ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်(၈)မြို့နယ်နေ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဖြန့်ချိရောင်းချလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၂

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်(၈)မြို့နယ်သို့ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက တနင်္လာနေ့မှ သောကြာနေ့အထိနေ့စဉ် မြို့နယ်များအတွင်း ဈေးကားများဖြင့် လှည့်လည်၍ အလှည့်ကျရောင်းချ ပေးလျက်ရှိသည်။

 

နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တစ်ရက်လျှင် စားအုန်းဆီ ပိဿာ (၃၈၅၀) ခွဲတမ်းရရှိပြီး ရက်သတ္တပတ်(၁)ပတ်လျှင် ပိဿာ(၁၉၂၅၀)အား ဈေးကား(၇)စီးဖြင့် စားသုံးသူ ပြည်သူများ လက်ထဲအရောက် ပုံမှန်ရောင်းချပေးလျှက်ရှိသည်။ ထို့ပြင် မှန်မှန်ကန်ကန် ရောင်းချခြင်း ရှိ/မရှိ စားသုံးသူ ရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးနှင့် မြို့နယ်စားသုံးဆီ ဖြန့်ချိရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက လိုက်လံစစ်ဆေးလျက်ရှိသည်။

 

စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ သက်သာသောဈေးနှုန်းဖြင့် လယ်ဝေးမြို့နယ်တွင် ပိဿာ (၃၃၀၀)၊ ပျဉ်းမနားမြို့နယ်တွင် ပိဿာ (၂၇၅၀)၊ ပုဗ္ဗသီရိမြို့နယ်တွင်  ပိဿာ(၂၂၀၀)၊ တပ်ကုန်းမြို့နယ်တွင် ပိဿာ (၄၉၅၀)၊ ဇမ္ဗူသီရိမြို့နယ်တွင် ပိဿာ(၄၄၀၀)၊ ဥတ္တရသီရိမြို့နယ်တွင် ပိဿာ(၁၁၀၀)၊ ဇေယျာသီရိ မြို့နယ်တွင် ပိဿာ (၅၅၀) ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သို့ အများပြည်သူအတွက် ပုံမှန်ဈေးဖြင့် ရောင်းချလျက်ရှိသော ကုမ္ပဏီများမှ ကိုယ်စားလှယ်ယူထားသော လက်လီလက်ကားဆိုင်များကလည်း နေ့စဉ်ပျမ်းမျှပိဿာ (၃၀၀၀၀)ကျော် လက်လီရောင်းချလျှက်ရှိသည်။

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နေပြည်တော်ကောင်စီ၏ လမ်းညွှန်ကြီးကြပ်မှု၊ ခရိုင်၊ မြို့နယ် စားသုံးဆီဖြန့်ချိရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏ အနီးကပ်ကြီးကြပ်မှုကြောင့် ရည်ညွှန်းဈေးနှုန်းဖြင့် ပုံမှန်ဝယ်ယူနိုင်ပြီး ဈေးကွက်တွင်လည်း စားအုန်းဆီများ ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)