ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့အတွင်း ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချ

နေပြည်တော် ဇူလိုင် ၁၀

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီး ဌာနတို့၏ ညှိနှိုင်းစီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့အတွင်း သစ်တောပြုန်းတီးနေရာ (၅) နေရာတို့တွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းကို ပြုလုပ်သည်။

 

၂၀၂၂ ခုနှစ်၊ မိုးရာသီ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်း ရေဝေရေလဲဧရိယာအတွင်း အထက်ဆင်သေကြိုးဝိုင်းရှိ နေရာ (၃) နေရာ၊ ဧရိယာ (၈၈ ဒသမ ၉၆) ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား (၈)မျိုးဖြစ်သည့် မြန်မာကုက္ကိုလ်၊ သင်္ဘောကုက္ကိုလ်၊ စစ်၊ မယ်ဇလီ၊ ဘောစကိုင်း၊ ဘုံမဲဇာ၊ မန်ဂျန်ရှားနှင့် ရေသကျည်း သစ်စေ့များ ပါဝင်သော သစ်စေ့မြေလုံး စုစုပေါင်း (၁) သိန်း ကြဲချခြင်း အစီအစဉ်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပတ်ဝန်းကျင်/ သစ်တောရေးရာ) ဦးထွန်းအုံ၊ နေပြည် တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

 

mdn

 

ဆက်လက်၍ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရေဝေရေလဲ ဧရိယာအတွင်း အင်းလေးအရှေ့ကြိုးဝိုင်းနှင့် အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစားများဖြစ်သည့် မယ်ဇလီ၊ ကုလားကုက္ကိုလ်၊ ယင်းမာ၊ ပျဉ်းမ၊ ရေသကျည်း၊ ဘောစကိုင်း၊ သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း (၂) သိန်း  ကြဲချရေးလုပ်ငန်းများ ဆောင်ရွက်ရာ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ သည်။

 

အလားတူ ၂၀၂၁ ပြည့်နှစ် မိုးရာသီတွင်လည်း တပ်မတော်လေ၏ ရဟတ်ယာဉ်အကူအညီ ကိုရယူ၍ သစ်စေ့မြေလုံးကြဲခြင်းကို ရှမ်းပြည်နယ်၊ အင်းလေးကန်ရေဝေရေလဲ ဧရိယာတွင်   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲ ဧရိယာတို့တွင်    ဆောင်ရွက်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေရေလဲဒေသနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အင်းလေးကန် ရေဝေရေလဲ ဒေသများတွင် သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှု အခြေအနေများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် နမူနာကွက်များ ပြုလုပ်၍ အပင်ပေါက်ရောက်မှု ကာလနှင့် သစ်စေ့မျိုး အလိုက် ပေါက်ရောက်ရှင်သန်နိုင်မှု စာရင်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်