ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဥတ္တရသီရိမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူပွဲကျင်းပ

နေပြည်တော် ဇွန် ၂၇

 

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေးလုပ်ငန်း တစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ Bill Board များကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဥတ္တရသီရိခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဥတ္တရသီရိမြို့နယ်၊ ရာဇဌာနီလမ်းနှင့် မန္တလေးလမ်းထောင့်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်၊၊

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် အသိပညာပေး Bill Board ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များကို ဂုဏ်ပြုဆုငွေများပေးအပ်၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်က အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအပြီးတွင် တာဝန်ရှိသူများက ခရီးသွားပြည်သူများထံ သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ကောက်ယူမည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း စာရင်းကောက်ကွက်ပေါင်း (၂၆၀၀)ကျော်ကို စာရင်းစစ်၊စာရင်းကောက် (၁၁၀၀)ကျော်ဖြင့် ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်