မာနိုင်ငံအား တစ်ကျော့ပြန်သဘောကျ နှစ်ခြိုက်လာခဲ့ကြသည်။ ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေရှိသည့် ဗျူဟာများကို ခင်းကျင်းလျက် ပြည်တွင်းသစ္စာဖောက်များကို မွေးမြူကာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများကိုအခြေပြု၍ ပြည်တွင်းရေးဆူပူအောင် ဖန်တီးခဲ့ကြပြန်သည်။ တပ်မတော်သည် ခေတ်အဆက်ဆက် အမွေကောင်းများကို လက်ဆင့်ကမ်းယူလျက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေခြင်းအလို့ငှာ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက်အောင် ကြံဆောင်ခဲ့သည်။ မကြုံဖူး မကြားဖူးသော ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုများကို စိတ်ရှည်သည်းခံလျက် သဘောထားပြည့်ဝစွာ ဆောင်ရွက်ပေးခဲ့သည်။ ဆောင်ရွက်ပေး နေဆဲလည်း ဖြစ်ပါသည်။ နောင်တွင်လည်း ဆောင်ရွက်ပေးနေဦးမည်သာဖြစ်၏။

သင်ခန်းစာယူတတ်ရန်လို

ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုပျက်စီးရာမှ ပျောက်ကွယ်သွားခဲ့သည့် နိုင်ငံများ၊ ပြည်တွင်းစစ်မီး အမွှေးခံရမှုကြောင့် တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်တိုက်ပွဲဝင်မှုများမှ ပြိုကွဲသွားခဲ့သော နိုင်ငံများကို သင်ခန်းစာယူတတ်ရန်လိုသကဲ့သို့ တစ်ချိန်တစ်ခါက အရှေ့နှင့် အနောက် ပိုင်းခြားခဲ့ကြသောနိုင်ငံများ ယနေ့တွင် ပြန်လည်ပူးပေါင်းကာ တက်ညီလက်ညီ ရှေ့သို့ချီနေကြသည်ကိုလည်း သတိပြုတတ်ကြဖို့လိုပေသည်။ မငြိမ်းချမ်းသောနိုင်ငံများ ခယောင်းလမ်းပေါ် လျှောက်လှမ်းနေရချိန်တွင် တည်ငြိမ်အေးချမ်းမှုအပြည့်ဖြင့် တိုင်းပြည် တိုးတက်ရေးဆောင်ရွက်နေသော နိုင်ငံများက ငြိမ်းချမ်းခြင်း၏ အသီးအပွင့်များကို ခူးဆွတ်လျက် ရှေ့တန်းသို့ ရှောက်ရှိနေကြပြီဖြစ်သည်။

အမိမြန်မာပြည်ဖွား တိုင်းရင်းသားဧကန်စင်စစ် ဖြစ်သူတိုင်း တိုင်းပြည်ကို ငြိမ်းချမ်းစေလိုသည့် ဆန္ဒများ တူညီစွာရှိကြသည်။ ထိုသူတို့၏ ရည်မှန်း ချက်များပပျောက်အောင် ပြည်ပနိုင်ငံများနှင့် ကိုယ်ကျိုးကြည့် ပြည်တွင်းသစ္စာဖောက်များက ဖျက်လိုဖျက်ဆီး လုပ်နေကြခြင်းသာဖြစ်သည်။ အချို့ပြည်ဖျက်မီဒီယာများကလည်း လေလှိုင်းကြားမှ တိုင်းပြည်ကို အဆိပ်သင့်အောင် မဟုတ်မမှန် သတင်းများဖြင့် လုပ်ကြံဖန်တီးကာ ဆောင်ရွက်နေကြသည်။

လွတ်လပ်ရေးဆုံးရှုံးခဲ့စဉ်အချိန်က သူတစ်ပါး လက်အောက်တွင် သူတစ်ပါးသင်ပေးသော ပညာရေးစနစ်ဖြင့် ကိုယ့်စာပေကို အနှိမ့်ချခံကာ ပညာသင်ခဲ့ရသည်။ တိုင်းတစ်ပါးသားတို့အတွက် အခွင့်ထူးခံဖြစ်စေမည့် ယူနီဗာစီတီအက်ဥပဒေကို ဆန့်ကျင်ရာမှ အမျိုးသားနေ့ကြီး ပေါ်ပေါက်လာခဲ့ရသည်။ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ပိုင်ဆိုင်လျက် ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်စာပေကို မြှင့်တင်နိုင်မှသာ နိုင်ငံရှေ့တန်းရောက်မည်ကို ရှေးအခါကပင် အမျိုးသားခေါင်းဆောင်ကြီးများက သိနားလည်ခဲ့ကြသည်။ ထို့အတွက်ကြောင့်ပင် အသက်ခန္ဓာစွန့်လျက် တိုင်းပြည်တိုးတက်အောင် ကြံဆောင်ခဲ့ကြသည်။

ငြိမ်းချမ်းမှသာ ဖွံ့ဖြိုးတိုးတက်

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး သေနတ်သံ၊ ဗုံးသံများစဲမှသာ တိုင်းရင်းသားအားလုံး၏ ညီညွတ်သော စုပေါင်းအင်အားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်မည်။ ပြည်ထောင်စုကြီးငြိမ်းချမ်း နေမှသာလျှင် လူတိုင်းလက်လှမ်းမီနိုင်သည့် ဘက်စုံပညာရေးစနစ်အတွက် အကောင်အထည် ဖော်ခြင်းလုပ်ငန်းများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မည်။ ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသော လူငယ်များကိုလည်း အင်ပြည့်အားပြည့် ပြုစုပျိုးထောင်နိုင်မည်။ MSME လုပ်ငန်းများ အပါအဝင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများသည်လည်း ပို၍တိုးတက်လာနိုင်ပေမည်။ ဆိုရလျှင် အားလုံး၏ အခြေခံပြည်ထောင်စုတစ်ဝန်း ငြိမ်းချမ်းမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ပေမည်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပေသည်။ ရှိထားပြီးသော အင်အားများဖြင့် တပ်မတော် အင်အားပြည့်ဝအောင်ဖန်တီးရပေမည်။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိပေမည်။ တပ်နှင့် ပြည်သူ ညီညွတ်စွာလက်တွဲကြရပေမည်။ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ညီညွတ်မှုစွမ်းအားဖြင့် ပြည်ထောင်စုကြီးငြိမ်းချမ်းစေဖို့ ဝိုင်းဝန်းအဖြေရှာနေကြချိန်တွင် ဥပဒေမဲ့ အဖျက် အမှောင့်သမားများကို ထိထိရောက်ရောက် နှိမ်နင်းရပေမည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများအလုံးစုံမချုပ်ငြိမ်းသရွေ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးက အရှိန်အဟုန် နှေးကွေးနေမည်ဖြစ်သောကြောင့် အရေးကြီးပြီ သွေးနီးကြစို့ဟု တိုက်တွန်း ရင်း (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုအပ်ပါသည်။     ။